ပြည်ပပို့ကုန်တိုးတက်ရန် စိုက်ပျိုးရေးအခြေခံ စံချိန်စံညွှန်း မူကြမ်းများရေးဆွဲနေ

mdn

နေပြည်တော် ၂၁ မေ

 

ပြည်ပပို့ကုန် တိုးတက်လာရန်အတွက် စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်းတွင် သီးနှံပေါင်း ၁၈ မျိုးကို ထည့်သွင်း ရေးဆွဲထားပြီး ယင်းတို့အနက် မြေပဲ၊ နှမ်း၊ ဖရဲ၊ ထောပတ်နှင့် ကော်ဖီတို့အတွက် စံချိန်စံညွှန်း မူကြမ်းကိုရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ထို့ပြင် ပြည်ပပို့ကုန်ပစ္စည်းများ၊ ပြည်ပမှ တင်သွင်းလာသော သွင်းကုန်ပစ္စည်းများကို စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေးစီမံချက်ကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ရေးဆွဲလျက်ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

 

“စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီက စားသုံးသူရေးရာ ဦးစီးဌာနက တာဝန် ရှိပြီးတော့ ဆန်၊ ပဲ မျိုးစုံရေးဆွဲအတည်ပြုထုတ်ပြန်ထားတယ်၊ ကုန်ပစ္စည်းအရည်အသွေးစစ်ဆေးတာ၊ စံချိန်မပြည့် တာတွေကို စစ်ဆေးနိုင်မယ့် ပစ္စည်းကိရိယာနဲ့ ကျွမ်းကျင်ပညာရှင် နည်းပါးတာကြောင့် ကုန်ပစ္စည်းအရည်အသွေး စစ်ဆေးမှုစွမ်းရည် လျော့နည်းလာသလို ပို့ကုန်ဈေးကွက် ကျယ်ပြန့်လာအောင်ကလည်း လက်ရှိ အခြေအနေအရ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဈေးကွက်တစ်ခု၊ နှစ်ခုအပေါ်ကို ကျဉ်းမြောင်းစွာမှီခိုနေရပြီးတော့ အဲ့ဒီဈေးကွက်တွေရဲ့ လိုအပ်ချက်အရ တင်ပို့နေရတဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်၊ ဒါကို စီးပွား၊ ကူးသန်းကတိုးတက်လာဖို့ ဆောင်ရွက် နေတယ်”ဟု ၎င်းက ဆက်ပြောသည်။

 

ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် အရည်အသွေးစံချိန်စံညွှန်းမမီခြင်းကြောင့် ဝယ်ယူမှုရပ် ဆိုင်းခြင်း များ ကြုံတွေ့ရသလို စိုက်ပျိုးထုတ်လုပ်တင်ပို့ရာတွင် ရာသီဥတု၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း၊ သွင်းအား စုကုန်ကျစရိတ်မြင့်မားခြင်း၊ သီးနှံမျိုးကောင်းမျိုးသန့် ရရှိရန်လိုအပ်ခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များမြင့်မားခြင်း၊ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မှု နည်းပါးခြင်း၊ နိုင်ငံတကာဈေးကွက်နှင့် ဝယ်လိုအားအပေါ် မှီခိုနေရခြင်း၊ ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များ၊ ရိတ်သိမ်းမှုစနစ်များ၊ ထုတ်လုပ်မှုစနစ်များ လိုအပ်နေခြင်း စသည့်စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်းလည်း သိရသည်။

 

“သီးနှံတွေရဲ့ စံချိန်စံညွှန်းရေးဆွဲဖို့၊ လိုအပ်သလို ထုတ်ပြန်နိုင်ဖို့ အဖွဲ့တွေ ဖွဲ့စည်း ထားကြတယ်၊ ဒီမှာ စံချိန်စံညွှန်းက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်တော့ သတ်မှတ်ချက်ရှိနေပေမယ့် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်မယ့် စိုက်ပျိုးရေး plan တွေ လိုအပ်တယ်၊ အခု သက်ဆိုင်ရာဝန်ကြီးဌာနက ရေးဆွဲနေတဲ့ စိုက်ပျိုးရေးမဟာဗျူဟာ မူကြမ်းမှာလည်း ဒေသတစ်ခုနဲ့တစ်ခု ထွက်ရှိတဲ့ ထုတ်ကုန်တွေ မတူနိုင်တာမို့လို့ နိုင်ငံတကာရဲ့ ကုန်ပစ္စည်းစံညွှန်းနဲ့ညီအောင် ရေးