ဖူဆယ်လိဂ်ချန်ပီယံ MIU အသင်း နိုင်ငံတကာပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ခွင့်ရရှိထား

နေပြည်တော်  ၁၈ ဖေဖော်ဝါရီ

 

၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် MIU အသင်းသည် ယခုနှစ်အတွင်းကျင်းပမည့် နိုင်ငံတကာ ပြိုင်ပွဲနှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

 

MIU အသင်းသည် ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သလို ၂၀၁၉ ခုနှစ်က ကျင်းပသည့် MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင်လည်း ဗိုလ်စွဲခဲ့သောကြောင့် အာရှအဆင့်နှင့် အာဆီယံအဆင့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

 

MIU အသင်းသည် MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရခဲ့သလို ဖူဆယ်လိဂ်တွင် ဗိုလ်စွဲခဲ့သောကြောင့် အာရှ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရမည်
ဖြစ်သည်။

 

သို့သော် MIU အသင်းအနေဖြင့် ယှဉ်ပြိုင်ခွင့်ရထားသည့် ပြိုင်ပွဲနှစ်ခုစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိ/မရှိ ပြန်လည်ဆုံးဖြတ်မည်ဖြစ်ပြီး အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို ဦးစားပေးယှဉ်ပြိုင်ဖွယ်ရှိနေသည်။

 

အာရှကလပ်ပြိုင်ပွဲတွင် ဖူဆယ်လိဂ်ချန်ပီယံ MIU အသင်း ယှဉ်ပြိုင်ခြင်းမရှိပါက ဒုတိယဆုရသည့် VUC အသင်းက အစားထိုး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ မြန်မာကလပ်အသင်းများသည် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ၂၀၁၅ ခုနှစ်၊ အာရှဖူဆယ်ကလပ်ပြိုင်ပွဲတွင် ၂၀၁၈ ခုနှစ်၌ စတင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး MIU အသင်းသည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် အာရှကလပ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခြင်းမရှိသောကြောင့် VUC အသင်းက နှစ်ကြိမ်စလုံး အစားထိုးယှဉ်ပြိုင်ခဲ့သည်။

 

MIU အသင်းသည် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် လေးကြိမ် ယှဉ်ပြိုင်ခဲ့ပြီး လေးကြိမ်စလုံး တတိယဆုရရှိခဲ့သည်။

 

MIU အသင်းသည် MFF ဖူဆယ်လိဂ်ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ပြိုင်ပွဲခုနစ်ကြိမ်တွင် ချန်ပီယံဆု လေးကြိမ်ရရှိကာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

 

MIU အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပပြီးစီးခဲ့သည့် ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် VUC အသင်းနှင့် ၆၂ မှတ်စီတူညီသော်လည်း အဝေးဂိုးစည်းမျဉ်းဖြင့် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

 

adwe2