ပွင့်ဖြူမြို့၌ ပြည်သူများ အားလပ်ချိန်တွင် အပန်းဖြေနိုင်ရန်နှင့် ကျန်းမာရေးအထောက်အကူပြုစေရန် အားကစားလေ့ကျင့်ခန်းပစ္စည်းများ တပ်ဆင်ဆောင်ရွက်ထားရှိပေး

ပွင့်ဖြူ   ၂၈   နိုဝင်ဘာ     

 

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အားလပ်ချိန်များတွင် စိတ်အပန်းဖြေနိုင်ရန်နှင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ဦးဆောင်မှုဖြင့် နိုဝင်ဘာ ၂၈ ရက် ၊ ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူ - စလင်း - မင်းဘူး - မကွေး သွားကားလမ်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် အားကစားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည့်နေရာတစ်ခု စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

 

           

အဆိုပါ အားကစားလေ့ကျင့်ခန်းပစ္စည်းများတွင် ကျန်းမာရေးအတွက် အားကစားလေ့ကျင့်ခန်း(၁၁)မျိုး ပြုလုပ်နိုင် သည့် အားကစားပစ္စည်းများ ပါဝင်ကြောင်း သိရပြီး မြို့နယ်အတွင်းရှိ ပြည်သူများ အားလပ်ချိန်များတွင် စိတ်အပန်းဖြေနိုင် ရန်နှင့် အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အပံ့ရရှိစေရန် ရည်ရွယ်၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ၏ ဦးဆောင်မှုဖြင့် နန့်ခမ်းမြို့မှ (GSY – Golfer) ညီအစ်ကိုများ ၊ ပွင့်ဖြူမြို့၊ တိမ်အလှ လျှပ်စစ်ကုမ္ပဏီ ၊ ဆောက်လုပ်ရေးကုမ္ပဏီနှင့် စေတနာအလှူရှင်များ၏ စုပေါင်းထည့်ဝင်လှူဒါန်းငွေကျပ် ၂၄ သိန်း ဖြင့် ဝယ်ယူတပ်ဆင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ အားကစားလေ့ကျင့်ခန်းပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဌ ဦးအောင်မျိုးဆက် ဦးဆောင်သော စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စုပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

           

ပွင့်ဖြူမြို့၌ ပြည်သူများ အားလပ်ချိန်များတွင် စိတ်အပန်းဖြေနိုင်ရန်နှင့် ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေရန် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်၍ မည်သူမဆို လာရောက်အပန်းဖြေ အားကစားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ထံက သိရသည်။ 

 

 

ရဲဝင်းနိုင် ( ညောင်ဦး )