ပညာရေးဝန်ကြီးဌာနနှင့် ILBC ပူးပေါင်းကျင်းပသော  သင်ကြားသင်ယူမှု စွမ်းရည်မြှင့် သင်တန်း မိတ္ထီလာ၌ ဖွင့်လှစ်မည်

မိတ္ထီလာ ၁၉  နိုဝင်ဘာ

 

ပညာရေးဝန်ကြီးဌာန နှင့် ILBC တို့ပူးပေါင်းကျင်းပသော သင်ကြား သင်ယူမှု စွမ်းရည်မြှင့် သင်တန်းကို လာမည့်ဒီဇင်ဘာလထဲတွင် မိတ္ထီလာ၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 “   ILBC နဲ့ ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး ဆရာဆရာမတွေရဲ့ သင်ကြားသင်ယူမှု စွမ်းရည်မြှင့် သင်တန်းတွေကို ပုံစံအမျိုးမျိုးနဲ့နိုင်ငံတစ်ဝန်းမှာ လုပ်ဖြစ်ခဲ့တယ်။ အခု ဒီဇင်ဘာလထဲ မိတ္ထီလာမှာ ဖွင့်လှစ်မယ့်သင်တန်းက လေးကြိမ်မြောက်ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ပညာရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်မှာ ပုဂ္ဂလိကအခန်းကဏ္ဍကနေ  ပူးပေါင်းပါဝင်တာဖြစ်ပြီး ဆရာဆရာ မတွေကို ပို့ချတဲ့ပုံစံ မဟုတ်ပဲ ဆရာဆရာမတွေမှာရှိပြီးသား  ဗဟုသုတ၊အတွေ့အကြုံ ၊     အသိပညာတွေကို ILBC က နည်းပညာတွေနဲ့ အသိပညာအပြန်အလှန်မျှဝေတဲ့ သဘောမျိုး  သင်တန်း ပုံစံကို ပြုလုပ်မှာဖြစ်ပါတယ် ”ဟု ILBC မှ Liaison Officer ဒေါ်ခိုင်ဆွေသင်းက ပြောသည်။

 

အဆိုပါ သင်တန်း အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်နိုင်ရေးရည်ရွယ်ချက်ဖြင့် နိုဝင်ဘာ ၁၉ရက်နံနက် ၁၀ နာရီက မိတ္ထီလာမြို့ အထက (၂) ခန်းမ၌ အကြိုညှိနှိုင်းအစည်းအဝေးကိုကျင်းပသည်။  အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွန်ကြားရေးမှူး (ပညာ) ဒေါ်ခင်မာနှင်း က အမှာစကားပြောကြားပြီး ILBC မှ Liaison Officer ဒေါ်ခိုင်ဆွေသင်းက သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းပုံစံကို ရှင်းလင်းပြောကြားသည်။     ထို့နောက် တက်ရောက် လာကြသော               အထက၊ အလက၊ အမက          ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်များနှင့် ကျောင်းတာဝန်ခံ များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

 

အဆိုပါ သင်ကြားသင်ယူမှုစွမ်းရည်မြှင့်သင်တန်းကို ဒီဇင်ဘာလထဲတွင် ရက်သတ္တပတ် တစ်ပတ် ဖွင့်လှစ် ပို့ချမည်ဖြစ်ကြောင်း နှင့်မိတ္ထီလာမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းနှင့် ပုဂ္ဂလိကကျောင်းများအပါအဝင်အခြေခံပညာကျောင်းများမှ ဆရာဆရာမ ၃၀ဝ ကို သင်တန်းသားသင်တန်းသူအဖြစ် လက်ခံသင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

ချမ်းသာ(မိတ္ထီလာ)