ပို့ဆောင်ရေးနှင့် ကူးသန်းသွားလာရေးအတွက် အရေးပါသောတံတားများ

သိပ္ပံစာရေးဆရာကိုကိုအောင်

 

အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မြို့ပြလမ်းကွန်ရက်ကို စနစ်တကျ ဖောက်လုပ်ထားရန် လိုအပ်သလို တံတားကြီး ငယ်တို့၏ တည်ရှိနေမှုများနှင့် တည်ရှိနေပုံတို့ကလည်း အထူးပင် အရေးပါလှသည်။ မြောင်းကူးတံတား၊ ချောင်းကူးမြစ်ကူး တံတား၊ ကားလမ်းခုံးကျော်တံတား၊ ရထားလမ်း ခုံးကျော်တံတား၊ ပိုက်လိုင်းဖြတ်ကျော်တံတား၊ လူကူးခုံးကျော်တံတား စသော သမားရိုးကျ တံတားများကို မြို့ပြဒေသ အသီးသီး၌ တွေ့မြင်နိုင်ကျသလို သာမန်အားဖြင့် တွေ့မြင်နေကျမဟုတ်သည့် ကား လမ်းကို ဖြတ်ကျော်ရန်အတွက် တည်ဆောက်ထားသော ရထားလမ်းတံတား၊ ကားလမ်းကိုဖြတ်ကျော်ရန် တည်ဆောက် ထားသော လေယာဉ်ရွှေ့ပြောင်းမောင်းနှင်သည့် လေယာဉ်လမ်းတံတား၊ ကားလမ်းကို ဖြတ်ကျော်တည်ဆောက်ထားသော တူးမြောင်းရေလမ်းကြောင်းတံတား၊ မြစ်ချောင်းစသည်တို့ကို ဖြတ်ကျော်တည်ဆောက်ထားသော တူးမြောင်းရေလမ်းကြောင်း တံတား စသည်တို့ကိုလည်း ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၌ တွေ့မြင်နိုင်ကြသည်။


ထူးခြားသောတံတားများ
ပြင်သစ်နိုင်ငံ ပါရီမြို့အနီးရှိ ချားဒီဂေါ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတွင် လေယာဉ်စီးမည့် ခရီးသည်များအနေဖြင့် လေဆိပ် အဆောက်အအုံဆီသို့ မောင်းနှင်သွားရောက်ရာ ကားလမ်း၏အပေါ်တွင် အဆိုပါကားလမ်းကို ဖြတ်ကျော်တည်ဆောက် ထားသော လေယာဉ်လမ်းခုံးတံတားကို အထင်အရှား တွေ့မြင်နိုင်ကြသည်။ အဆိုပါ ကားလမ်းဖြတ်ကျော် လေယာဉ်လမ်းခုံး တံတားပေါ်မှ နိုင်ငံတကာသို့ ပျံသန်းထွက်ခွာကြမည့် လေယာဉ်များစွာနှင့် ဆိုက်ရောက်လာကြသည့် လေယာဉ်များစွာတို့သည် လေဆိပ်အဆောက်အအုံဆီသို့ ရွေ့လျားမောင်းနှင် ကြရာတွင်လည်းကောင်း၊ အားယူပျံတက်ရန်အတွက် လေယာဉ်ပြေးလမ်း မကြီးဆီသို့ ရွေ့လျားမောင်းနှင်ကြရာတွင်လည်းကောင်း နေ့စဉ် အစီးရေများစွာ၊ အခေါက်ရေများစွာ ဖြတ်သန်းလျက်ရှိ နေကြသည်။ မြင်ရခဲသော မြင်ကွင်းမျိုးလည်း  ဖြစ်သည်။


အလားတူပင် ဂျာမနီနိုင်ငံ၌လည်း တူးမြောင်း ရေလမ်းကြောင်းတစ်ခုအပေါ်တွင် ယင်းကို ကန့်လန့်ဖြတ်ထားသည့် အခြား သော တူးမြောင်းရေလမ်းကြောင်းတံတားကို တွေ့မြင်နိုင်သည်။ ပါရီမြို့ရှိ ချားဒီဂေါ လေဆိပ်မှာကဲ့သို့ပင် မြင်ရခဲသည့် ထူးဆန်း သောမြင်ကွင်းမျိုး ဖြစ်သည့်အတွက် နေ့စဉ်လိုလို ကမ္ဘာလှည့်ခရီးသည် အများအပြားတို့ လာရောက်ကြည့်ရှုလေ့လာ လျက်ရှိသည်။


