ပင်အိုရော်ရွက်

အနောက်အရပ်ဆီသို့ အိပ်တန်းပြန်နေကြသော ငှက်တစ်အုပ်ကို မြင်နေရသည်။ ပုစွန်ဆီရောင် နေလုံးကြီးကလည်း အနောက်ကျွန်းမှာ ဝင်လုလု။ ရိုးတံကျဲကျဲနှင့် ပင်အိုတို့ကလည်း ဟိုသည်ယိမ်းကာလှုပ်ရှားနေကြသည်။ နွေနှင့်အညီ တိုက်ခတ်လာသော လေများကလည်း အေးမြခြင်းမရှိ။ ရော်ရွက်တချို့မှာ မြေသို့သက်ဆင်းကာ လေရူးသယ်ဆောင်ရာဝဲပျံလျက်၊ တချို့ရော်ရွက်များကတော့ မိခင်ပင်ကိုင်းထက်မှာ မှီခိုနိုင်သမျှမှေးတင်ခိုတွဲလို့။ နွေလေရူးတို့သည် အမှန်ပင်ပူလောင်လွန်းလှသည်။

(၁)

“ကိုစက် အဆင်ပြေခဲ့လား”

“မပြေပါဘူးကွာ၊ မနေ့ကမှ တစ်ယောက်က လာယူသွားတာတဲ့”

“အဲဒါဆို ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ "

“မင်း ဘာမှမပူပါနဲ့။ ငါ အဆင်ပြေအောင် ကြည့်စီစဉ်မှာပါ။ ခု ဗိုက်ဆာလာတယ် ဘာဟင်းချက်လဲ"

“ပဲကွဲဟင်းရည်နဲ့ အငန်ကြော်၊ မန်ကျည်းရွက်သုပ်” ။

“အေး သွားပြီးခူးခပ်ယူခဲ့ကွာ၊ ဗိုက်အတော်ဆာနေပြီ။ စားကြရအောင်”

တကယ်တော့ ဦးစက်ဖေ ဗိုက်ဆာလွန်းလှသည် မဟုတ်။ ရင်ထဲမှာ လှိုက်၍ဟာနေသည်သာ သိသည်။ တစ်နေကုန် ခြေတိုအောင်သွားခဲ့ရသည်မို့ အဆာလွန်သွားတာလည်း ဖြစ်နိုင်သည်။ သားသုံးယောက်တို့၏ ဖခင်အရေးဆို ငိုဖို့သာသိသော ဇနီးသည် မမြရီ၏ ခင်ပွန်း။

ခုလည်း သားအလတ်ကောင်က မိန်းမတောင်းခိုင်းနေပြီ။ မိုးခေါင်သည်မှာ နှစ်နှစ်ရှိပြီမို့ စီးပွားရေးက ကျပ်တည်းလှသည်။ သည်ကြားထဲ ကုန်ဈေးနှုန်းကလည်း ဒုံးပျံကို သံပတ်ပေးလွှတ်တင်ထားသလို မြင့်တက်လွန်းလှသည်မို့ အစစအရာရာ ခြိုးခြံချွေတာနေရသည်။ ဆန်နှင့်ဆီကိုပင် အလျဉ်မီအောင် စုဆောင်းရသည်။ ဟင်းက ကြုံသလိုနှင့် ဖြစ်သလိုသာ စားလည်းဖြစ်သည်မဟုတ်လား။

မနက်ကတည်းက ငွေတိုးပေးသော အိမ်များသို့ သွားခဲ့သော်လည်း အဆင်မပြေခဲ့။ အတိုးနှုန်းက မတရားများလွန်းလှသည်။

မျက်စိမှိတ်ယူခဲ့ပြီးမှ မဆပ်နိုင်လျှင် ပို၍ ဒုက္ခများကြဖို့သာရှိတော့မည်။ ထို့ကြောင့် နောက်ဆုံးဆုံးဖြတ်ချက်တစ်ခုကိုသာလုပ်ဖို့ စိတ်ပိုင်းဖြတ်ကာ ပြန်လာခဲ့သည်။ ဇနီးသည် မမြရီနှင့် သားငယ်ကိုပြောလျှင် အကြောက်အကန် ငြင်းဆန်ကြမှာသေချာသည်။ သို့သော် မတတ်နိုင်။ ကိုယ်တွေကသားရှင်၊ သားမျက်နှာမငယ်ရအောင်တော့ မင်္ဂလာပွဲလေးကို တင့်တောင်းတင့်တယ်ဖြစ်အောင်တော့ လုပ်ပေးရမည်။

