ပြင်သစ်နိုင်ငံက ဟွာဝေးကုမ္ပဏီကို ကန့်သတ်မှုတွေ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံက တရားမျှတမှုပေးရန် ဆော်ဩ 

၆ ဇူလိုင်

 

ပြင်သစ်နိုင်ငံက မြန်နှုန်းမြှင့်  5G နက်ဝပ်တည်ဆောက်ရေးမှာ တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးကို ကန့်သတ်မှုရှိတဲ့ လိုင်စင်ပေးထားကြောင်း ဆုံးဖြတ်ပြီးနောက် တရုတ်နိုင်ငံက ပြင်သစ်အား တရားမျှတတဲ့ ဝန်းကျင်ဖြစ်လာအောင် ဆောင်ရွက်ရေးကို ဒီနေ့(တနင်္လာနေ့) မှာ ဆော်ဩလိုက်ပါတယ်။

 

အမေရိကန်နဲ့ ဩစတြေးလျနိုင်ငံတွေရဲ့ 5G နက်ဝပ်တည်ဆောက်ရေးမှာ ဟွာဝေးကုမ္ပဏီကို ပါဝင်ခွင့်မရအောင် ပိတ်ပင် ထားပါတယ်။ ဗြိတိန်နိုင်ငံကလည်း ဟွာဝေးကုမ္ပဏီထုတ်ပစ္စည်းတွေကို သူ့နိုင်ငံက 5G နက်ဝပ်တည်ဆောက်ရေးမှာ ပါဝင်ခွင့်ကို ဒီလမှာ ငြင်းပယ်နိုင်ကြောင်း Financial Times ရဲ့ ဒီနေ့ထုတ် သတင်းစာမှာ ရေးသားထားပါတယ်။

 

ပြင်သစ်နိုင်ငံက ကွန်ပျူတာစနစ်လုံခြုံရေး အဖွဲ့ကနေ  ပြင်သစ်ကုမ္ပဏီတွေဖြစ်တဲ့ SFR နဲ့ Bouygues Telecom ကုမ္ပဏီတွေဟာ ဟွာဝေးထုတ်ပစ္စည်းတွေကို သုံးစွဲနေတဲ့အတွက် 5G နက်ဝပ်တည်ဆောက်ရေးမှာ ၈ နှစ်သာ လိုင်စင်ထုတ်ပေးကြောင်း ဒီနေ့ (တနင်္လာနေ့) မှာ ကြေညာထားပြီးဖြစ်ပါတယ်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက တနင်္လာနေ့တိုင်း ကျင်းပနေကျ ပုံမှန်သတင်းစာရှင်လင်းပွဲမှာ ပြင်သစ်အနေနဲ့  ပွင့်လင်းပြီး တရားမျှတသော ခွဲခြားဆက်ဆံမှုကင်းတဲ့ စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းကို တရုတ်နိုင်ငံအပါအဝင် နိုင်ငံတိုင်းက လုပ်ငန်းရှင်တွေ အားပေးရန် ဆော်ဩလိုက်တာဖြစ်ပါတယ်။

 

ဟွာဝေးဟာ 5G နက်ဝပ် တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ရင်းနှီးမြှုပ်နှံထားပါတယ်။ ဟွာဝေးရဲ့ အဓိက ပြိုင်ဘက်တွေကတော့ ဆွီဒင်နိုင်ငံမှာ အဲရစ်ဆင် နဲ့ ဖင်လန်နိုင်ငံမှ နိုကီယာတို့ ဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံကတော့ တရုတ်နိုင်ငံဟာ ကုမ္ပဏီရဲ့ နည်းပညာကို အသုံးပြုပြီး တခြားနိုင်ငံတွေကို ထောက်လှမ်းစုံစမ်းမှာကို စိုးရိမ်ကြောင်း ပြောဆိုနေပါတယ်။

 

MDN

ကိုးကား - AFP