ပြင်ဦးလွင်မြို့ ဒီဇင်ဘာခြံတွင် သဘာဝပန်းအစစ်များ အသုံးပြု၍ ပန်းအလှဆင်ပွဲတော် ကျင်းပမည်

ပြင်ဦးလွင် ၁၈  နိုဝင်ဘာ 

 

ပြင်ဦးလွင်မြို့ရှိ ဒီဇင်ဘာခြံတွင် ပန်းအစစ်များကို အသုံးပြု၍ ပန်းအလှဆင်ပွဲတော်ကို ပထမဆုံးအကြိမ်ဖြစ် ဒီဇင်ဘာ ၁၈ရက်မှ ဇန်နဝါရီ ၁၈ ရက်နေ့အထိ တစ်လကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပန်းပွဲတော်ကို လာရောက်အပန်းဖြေသူများ စိတ်ကြည်လင်အေးချမ်းမှုရှိစေရန်၊ သဘာဝ ပတ်ဝန်းကျင်ကို တန်ဖိုးထား ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ဒေသပန်းမျိုးရင်း ၃၀ ဝန်းကျင်နှင့် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ပန်းမျိုးစိတ် ၃၀ တို့ ပါဝင်သည့် စုစုပေါင်း အပင်ရေလေးသိန်းခန့်ဖြင့် အလှဆင်ပြသ သွားမည်ဖြစ်ပြီး  ပြည်တွင်းပန်းအလှဆင်ပညာရှင်များ တီထွင်ဖန်တီးထား သည့်  ပန်းရေတံခွန်၊ ပန်းလှည်း၊ အသည်းပုံပန်းပွင့် ပန်းခင်းများ စသည့် တို့ကိုလည်း အလှဆင် ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။

 

သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းတဲ့အနေနဲ့ ဒီဇင်ဘာခြံထဲမှာရှိတဲ့ အဆောက်အဦတွေကို ဆောက်လုပ်တာကအစ သစ်၊ သက်ကယ်၊ ဝါးတွေနဲ့ဆောက်လုပ်ထားတယ်၊ သဘာဝတိုင်း စီဆင်းနေတဲ့ စမ်းချောင်းလေးရှိတာကြောင့် မြင်တွေ့ခံစားသူအနေနဲ့ စိတ်ကြည်လင်အေးချမ်းမှုတွေ ရရှိစေမယ်၊ ခြံထဲမှာရှိနေတဲ့ သစ်ပင်တွေကိုလည်း ပြုပြင်ထားခြင်းမရှိဘဲ သဘာဝအတိုင်း ထိန်းသိမ်း ထားတဲ့အတွက် လာရောက်ကြည့်ရှုသူတွေအနေနဲ့ သဘာဝအလှအပတွေ စုဝေးနေတဲ့ ပန်းဥယျာဉ်ထဲကို ရောက်သွားသလိုခံစားရစေမှာ ဖြစ်ပါတယ်၊ဟု  ဒီဇင်ဘာခြံမှ တာဝန်ခံ ဦးစန်းတင့် က ပြောသည်။

 

ဒီဇင်ဘာခြံသည် လက်ရှိတွင် ဧကပေါင်း ၁၅ဝကျော်ရှိသည့်အနက် ယခုကျင်းပမည့် ပန်းအလှဆင်ပွဲတော် ကို ဧက ၅၀ အသုံးပြုသွားမည်ဖြစ်ပြီး ပွဲတော်ကာလတွင် ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် တစ်ထောင်ကျပ်နှုန်း ကောက်ခံသွားမည်ဖြစ်သည်။

 

ပြင်ဦးလွင်မြို့က ပြည်တွင်း၊ ပြည်ပ အဓိက စိတ်ဝင်စားတဲ့မြို့ဖြစ်တဲ့အတွက် သဘာဝကို အခြေခံတဲ့ လည်ပတ်စရာနေရာတွေ ပေါများလာခြင်းက မြို့ရဲ့စီးပွားရေးကို အထောက်အကူပြုတဲ့အပြင် ခရီးသွားလုပ်ငန်းတွေလည်း ဖွံ့ဖြိုးလာမယ်၊ စိုက်ပျိုးသူ တောင်သူတွေရဲ့ဒေသထွက်ကုန် သီးနှံတွေ ပိုပြီးရောင်းအားကောင်းလာနိုင်တယ်၊”ဟု ပြင်ဦးလွင် လူငယ်ကွန်ယက်မှ ကိုကျော်ဇင်ဦး က ဒီဇင်ဘာ ခြံတွင် ကျင်းပမည့် ပန်းအလှပြပွဲတော်နှင့်ပတ်သက်၍ ၎င်း၏အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။

 

ယခုနှစ် ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်မြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် အမျိုးသားကန်တော်ကြီးဥယျာဉ့် ပန်းပွဲတော်အပြင် ဒီဇင်ဘာခြံမှ ကျင်းပမည့် ပန်းအလှဆင်ပွဲတော်နှင့် ပြင်ဦးလွင် ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ စီစဉ်သည့် ထောပတ်သီးပွဲတော် တို့ကို ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)