“ကိုစက်ဖေ.. ကိုစက်ဖေ”

“အင်...ဟင်..ဘာပြောလိုက်တာလဲ မြရီ”

“တော့်မလည်းနော် ဘာတွေများဒီလောက်တွေးနေရတာတုန်း။ ထမင်းပွဲရောက်နေတာ ကြာလှပြီ။ ကျုပ်ပြောနေတာလည်း ဂရုမစိုက်ဘူး”

“အေးပါကွာ .. ဒါနဲ့ မြရီ သားငယ်ရော ”

“နွားတဲထဲမှာ နွားစာကျွေးနေလေရဲ့တော်၊ သူ့နွားတွေကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်မဝရှုမဝ ဖြစ်နေတာ”

“အေး ငါမင်းနဲ့ သားငယ်ကို ပြောစရာရှိတယ်။ သားငယ်ကို ခေါ်လိုက်ပါဦးကွာ”

သားငယ်ကိုပြောရမယ့် စကားတွေကို ခေါင်းထဲမှာစီရင်း ဦးစက်ဖေ သက်ပြင်းမောကြီးကို ရှည်လျားစွာချမိသည်။ ခုလိုလုပ်ရပ်က သားငယ်ကို များစွာနာကျင်စေမိမှာကိုသိသည်။ ဒါပေမယ့် ကမ္ဘာမီးလောင်လို့ သားကောင်ချနင်း သည်ဟုသာ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လိုက်တော့သည်။

 

(၂)

“အဖေတို့ မတရားဘူးဗျာ၊ ညီလတ်ကျတော့ မင်္ဂလာဆောင်ပေးတာ ဟီးထနေတာပဲ။ ကျွန်တော့်တုန်းက အဖြစ်ပဲလုပ်ပေးတယ်”

“ဟဲ့ သားကြီး မင်းဘယ်လိုပြောလိုက်တာလဲ။ မင်းအလှည့်တုန်းကလည်း မင်းအဖေ မဖြစ်ဖြစ်အောင် လုပ်ပေးခဲ့တာပဲ။ မင်းသာ သားအကြီးဆုံးဖြစ်ပြီး မင်္ဂလာဆောင်ပြီးကတည်းက မိန်းမနောက်လိုက်သွားလိုက်တာ အိမ်တောင် ဘယ်နှခေါက်ပြန်ခဲ့သလဲ။ ခုမှ စကားနာလာထိုးမနေနဲ့ "

ဒေါ်မြရီစကားကြောင့် သားကြီးမှာ ပါးစပ်ပိတ်သွားသော်လည်း မျက်နှာအမူအရာမှာ သိပ်မကျေနပ်လှ။ ဦးစက်ဖေရဲ့ သားတွေအပေါ်ထားတဲ့မေတ္တာတရားကို အသိရှိဆုံးမို့ ဖခင်အပေါ် ကက်ကက်လန်ရန်တွေ့နေသည်ကိုတော့ ဒေါ်မြရီ သည်းမခံနိုင်ပါ။ ဒီသားတွေအတွက် အရာရာပေးဆပ်ဖို့ အသင့်ဖြစ်နေတဲ့ ခင်ပွန်းကိုလည်း လေးစားအားကိုးသည်က တစ်ဝက်၊ သနားသည်က တစ်ဝက်။ ဒီအိမ်မှာ မီးဖိုချောင်အရေးကအစ ခင်ပွန်းသည်ကသာ အဆင်ပြေအောင် ရှာဖွေပေးခဲ့သည်။

“မိန်းမအိမ်လိုက်ရတာပေါ့ အမေ၊ အမေတို့က သားကို ဘာများထောက်ပံ့ပေးနိုင်လို့လဲ။ ကျွန်တော့်မှာ မိန်းမအိမ်ကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ လိုက်သွားရတာ ဘယ်လောက်မျက်နှာငယ်ရလဲ”

