ပြင်ဦးလွင်မြို့တွင် ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပြင်ဦးလွင်  ၁၃   ဇန်နဝါရီ 

ပြင်ဦးလွင်ခရိုင် ကလေးစာပေပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အထက(၁)တွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ ကလေးစာပေပွဲတော် စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲအခမ်းအနား ပထမပိုင်း အစီအစဉ်ကို ကျောင်းရှေ့မုခ်ဦးတွင် ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဌေး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး  ဦးစိုးလွင်၊ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ခေတ္တဥက္ကဌ ဦးထင်ကျော်နှင့် လူရည်ချွန်ကျောင်းသူ မနန်းသီရိနွယ်၊ မယဉ်မင်းကျော်၊ မလင်းလတ်ခင်တို့က ကျောင်းသားကျောင်းသူများနှင့်အတူ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဧည့်သည်တော်များသည် ကျောင်းသားကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပရာ ကျောင်းသားကျောင်းသူလေးများက ကလေးစာပေပွဲတော် Theme Song သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။

ယင်းနောက်  ပြည့်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာတွင် ကလေးစာပေပွဲတော်များကို ရည်ရွယ်ချက် ၃ ရပ်ဖြင့် ကျင်းပနေခြင်း ဖြစ်ပါကြောင်း၊ ပွဲတော်ဖြစ်သည်နှင့်အညီ စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက်နှင့် ပျော်ရွှင်ဖွယ်ဖြစ်စေရန် အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ထားပါကြောင်း၊ ပျော်ရွှင်မှုတွင်လည်း ရေရှည်အကျိုးရှိမည့်  ကလေးများ အသိပညာတိုးပွားစေရန်၊ စာအုပ်စာပေများနှင့် တွဲဖက်၍ ပျော်ရွှင်မှုဖြစ်စေရန်အတွက် စာပေနှင့်နှီးနွယ်သည့် ကဗျာရွတ်ခြင်း၊ ပုံပြောခြင်း စသည့် အစီအစဉ်များအပြင် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်ပေးထားမှုကြောင့် ပွဲတော်များမှတစ်ဆင့် ကလေးများ စာဖတ်ဝါသနာများ ရရှိသွားနိုင်ပါကြောင်း၊  စာပေနှင့်ဆက်စပ်ပတ်သက်သည့် ပတ်ဝန်းကျင်တွင် ပျော်ရွှင်သည့် ပွဲတော်တစ်ခုဖြစ်ရန် ဖန်တီးထားခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် အများစုပေါင်းလုပ်ဆောင်ရသည့် လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ပြီး ကျေနပ်အားရပျော်ရွှင်မှု စိတ်ဓာတ်ကို ငယ်ရွယ်စဉ်ကတည်းက ရရှိသွားစေရန်လည်း ရည်ရွယ်ပါကြောင်း။

 မိမိတို့နိုင်ငံတွင် တိုင်းရင်းသားများစည်းလုံးညီညွတ်စေရန်နှင့် ငြိမ်းချမ်းသာယာမှုရှိစေရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ပြင်ဦးလွင်ပန်းမြို့တော်တွင် အရောင်အသွေး စုံလင်လှပစွာ စုစည်းခင်းကျင်းပြသထားသည့် ပန်းပွဲတော်ကြီးကို ကြည်နူးစွာ မြင်တွေ့ရသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ် ရှိမည်ဆိုပါက သာယာဝပြောသော နိုင်ငံတော်သစ်ကြီး တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အများနှင့် အတူတကွ တွဲဖက်၍ လုပ်ဆောင်တတ်သည့် စိတ်ဓာတ်များ ငယ်ရွယ်စဉ်ကတည်းက ကိန်းအောင်သွားစေရန် လိုအပ်သည်ဟု မြင်ပါကြောင်း။

 ကလေးစာပေပွဲတော်များကို ဆောင်ရွက်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ဖြင့်သာ လုပ်ဆောင်၍မရဘဲ သက်ဆိုင်ရာနေရာဒေသများရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ကော်မတီများဖွဲ့စည်း ဆောင်ရွက်ရသည့်အပြင် သက်ဆိုင်ရာ မြို့မိမြိုဖများ ပူးပေါင်းပါဝင်ပံ့ပိုးမှုများဖြင့် စုပေါင်း၍ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ဖြစ်စေရန် စီစဉ်ကျင်းပနေခြင်း ဖြစ်ပါကြောင်း၊ ယခု ပြင်ဦးလွင်မြို့တွင် ကျင်းပသည့် ကလေးစာပေပွဲတော်တွင် မြို့မိမြို့ဖများအပြင် ကျောင်းသားဟောင်းများလည်း စိတ်အားထက်သန်စွာဖြင့် ပါဝင်ဆောင်ရွက်ကြသည်ကို တွေ့မြင်ရသဖြင့် လွန်စွာဝမ်းမြောက်မိပါကြောင်း၊ ပွဲတော်များကျင်းပနိုင်မှုကြောင့် လူတော်လူကောင်းများ ဖြစ်လာပြီး ၄င်းတို့ကြီးပြင်းလာသည့်အခါ နိုင်ငံတော်အတွက် ကောင်းကျိုးများကို သယ်ပိုးဆောင်ရွက် လာကြမည်ဖြစ်ပါကြောင်း။

