ပြင်သစ်သတင်းစာများနှင့် ဂူဂဲလ်တို့ ဒစ်ဂျစ်တယ်မူပိုင်ခွင့် သဘောတူညီချက်ရရှိရန် နီးစပ်

ပါရီ   ၁၀  အောက်တိုဘာ

အမေရိကန်နည်းပညာအင်အားကြီး ကုမ္ပဏီ ဂူဂဲလ်က ပြင်သစ်သတင်းစာလုပ်ငန်းများနှင့် ဒစ်ဂျစ်တယ်မူပိုင်ခွင့် အတွက် သဘောတူညီချက်ရရှိရန် အနီးစပ်ဆုံး အခြေအနေကိုရောက်ရှိနေပြီဖြစ်ကြောင်း ကြေညာခဲ့ရာ ယခုကြေညာချက်သည် ဥရောပသမဂ္ဂ (အီးယူ) စည်းမျဉ်းအရ သတင်းထုတ်ဝေသူများအနေဖြင့် အကျိုးခံစားခွင့် ရရှိရမည်ဟူသော ရည်မှန်းချက်အောက်တွင် ဖြစ်ထွန်းလာသည့် ပထမဆုံး ခြေလှမ်းသစ်လည်း ဖြစ်လာခဲ့သည်။

ပြင်သစ်သတင်းစာထုတ်ဝေသူများ အစည်းအရုံးနှင့် ဂူဂဲလ်တို့ ထုတ်ပြန်ခဲ့သည့် ပူးတွဲသဘောတူညီချက်တွင် အချက်အလက်ရှာဖွေမှုများမှ ရရှိနေသည့် ဂူဂဲလ်၏ ဝင်ငွေများကို မူရင်းသတင်းထုတ်ဝေသူများထံသို့ အကျိုးခံစားခွင့် ခွဲဝေပေးရန် ဂူဂဲလ်ဘက်မှ သဘောတူလိုက်ခြင်းဖြစ်သည်။ အသစ်ပြဋ္ဌာန်းခဲ့သည့် အီးယူအိမ်နီးချင်းအခွင့်အရေးများ ဥပဒေသည် အကြောင်းအရာတစ်ခုခုကို လူမူကွန်ရက် (သို့မဟုတ်) ဝက်ဘ်ဆိုက်များမှ ရှာဖွေသည့်အခါ ဥရောပ မီဒီယာလုပ်ငန်းကြီးများအားလုံးကို မူပိုင်ခွင့် အကာအကွယ် ပေးရေးအတွက် ဆောင်ရွက်ထားခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံသည် သတင်းထုတ်ဝေသူများကို မူပိုင်ခွင့်ဆိုင်ရာ ခံစားခွင့်အတွက် ပထမဆုံး ဥပဒေပြဋ္ဌာန်းနိုင်ခဲ့သည့် ဥရောပနိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလတွင် ဥပဒေကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ သတင်းစာလုပ်ငန်းများက ဂူဂဲလ်သည် အကြောင်းအရာများ၊ ရုပ်ပုံလွှာများကို အခမဲ့ရှာဖွေခွင့်ပြုခြင်းဖြင့် သန်းပေါင်းများစွာသော အသုံးပြု သူများကို ဆွဲဆောင်နိုင်ခဲ့ကာ ဝင်ငွေဘီလီယံပေါင်းများစွာ ရရှိနေခဲ့သော်လည်း မူရင်းထုတ်ဝေသူများက အကျိုးခံစား ခွင့်လုံးဝမရှိခဲ့ခြင်းကြောင့် နစ်နာကြေးရလိုကြောင်း ဆိုသည်။

လီပါရီဆန်သတင်းစာလုပ်ငန်းစုအကြီးအကဲ ပယ်ရီ လော့ထဲက “ အကြောင်းအရာအချက်အလက်တွေ အတော် များများကို ရှင်းလင်းခဲ့ပြီးနောက်မှာ ဂူဂဲလ်ဘက်ကနေ သတင်းစာထုတ်ဝေသူတွေကို အကျိုးခံစားခွင့် ပြန်လည် ပေးဖို့ သဘောတူလိုက်ပါတယ်” ဟု ရှင်းလင်းပြောကြားခဲ့ သည်။ ယခုသဘောတူညီချက်ကို အပြီးသတ်နိုင်ပါက ဂူဂဲလ်ဘက်မှ သတင်းစာလုပ်ငန်းများသို့ ဒစ်ဂျစ်တယ်မူပိုင်ခွင့်အတွက် ငွေကြေးပုံမှန်ပေးချေရမည်ဖြစ်ရာ ကျဆင်းလာသော ပုံနှိပ်မီဒီယာဈေးကွက် အနာဂတ်တွင် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ထင်ရှားသည့် ခြေလှမ်းသစ်လည်း ဖြစ်သည်။

ဘာသာပြန်-မေလဲ့သင်း

ကိုးကား- အေအက်ဖ်ပီ၊