“ကိုကြီး တော်တော့ဗျာ၊ ကိုကြီးမင်္ဂလာဆောင်တုန်းကလည်း ယာတစ်ကွက်ရောင်းပြီး လုပ်ပေးခဲ့ရတာ။ ကြီးကြီးကျယ်ကျယ်ကြီး လုပ်မပေးနိုင်ပေမယ့် ကိုကြီးမျက်နှာမငယ်ခဲ့ရပါဘူး။ ကိုကြီးသာ အလုပ်လည်းရ မိန်းမ လည်းရ အဖေနဲ့အမေကို ဘာတွေကျေးဇူးဆပ်ခဲ့ရလဲ ပြန်တွေးကြည့်စမ်းပါ။ ခု ကိုလတ်အတွက်လည်း ကျွန်တော့်အချစ်ဆုံး နွားကြီးတစ်ရှဉ်းကို ရောင်းလိုက်ရတာဗျ။ အဲဒါ ကိုကြီးတို့ သိလား အီး ဟီး ...”

ပြောရင်း ဝမ်းပန်းတနည်းငိုနေသော သားငယ်ကိုကြည့်ရင်း ဦးစက်ဖေနှင့်ဒေါ်မြရီမှာ ရင်နှင့်ကြရသည်။ သားလတ်ကလည်း တစ်ဦးတည်းသောသမီးကို ယူမိသောကြောင့် ဆံထုံးနောက်သျှောင်ပါသွားချေပြီ။

စီးပွားအမွေမပေးနိုင်၍ သားတွေကို ပညာအမွေတော့ရအောင်ပေးမည်ဟု ကြုံးဝါးခဲ့ကြသည်။ တကယ်တမ်းကျ ထင်သလိုမလွယ်ကူခဲ့ပါ။ ဘွဲ့ရအလုပ်တစ်ခုရအောင်သာ ပံ့ပိုးပေးနိုင်ခဲ့သည်သာ။ မိဘတို့မည်သည် သားသမီးတို့အတွက် အပေးသာရှိ အယူမရှိလိုကြသူများ ဖြစ်သည်။ သားကြီးစကားကြောင့် ဦးစက်ဖေ နှင့်ခနဲ ခံစားလိုက်ရသည်။

“ကဲ တော်ကြပါတော့ သားတို့ရာ၊ အဖေတို့ အပြည့်အဝ မထောက်ပံ့ပေးနိုင်လို့ စိတ်မကောင်းဖြစ်ရတယ်။ ဒီထက်ပိုမလုပ်ပေးနိုင်လို့လည်း အဖေတောင်းပန်တယ်။ ဒါပေမယ့် အဖေ မင်းတို့ကို တစ်သက်စားမကုန်တဲ့ ပညာအမွေကိုတော့ ပေးခဲ့ပါတယ်”

“အဖေ ဘာမှတောင်းပန်စရာမလိုဘူး။ ကိုကြီးတို့၊ ကိုလတ်တို့ လွန်တယ်ဗျာ။ ဘွဲ့ရ အလုပ်ရလို့မှ မိဘကိုလုပ်မကျွေးရသေးဘူး။ မိန်းမ တန်းယူကြတာ။ ပြီးတော့ ကျေးဇူးမသိ ခြေရာတိုင်းချင်ကြသေး။

သူ့ကျ ဘယ်လို၊ ငါ့ကျဘယ်လိုနဲ့။ မိသားစု ညီအစ်ကိုဆိုတဲ့အတွေးတွေ မတွေးမိကြဘူးလား။ ပြန်ကြတော့ဗျာ။ အဖေနဲ့ အမေ့ကို ထပ်မနှိပ်စက်ကြပါနဲ့တော့”

“ဟေ့ကောင် မင်းဘာပြောတာလဲ။ အငယ်က အငယ်လိုနေစမ်း။ မင်းအလှည့်ကျ ကြည့်ရသေးတာပေါ့ကွာ”