တိုးတက်ဆန်းသစ်သော နည်းပညာများ

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာအရပ်ရပ်ရှိ တံတားကြီးငယ် အသွယ်သွယ်တို့သည် အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ကူးသန်းသွားလာရေးတို့ကို ကောင်းစွာ အထောက်အကူပြုလျက်ရှိကြသည်။ ဤမျှအရေးပါလှသော တံတားကြီးငယ်တို့ကို ယခင်က သမားရိုးကျနည်းပညာဖြင့်သာ တည်ဆောက်ခဲ့ကြသော်လည်း မျက်မှောက်ကာလ၌မူ ပို၍ခေတ်မီတိုးတက် ဆန်းသစ် သော နည်းပညာများဖြင့် တည်ဆောက်လျက် ရှိနေကြသည်။


တံတားထောက်တိုင်များကို အခြေချ တည်ဆောက်ရာတွင် ပိုင်ရိုက်စက်ဖြင့် ပိုင်တိုင်များကိုရိုက်သွင်းခြင်း၊ ကြိုတင်အားဖြည့် အောက်ခံပေါင်များ ပြုလုပ်တပ်ဆင်ခြင်း၊ ကွေးညွှတ်မှုနှင့် ကျုံ့ဝင်ဆန့်ထွက်နိုင်မှုတို့ကို စနစ်တကျ တွက်ချက်ထားသော သံမဏိ အောက်ခံပေါင်များကို အသုံးပြုခြင်းစသည့် ခေတ်သစ် နည်းပညာများဖြင့် တည်ဆောက် ထားသော တံတားအစင်းရေ များစွာတို့မှာ ကမ္ဘာတစ်ဝန်းလုံး၌ ဖြန့်ကြက်တည်ရှိနေကြ သည်။ အဆိုပါတံတားများအပေါ်မှ နေ့စဉ် ယာဉ်ရထားမျိုးစုံတို့က ဖြတ်သန်းမောင်းနှင် သွားလာလျက် ပို့ဆောင်မှုနှင့် ကူးသန်းရောင်းဝယ်မှုများကို ပြုလုပ်နေကြသည်။


ထိုကဲ့သို့ ဖြတ်သန်းမောင်းနှင်သွားလာ နေကြသော ယာဉ်ရထားမျိုးစုံတို့အပေါ်၌ စီးနင်းလိုက်ပါလာကြသူ အများစုတို့မှာ တံတားတစ်စင်း၏တန်ဖိုးကို မေ့မေ့လျော့ လျော့ဖြစ်နေကြသည်။ နေ့စဉ်ကြုံတွေ့ ဖြတ်သန်းနေရမှုကြောင့် အသစ်အဆန်း မဟုတ်တော့သည်ကတစ်ကြောင်း၊ တံတားတစ်စင်းကို တည်ဆောက်ရာတွင် စနစ်တကျ ကြိုတင်တွက်ချက်ရမှုများနှင့် တာဝန်ယူ တာဝန်ခံရမှုများကို လက်လှမ်းမမီ မသိရှိကြသည်က တစ်ကြောင်းတို့ကြောင့် တံတားတစ်စင်း၏ တန်ဖိုး၊ တံတားတည်ဆောက်ရသည့် နည်းပညာနှင့် တာဝန်ယူရမှုတို့အပေါ် အလေးထား မှု အားနည်းနေကြခြင်းဖြစ်သည်။


ခေတ်သစ်အမြင်ဖြင့်
ယနေ့မျက်မှောက်ကာလ၌ တံတား တစ် စင်းကို တည်ဆောက်တော့မည် ဆိုလျှင် ခေတ်သစ်အမြင်ဖြင့် ကြိုတင်ခန့်မှန်းတွက် ချက်ရန် အထူးပင် လိုအပ်လာသည်။ တိုးပွားလာမည့် မြို့ပြလူဦးရေ၊ တိုးတက်များပြား လာမည့် ယာဉ်ရထားအစီးရေ၊ တိုးမြင့်လာ မည့် သယ်ယူပို့ဆောင် ကူးသန်းသွားလာကြ သည့် ခရီးစဉ် အခေါက်ရေ၊ ချဲ့ထွင်လာရမည့် ယာဉ်ကြောများနှင့် လမ်း၏အကျယ်အဝန်း၊ တံတားချဉ်းကပ်လမ်းများ၏ လက်ရှိအနေအထားနှင့် နောင်တွင် ပြောင်းလဲလာမည့် အနေအထားများ၊ တံတားအောက်၌ ဖြတ်သန်းစီးဆင်းနေသည့် မြစ်ချောင်းတူးမြောင်းတို့၏ ပြောင်းလဲလာနိုင်သည့် အခြေအနေ၊ တံတားအောက်ရှိ ချောက်ကမ်းပါးတို့၏ ပြောင်းလဲလာနိုင်သော ဘူမိသွင်ပြင်အနေအထား စသည်တို့နှင့်အတူ တံတားပေါ်မှ ဖြတ်သန်း မောင်းနှင်ကြမည့် ဘတ်စ်နှင့် ဝန်တင်ကားကြီးများ၏ ပိုမိုမြင့်မားလာမည့် ဝန်တင်စွမ်းရည်၊ ပိုမိုမြင့်မားလာနိုင်သည့် အင်ဂျင်စွမ်းအား စသည်တို့ကိုပါ ကြိုတင်မျှော်တွေး မှန်းဆလုပ်ဆောင်ကြရန် လိုအပ်သည်။


