ပင်လောင်း၊ကျောက်မဲနှင့်တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  ၅   ဇူလိုင်

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၄ ရက်နံနက် ၁၁ နာရီခွဲက ပင်လောင်းမြို့နယ်၊ ဖိုကုန်းကျေးရွာ၊ လိန်းလီကြိုးတံတားတွင် မြမင်းသူ(ခ) ဇင်မင်းကို မောင်းနှင်လာသည့် Alphard အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၁၆,၂၃၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၉၉,၄၀၀၊ အိုက်စ် ၅ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ ည ၇ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ကျောက်မဲမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် လှိုင်မိုးဝင်း မောင်းနှင်ပြီး မိုးအောင်(ခ) ကျော်လှိုင်စိုး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃,၃၀၀၊ မြန်မာငွေကျပ် ၄၂,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊  ထို့အတူ ယင်းနေ့မွန်းလွဲပိုင်းက  လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအုပ်စု၊ ဟွေပူကျေးရွာ၏အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့်အကွာတွင် စိတ်ကြွရူးသွပ် ဆေးပြား ၁၀၉,၈၀၀၊ ပစ္စတို ၂ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၎င်းကျည် ၂၄ တောင့်၊ ပြောက်ကျားပစ္စတိုအိတ် ၁ အိတ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  ရဲပြန်ကြားမှ သိရသည်။

 

(သတင်းစဉ်)