ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေပြည့်အမှတ်ထက် တစ်ပေနဲ့ ၇ လက်မခန့် ဆက်လက်ရေကျော်ကျလျက်ရှိ

ပွင့်ဖြူ ၂၇ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသ မိုးရွာသွန်းမှု အားကောင်းခဲ့သည့်အတွက် တမံအတွင်း ရေဝင်ရောက်မှုရှိခဲ့ပြီး စက်တင်ဘာ ၂၅ ရက်က စတင်ကာ တမံရေပြည့်အမှတ်ဖြစ်သည့် ပေ ၃၄၀ အထက် ရေပိုလွှဲမှ တစ်ပေခန့် ရေကျော်ကျလျက်ရှိခဲ့ရာမှ ယနေ့ နံနက် ၆ နာရီ  တိုင်းထွာချက်အရ ယင်း တမံရေပြည့်အမှတ်ထက် ရေပိုလွှဲမှ တစ်ပေ နဲ့ ၇ လက်မခန့် ဆက်လက် ရေကျော်ကျလျက်ရှိနေကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင် ထံက သိရသည်။

 

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေ မှီခိုအားထားရသော အဓိက တမံတစ်ခုဖြစ်သည်။ အထက်ပိုင်းဒေသ မိုးရွာသွန်းမှုအားကောင်းခဲ့သည့်အတွက် တမံအတွင်း ရေဝင်ရောက်မှု တိုးလာခဲ့ရာ သတ်မှတ်ထားသော တမံရေပြည့်အမှတ် ပေ  ၃၄၀ ထက် ရေပိုလွှဲမှ ရေကျော်ကျနေသဖြင့် ကြီးအုံကြီးဝတမံမှ ဦးစီးအရာရှိ ဦးထွန်းလွင်နှင့် ဝန်ထမ်းများအဖွဲ့က တမံအောက်ဘက်တွင်ရှိသော ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန်အတွက် ကြိုတင်စီမံခန့်ခွဲမှုအဆင့်(၁)အဖြစ် သတ်မှတ်ပြီး အစိမ်းရောင်အလံများ စိုက်ထူ၍ အသိပေးနှိုးဆော်ခြင်း၊ တမံရေပိုလွှဲမှ ရေကျော်ကျနေမှုနှင့် ပတ်သက်ပြီး အသိပေးရှင်းလင်းဆွေးနွေးမှုများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။

 

ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ကြီးအုံကြီးဝတမံ၏ သတ်မှတ်ထားသော ရေပြည့်အမှတ်ဖြစ်သည့် ၃၄၀ ပေ ထက် တစ်ပေနဲ့ ၇ လက်မခန့် ဆက်လက်ရေကျော်ကျလျက်ရှိနေပြီး အဆိုပါ ရေကျော်ကျနေမှုမှာ ဒေသခံ ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိသေးကြောင်းနှင့် ရေပိုလွှဲမှ ရေကျော်ကျနေမှုများနှင့် ပတ်သက်ပြီး ပြည်သူများ သိရှိနိုင်ရန် အချိန်နဲ့ တစ်ပြေးညီ အသိပေးနှိုးဆော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင်က ပြောသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)