ဒုတိယကမ္ဘာစစ် ဖြစ်ပွားပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်း၌ စက်မှုဖွံ့ဖြိုးမှု စတင်အရှိန် ယူလာစဉ် ကာလများက မြို့တွင်း သုံးတံတားများကို ဝန်ခံနိုင်အား ဆယ်တန်မှ တန်နှစ်ဆယ်အထိ တွက်ချက်တည်ဆောက်ခဲ့ကြသည်။ နှစ်ဆယ်ရာစု ကာလနှောင်းပိုင်းတွင် မြို့တွင်းသုံးတံတားများ၏ ဝန်ခံနိုင်ရည်အားက တန် ၃၀ အထိ တိုးမြင့်လာသည်။ ဝန်ခံနိုင်ရည် စွမ်းအားနိမ့်သော တံတားများကို ပြန်လည်ဖြိုဖျက်ကာ အသစ်တည်ဆောက်ခဲ့ကြသည်။


၂၁ ရာစုအတွင်းသို့ ချင်းနင်းဝင်ရောက် လာချိန်တွင် ခေတ်သစ်တံတားများ၏ ခံနိုင် ရည်က တန် ၆၀ အထိ ဖြစ်လာသည်။ ထိုမှ တစ်ဆင့် တန်ချိန် ၁၀၀ ကျော်အထိ ခံနိုင်ရည်ရှိသော အဆင့်မြင့်တံတားကြီးများကို ဖွံ့ဖြိုးပြီးနိုင်ငံများ၌ အပြိုင်အဆိုင် တည်ဆောက် လာကြပြန်သည်။


တံတားနှင့် ဝန်

ဖွံ့ဖြိုးဆဲနိုင်ငံတချို့နှင့် ဖွံ့ဖြိုးမှုနောက်ကျ သော နိုင်ငံများတွင်မူ များသောအားဖြင့် တန် ၆၀ နှင့် အောက်သာ ခံနိုင်ရည်ရှိသော တံတား များက အများစု ဖြစ်နေခဲ့သည်။ ယနေ့ခေတ်သစ် Container Truck များသည် ကုန် အလေးချိန် ၆၅၀၀၀ ကီလိုဂရမ် (၆၅တန်)နှင့်အထက် တင်ဆောင်မောင်းနှင်နိုင်အောင် မော်တော်ယာဉ် အင်ဂျင်နီယာများက စနစ် တကျ တွက်ချက် တပ်ဆင် ထုတ်လုပ်ပေး နေကြပြီဖြစ်ရာ မြို့တွင်းမြို့ပြင်သုံး တံတား များ၏ ဝန်ခံနိုင်ရည်အားကလည်း အနည်းဆုံး အားဖြင့် တန် ၇၀ နှင့်အထက် ရှိနေရတော့မည် ဖြစ်သည်။


အခြားတစ်ဖက်တွင်လည်း သတ်မှတ် ဝန်တင်အားထက်ပို၍ ဝန်ပိုတင်ဆောင် မောင်းနှင်နေကြသော အလေ့အထက ဖွံ့ဖြိုး မှုနောက်ကျသော နိုင်ငံများတွင် ရှိနေကြ သည်။ မူလ ကားထုတ်လုပ်သူတို့က သတ်မှတ်ပေးသော ဝန်တင်အား(Payload) က မည်သို့ပင်ရှိစေကာမူ သတ်မှတ်ထားသည့် ဝန်အားထက်ပိုသော ဝန်ကို တင်ဆောင်မောင်းနှင်နေကြလျက်ပင် ရှိနေကြရာ ထို ကဲ့သို့ ဝန်ပိုတင်ဆောင် မောင်းနှင်နေကြမှုအပေါ် ဝန်ပိုကြေး ဒဏ်ငွေကောက်ခံခြင်းနှင့် ယာဉ်ထိန်းရဲတို့က အကြောင်း အမျိုးမျိုးဖြင့် ဥပေက္ခာပြုနေကြခြင်းတို့ကလည်း ကုန်တင်ယာဉ်ကြီးများ၏ ဝန်ပိုတင်ဆောင် မောင်းနှင် နေခြင်းကို အားပေးအား‌မြှောက် ပြုနေကြ သကဲ့သို့ ရှိနေကြသည်။ ထိုအချက်က တံတား တည်ဆောက်သည့် အင်ဂျင်နီယာများကို စိန် ခေါ်နေသည့် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လျက်ရှိနေသည်။


