ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာနေပြည်သူများ စုပေါင်း၍  မင်းဘူး(စကု)မြို့နယ် အိုးပြင်မဲကျေးရွာရှိ မီးဘေးသင့် ပြည်သူများအား ဆန်နှင့် အိမ်အသုံးဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ပွင့်ဖြူ  ၁၉ ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာ အုပ်ချုပ်ရေး ဦးဇော်လင်းထွန်း ဦးဆောင်၍ ရပ်မိရပ်ဖများက ကျေးရွာနေပြည်သူများ စုပေါင်းထည့်ဝင် လှူဒါန်းငွေကျပ်  ၇ သိန်းတန်ဖိုးရှိ ဆန်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများ သွားရောက်ကူညီ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

5297


  
အဆိုပါ မင်းဘူး(စကု)မြို့နယ် အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာသည် ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅ နာရီခန့်က တောမီးလောင်မှုဖြစ်ပွားရာမှတစ်ဆင့် ကျေးရွာတွင်းရှိ လူနေအိမ်အလုံး ၇၀ ခန့် မီးကူးစက်လောင်ကျွမ်းခဲ့ကာ အိမ်ထောင်စု ၇၆ စု၊ မီးဘေးသင့်အိမ်ထောင်စု လူဦးရေ စုစုပေါင်း ၂၆၉ ဦး မီးဘေးသင့်ခဲ့ရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယာယီကယ်ဆယ် ရေးစခန်းဖွင့်လှစ်ထားရှိ၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးထားကြောင်း သိရပြီး မြို့နယ်အတွင်းရှိ စေတနာ အလှူရှင်များ၊ ရပ်ဝေးရပ်နီးမှ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များက အိုးပြင်မဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား နေရေးထိုင်ရေး၊ စားရေးသောက်ရေး အဆင်ပြေစေရေး လာရောက်ကူညီလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။ 

 

6732

 

မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်သွားနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်လက်ခုပ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း၏ ဦးဆောင်မှုဖြင့် ကျေးရွာရပ်မိရပ်ဖများက အိုးပြင်မဲကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု(၇၆)စုအား ငွေကျပ် (၇)သိန်း တန်ဖိုးရှိ ဆန်အိတ်(၁)အိတ်ခွဲ၊ ငါးဆယ်ကျပ်သားဝင် ဆီ(၇၆)ဘူး၊ နှစ်ဆယ့်ငါးကျပ်သား ဆားထုပ်(၇၆)ထုပ်၊ စတီးရေပုံး ၇၆ လုံး၊ ပုဂံပြားအချပ်(၂၀၀)၊ ပုဂံလုံး ၁၈၀ လုံး၊ ဆပ်ပြာမှုန့် (၇၆)ထုပ်တို့အား မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

ထို့အပြင် အိုးပြင်မဲကျေးရွာ (အ.မ.က) ကျောင်းရှိ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး ဗလာစာအုပ် (၃၄)ဒါဇင်၊ ခဲတံ(၃)ဒါဇင်၊ ဗာလီချိုင့်(၁၀)လုံး၊ ၁၈ ပေပတ်လည် မိုးကာ တစ်ချပ်၊ လှူဒါန်းခြင်း၊ ကျေးရွာဘုန်းကြီးကျောင်းအတွက် ဆန်(၁၄)ပြီ၊ ဆီ (၃)ပိဿာ၊ ဗာလီချိုင့် ၁၅ လုံးတို့ကိုလည်း ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းထံမှ သိရသည်။    

ရဲဝင်းနိုင်(ညောင်ဦး)