 နိုင်ငံသားကောင်းအများအပြားရှိပါက တိုင်းပြည် အင်အားရှိမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံရှိ ကလေးငယ်များကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကလေးစာပေပွဲတော်များအပြင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များလည်း စီစဉ်ကျင်းပပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ကလေးစာပေ ပွဲတော်များ ကျင်းပခြင်းသည် အနာဂတ်နိုင်ငံတော်ကြီး တောင့်တင်းခိုင်မာပြီး အင်အားရှိသော တိုင်းပြည်ဖြစ်စေရန် ရည်ရွယ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်အတွက် ကလေးငယ်များ ဖွံ့ဖြိုး တိုးတက်ပြီး ပျော်ရွှင်မှုရရှိစေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ထိုကဲ့သို့ အစဉ်အလာကောင်းများဖြစ်လာစေရန် ထူထောင်ပေးနိုင်ကြပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား  မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဌေးက ပြင်ဦးလွင်ခရိုင် ကလေးစာပေပွဲတော်ကို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကလေးစာပေပွဲတော်များကျင်းပရခြင်း ရည်ရွယ်ချက်သုံးရပ်ကို ကောင်းမွန်သည့်အစဉ်အလာအဖြစ် စုပေါင်းလက်တွဲ၍ ဝိုင်းဝန်းဆောင်ရွက်ကြမည်ဆိုပါက ဒီမိုကရက်စီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် စွမ်းအားတစ်ရပ် ဖြစ်လာမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ ကလေးစာပေပွဲတော်များမှတစ်ဆင့် အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုထိုက်သော၊ စွမ်းအားရှိသော၊ လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဦးစိုးလွင်က ယခုကျင်းပနေသည့် ကလေးစာပေပွဲတော်များ၏ ရည်ရွယ်ချက်သည် လက်ရှိပညာရေးစနစ်သစ်၏ သင်ရိုးသစ်ပါ သင်ခန်းစာများနှင့်လည်း ကိုက်ညီမှုရှိနေပါကြောင်း၊ ပညာရေးစနစ်သစ်တွင် ပူးပေါင်းလုပ်ဆောင်တတ်မှု၊ တီထွင်ကြံ့ဆမှုများကို စာသင်ခန်းများအတွင်းမှာပင် ပျော်ရွှင်စွာဖြင့် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်များသည် ပညာရေးစနစ်သစ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု ဆိုနိုင်ပါကြောင်း၊ ထို့ကြောင့် ကလေးစာပေပွဲတော်များ ဖြစ်မြောက်ရေးဦးဆောင်ကျင်းပပေးသည့် ပြန်ကြားရေးဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

 

‌ေ

 

ထို့နောက် နောင်ခမ်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ  ကျောင်းသား ကျောင်းသူလေးများက ပန်းကမ္ဘာမျှော်စင်သီချင်းဖြင့်လည်းကောင်း၊ ဟိန်းထက်လျံကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက စည်းလုံးစို့လေသွေးချင်းတို့မြေ သီချင်းဖြင့်လည်းကောင်း၊ အလက(၁)/ အထက(ခွဲ)မှ ကျောင်းသားကျောင်းသူများက ရှမ်းရိုးမက အိုးစည်သံသီချင်းဖြင့်လည်းကောင်း၊ ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက နာဂတို့ရဲ့အိုးလေး သီချင်းဖြင့်လည်းကောင်း၊ စနိုးကွင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ဦးရွှေရိုးနှင့် ဒေါ်မိုး သီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဖေမြင့်နှင့် တာဝန်ရှိသူများသည် ကလေးစာပေပွဲတော်အတွင်း ကျင်းပလျက်ရှိသည့် ပုံပြောပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ကချင်၊ ချင်း၊ ရှမ်းနှင့် လီဆူ တိုင်းရင်းသားဘာသာစကားများ ပါဝင်ကျင်းပသည့် ကဗျာပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲနှင့် စုပေါင်းအားကစားပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များ၊ ဌာနဆိုင်ရာပြခန်းများနှင့် ရတနာပုံဆိုက်ဘာစီးတီးတက္ကသိုလ်ဆိုင်ရာပြခန်း၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ပြခန်း၊ အသင်းအဖွဲ့ဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များ၊ စတုဒိသာကျွေးမွေးမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

‌ေ

 

ကလေးစာပေပွဲတော်များကို ၂၀၁၆ ခုနှစ်မှစ၍ နိုင်ငံတော်အဆင့်၊ ခရိုင်အဆင့်နှင့် ဒေသအစီအစဉ်တို့ဖြင့် ကျင်းပခဲ့ရာ ယနေ့အထိ နိုင်ငံတော်အဆင့်ကလေးစာပေ ပွဲတော်(၉)ကြိမ်နှင့် ခရိုင်အဆင့် ကလေးစာပေပွဲတော်(၄၅)ကြိမ်၊ ဒေသအစီအစဉ်ဖြင့် ကလေးစာပေပွဲတော်(၃၁)ကြိမ် စုစုပေါင်း (၈၅)ကြိမ် ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ်တွင် နိုင်ငံတော်အဆင့် ကလေးစာပေပွဲတော်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးစိုက်သည့် မြို့ကြီးများဖြစ်သည့် လွိုင်ကော်၊ ဘားအံနှင့် ထားဝယ်မြို့တို့တွင် ကျင်းပနိုင်ရန်နှင့် ခရိုင်အဆင့် ကလေးစာပေပွဲတော်များကို ဖာပွန်၊ ဂန့်ဂေါနှင့် ဖားကန့်မြို့များတွင် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဒေသအစီအစဉ်ဖြင့် ကလေးစာပေပွဲတော်များကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ၄င်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ ခု တွင် ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ  ၁၆ မြို့နယ်တွင် ကျင်းပပြီးစီးခဲ့ပြီး မြန်အောင်၊ ညောင်တုန်း၊ ရေကြည်၊ ကြံခင်း၊ ဘိုကလေး၊ ငပုတော၊ ဟင်္သာတ၊ မအူပင်၊ ကန်ကြီးထောင့်နှင့် ဖျာပုံမြို့များတွင် ကျင်းပရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)