လမ်းနှင့် တံတား ကွာခြားမှု

ဤနေရာတွင် လမ်းနှင့် တံတားတို့၏ ကွာခြားမှုကို သတိပြုကြရန်လိုအပ်သည်။ လမ်းတစ်လမ်း၏အပေါ်တွင် သတ်မှတ်ဝန် အားထက် ပိုမိုတင်ဆောင်မောင်းနှင်မှု များ ပြား လွန်ကဲလာပါက လမ်းသားမျက်နှာပြင် ပျက်စီးခြင်း၊ လမ်းပခုံးသားပျက်စီးခြင်း၊ မြေ ကျွံခြင်း စသည်လောက်အထိသာ ဖြစ်ပွားနိုင်သည်။


တံတားတစ်စင်း၏ ခံနိုင်ရည်အားထက် ကျော်လွန်တင်ဆောင် မောင်းနှင်ကြသော ကုန်တင်ယာဉ်များအပါအဝင် ယာဉ်ကြီးများ ၏ ဖြတ်သန်းမောင်းနှင်သည့် အစီးရေနှင့် အခေါက်ရေတို့ လွန်ကဲများပြားလာပါက တံတား၏ ဝန်ခံနိုင်ရည်အားအပေါ် ထိပါး ခံရမှုများလာကာ တစ်ချိန်ချိန်တွင် တံတားထိခိုက်ပျက်စီးမှုနှင့် တံတားပြိုကျမှုများ ဖြစ်ပွားလာနိုင်သည်။ ထိုအခါ လူ့အသက် အိုးအိမ် စည်းစိမ်တို့ကို ထိခိုက်ပျက်စီးစေလိမ့်မည် ဖြစ်သည်။


ဘေးကင်းသောစနစ် ဖြစ်ထွန်းရေး

ထို့ကြောင့်ပင် မြို့ပြသုံးတံတားများကို ဖြစ်စေ၊ အဝေးပြေးလမ်းတစ်လျှောက်ရှိ တံတားများကိုဖြစ်စေ ခေတ်နှင့်လျော်ညီ အောင် ပြုပြင်မွမ်းမံကြရာ၌လည်းကောင်း၊ ကြံ့ခိုင်မှု စစ်ဆေးဆောင်ရွက်ရာ၌လည်း ကောင်း၊ အသစ်တည်ဆောက်ကြရာ၌လည်း ကောင်း တံတား၏ မူလဝန်ခံနိုင်ရည်ကို ရေရှည်တည်တံ့အောင် အထူးအလေးထား ကာ စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်သည်။ အဆင့်မြင့်သောနည်းပညာ၊ အင်ဂျင်နီယာ တို့၏ စွမ်းရည်နှင့် အတွေ့အကြုံ၊ အရည် အသွေးစစ်မှန်သော ကုန်ကြမ်းများနှင့် အထောက်အကူပြုပစ္စည်းများ စသည်တို့ကို စနစ်တကျပေါင်းစပ် လုပ်ဆောင်သွားကြရ မည်ဖြစ်သည်။


အခြားတစ်ဖက်တွင်လည်း ကုန်တင် ယာဉ်ကြီးများကို တင်သွင်းရာ၌ မိမိနိုင်ငံရှိ လမ်းနှင့်တံတားများ၏ ခံနိုင်ရည်ရှိမှု အတိုင်း အတာများအပေါ် အခြေခံပြီး ကုန်တင်စွမ်းရည်ကန့်သတ်မှု၊ ဝန်ပိုတင်ဆောင် မောင်းနှင်မှုအပေါ် ထိရောက်စွာအရေးယူနိုင်သည့် နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းမှု၊ ပြဋ္ဌာန်းထားသည့်အတိုင်း အာဏာသက် ရောက်စေကာ ထိရောက်စွာ အရေးယူဆောင် ရွက်မှု၊ အစိုးရနှင့် ပြည်သူများ၊ လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကို လည်း ဟန်ချက်ညီညီ လုပ်ဆောင်သွားကြရမည် ဖြစ်သည်။


သို့မှသာလျှင် အသစ်အသစ်သော ခေတ်မီ တံတားကြီးများကို တည်ဆောက်နေချိန်တွင်ရှိနှင့်ပြီးဖြစ်သော တံတားကြီးငယ်တို့မှာ လည်း ရေရှည်တည်တံ့ ကြံ့ခိုင်ကြကာ ဘေးအန္တရာယ်ကင်းသော ပို့ဆောင်ရေးနှင့် ကူးသန်းသွားလာရေးစနစ် ဖြစ်ထွန်းရေးကို ထိရောက်စွာ ထောက်ကူပေးနိုင်လိမ့်မည် ဖြစ်ပေသည်။    ။