“သားငယ် တော်တော့

ဦးစက်ဖေ သားငယ်ကို ဟန့်တားလိုက်သည်။ နည်းလမ်းမကျသည်က တစ်ပိုင်း။ အငယ်က အကြီးကို ပြန်ပြောနေတာကိုတော့ မနှစ်သက်ပေ။ သားငယ်သည် ဖခင်စကားကြောင့် ပါးစပ်ပိတ်လိုက်ရသော်လည်း လက်သီးကိုဆုပ်ထားသည်။ အသက်ရှူသံပြင်းနေတာကြည့်ရင် သားငယ်ဘယ်လောက်စိတ်တိုနေသည်ဆိုတာ သိသာလှသည်။ သားကြီးကတော့ သူပြောချင်တာပြောပြီး ပြန်သွားလေပြီ။

ကိုစက်ဖေရယ်... ကျုပ်တော့ သေသာသေလိုက်ချင်တော့တယ် ”

“မင်းကလည်းကွာ ”

 

(၃)

နေပူနေရာမှ ရုတ်ချည်းဆိုသလို မိုးသားတိမ်လိပ်တွေ မည်းမှောင်လာသည်။ နှံပြူ စို့ကာစ စပါးခင်းထဲက ပေါင်းမြက်တွေကို သားအဖနှစ်ယောက်နုတ်နေကြရင်း မိုးစက်တွေက ဟောဒိုင်းကျလာသည်။ မိုးခေါင်ပြီး နှစ်နှစ်ကျော်ကြာမှ မိုးရွာခဲ့သည်မို့ ဒီနှစ်တော့ စပါးကောင်းကောင်းစိုက်ခွင့်ရသည်။ ဦးစက်ဖေမှာ ပီတိတွေဖြင့် ပျော်မဆုံးတော့ပေ။

အဖေ သွားကြစို့။ မိုးတွေကျလာပြီ။ တော်ကြာ အဖေဖျားနေပါ့မယ်။ မပြီးသေးတာတွေ မနက်ဖြန်မှ သားဆက်နုတ်လိုက်မယ်

ဒါဆိုလည်း သွားကြမယ်သားရေ။ ငါ့သားလည်း ပင်ပန်းလှပါတယ်။ အဖေရော ကူမှာပေါ့ကွာ ”

ဦးစက်မှာ သားအငယ်ရဲ့ မိဘအပေါ်သိတတ်မှုကြောင့် ဝမ်းသာရသည်။ ဘာဖြစ်ဖြစ် ဒီသားတစ်ယောက်ကတော့ သူတို့ကိုပစ်မထားဟု ထင်သည်။ ခိုင်းနွားကြီးနှစ်ကောင်လည်း မရှိတော့သည်မို့ တခြားသူဆီက နွားကို စပါးပေါ်ပေး၍ခိုင်းရသည်။ လက်ဖြင့် လုပ်၍ရသလောက် သားအဖနှစ်ယောက် ကြိုးစား၍လုပ်ကြသည်။ အတတ်နိုင်ဆုံး မငှားရမ်းရအောင် လုပ်ကြသည်။ စပါးအောင်လျှင် စိတ်အေးရမည်။ ကျန်သည်က သူ့ဟာနှင့်သူ အဆင်ပြေအောင် စားသောက်သွားရုံပင်။ မိဘတွေကိုငဲ့၍ ပညာရေးတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ကာ လယ်ယာအလုပ်ထဲ ဝင်ကူနေသော သားငယ်အတွက်တွေးမိတိုင်း ဦးစက်ဖေ စိတ်မကောင်းဖြစ်ရသည်။

ဟာ ဒီသားအဖတွေ ပြန်လာကြပြီလား။ ကျုပ်မယ် မိုးတွေကျကတည်းက စိတ်ပူပြီးမျှော်နေတာ။ မိုးရေတွေလည်း ရွှဲလို့။

ရေတစ်ခါတည်းချိုးလိုက်ကြ။ ပြီးရင် ထမင်းစားဖို့ ထမင်းခူးထားလိုက်တော့မယ်

ဘာဟင်းလဲ အမေ

အမလေး ငါ့သားအကြိုက် ရွာတောင်ပိုင်းက အေးဘုံမ ငါးမြိတ်ဆိတ်လေးတွေ လာရောင်းတာနဲ့ ဝယ်ထားလိုက်တာ။ အဲဒါလေးကို ပင်စိမ်းမွှေးမွှေးလေးနဲ့ အိုးကပ်ချက်ရယ်။ ခရမ်းချဉ်သီးမီးဖုတ်ထောင်းရယ်၊ ပဲနီလေးဟင်းရည် ချက်ထားပါတယ်တော်

ကဲ အဖေရေ သားတော့ ဗိုက်ကအသံပေးနေပြီ။ ရေမြန်မြန်ချိုးကြစို့ဗျာ ”

 

(၄)

တပေါင်းလေရူးသည် ကလူကျီစယ်ပြုနိုင်လွန်းလှသည်။ ဝေ့ကာဝိုက်ကာဖြင့် တိုက်နေသည်မှာ ရော်ရွက်တို့အတွက် ဝမ်းနည်းစရာပင်။

လယ်ကွက်တို့တွင် စပါးများရိတ်သိမ်းပြီးသည်ဖြစ်၍ ရိုးပြတ်တို့ဖြင့် တစ်မျိုးပင်ကြည့်ကောင်းနေတော့သည်။ ဒီနှစ်တစ်ရွာလုံးလိုလို စပါးအောင်ကြသည်။ စပါးရိတ်သိမ်းချိန်က သူ့လယ် ကိုယ့်လယ် လက်စားလိုက် ရိတ်သိမ်း ကြရသည်မှာ ပျော်စရာကောင်းလှသည်။

အိမ်တလင်းအရောက် ခြွေကြလှေ့ကြ၊ စပါးသွင်းကြဖြင့် တောင်သူတို့မှာတပြုံးပြုံး။ အလှူအတန်းလုပ်ဖို့ တာဆူနေကြပြီ။ ဆောင်းအကုန် နွေအကူးမို့ လေပြည်သယ်ဆောင်ရာတွင် ကောက်နံ့ရိုးပြတ်နံ့တို့ဖြင့် ကြိုင်လှိုင်မွှေးပျံ့နေသည်။ အိမ်ရှေ့ မည်စည်ပင်ရိပ်အောက် ကွပ်ပျစ်ထက်တွင် သားအမိသားအဖ သုံးယောက်သား ငြိမ်သက်နေကြသည်။ ညနေလေနုအေးတို့က မည်စည်ရွက်တို့ကို ဖြိုးဖြိုးဖြောက်ဖြောက် တိုးဝင်တိုက်ခတ်သွားကြ သည်။

စိတ်မညစ်ပါနဲ့ ငါ့သားရာ။ ဦးမောင်တို့ တောင်းတဲ့ မင်္ဂလာကြေးကလည်း ခေတ်နဲ့ ကြည့်ရင်မများပါဘူး။ ပြီးတော့ ညိုဝါဖြူလေးကလည်း ပညာတတ်ဘွဲ့ရ ကျောင်းဆရာမလေး။ ဂုဏ်လည်းရှိသလို အိနြေသိက္ခာနဲ့ပြည့်တဲ့ မိန်းကလေး။ ငါ့သားကို ရွေးချယ်တယ်ဆိုကတည်းက တကယ့်ကိုမေတ္တာသက်ဝင်လို့။ အဖေတို့က ဝမ်းသာနေတာ။ သမီးလေးတစ်ယောက် ရတော့မယ်မဟုတ်လား။ ပျော်ပျော်နေစမ်းပါ ငါ့သားရာ။ အဖေတို့မှာ တင်တောင်းပေးနိုင်တဲ့ အင်အားရှိပါသေးတယ်ကွ

ဟုတ်တယ် သားရဲ့။ အမေတို့မှာ ငါ့သားလေးပဲရှိတော့တာ။ ခုသားလေးလက်ထပ်ရမယ့် ညိုဝါဖြူလေးဆို အမေအရင်ကတည်းက ချစ်ပြီးသား။ အလိမ္မာအိမ်ပါလေးမို့ သားမင်္ဂလာဆောင်ကို တင့်တင့်တယ်တယ်ဖြစ်အောင် အမေတို့စီစဉ်ပေးမယ် ဟုတ်ပြီလား

“ဒါပေမယ့် အမေရယ် သားတို့အခြေအနေနဲ့

တော်ပြီ သား ... ဆက်မပြောနဲ့တော့

ဦးစက်ဖေ ဒေါ်မြရီနှင့် တိုင်ပင်ပြီးသားဖြစ်သည်။ အခက်အခဲတွေကြားမှ အကောင်းဆုံးနည်းလမ်းကို စဉ်းစားရသည်။ ကိုယ်တွေက ဘဝရဲ့နေဝင်ချိန်အပိုင်းတွေကို ချင်းနင်းဝင်ရောက်နေရပြီမဟုတ်လား။ ချိုတစ်လှည့် ခါးတစ်လှည့် ဘဝမျိုးစုံကို ခံစားခဲ့ရပြီးပြီ။

သားလေးက အသက်ငယ်ငယ်နဲ့ ဘဝရဲ့ခါးသက်မှုတွေကို ခံစားခဲ့ရသည်။ ဒီတစ်ခါတော့ သားလေးဘဝကို ချိုမြိန်စေချင်သည်။ ချစ်ခြင်းမေတ္တာမှာ သက်ဝင်မွေ့လျော်စေချင်သည်။

ပင်အိုရော်ရွက်တွေဆိုတာ ဘယ်လောက်ပဲ မိခင်ပင်အိုကြီးကိုချစ်ခင်ပါစေ ရွက်သစ်တို့နဲ့ဝေဆာလှပစေဖို့ ကြွေကိုကြွေဆင်းပေးရမည်။ ဒါ လောကနိယာမ။ ရွက်သစ်လေးတွေဆိုသည်ကလည်း အားလုံးနုရွအနာအဆာကင်းကြသည်မဟုတ်။ ပိုးကိုက်ရွက်လေးတွေလည်း တစ်ခါတစ်ရံ ပါလာတတ်ကြသည်။ ပင်အိုရော်တွေကတော့ ရွက်နုသစ်လေးတွေဝေဖို့ အစွမ်းကုန် မြေသို့သက်ဆင်းပေးခဲ့ကြသည်သာ။ အတ္တကင်းသည်။ မျှော်ကိုးမှုကင်းသည်။

နေစားနေသော ချည်ထည်အင်္ကျီလက်ရှည်ရဲ့ ဝဲဘက်ရင်ဘတ်ပေါ်က အိတ်ကပ်ကိုစမ်းမိတော့ ဦးစက်ဖေသက်ပြင်းကို သဲ့သဲ့ချမိသည်။ ထို့နောက် စိတ်ညစ်စရာတွေကို အတွေးထဲမှ မောင်းထုတ်ရင်း ညနေခင်းရဲ့ လေနုအေးအေးကို အားပါးတရ ရှူရှိုက်ပစ်လိုက်သည်။ သားသမီးတို့အတွက်ဟု တွေးမိလိုက်သည်နှင့် ငြိမ့်၍စီးဆင်းလာသော ချစ်ခြင်းမေတ္တာတို့သည် အခက်အခဲတို့ကို ကျော်လွှားပစ်နိုင်သည်အထိ ကြီးမားလာကြသည်။

လေးဧက ကျယ်ဝန်းသောလယ်ကွက်လေးကို တစ်ဝက်ပိုင်းရောင်းဖို့ မြေဂရန်စာရွက်လေးကတော့ ဦးစက်ဖေ၏ ဝဲဘက်ရင်ဘတ်ပေါ်က အိတ်ကပ်ထဲမှာ ငြိမ်သက်လို့။ မည်စည်ပင်အောက်က ကွပ်ပျစ်ပေါ် ပက်လက်လှန်လှဲချရင်း ကောင်းကင်ကြီးကိုမော့ကြည့်မိသည်။ ရိုးတံကျဲကျဲနှင့်ရွက်ဟောင်းတို့သည်ပင် ကိုင်းထက်မှာ မှေးတင်ခိုတွဲနေကြလျက် ကြွေကျဖို့ အသင့်ပြင်နေကြတော့သည်။

မေပျို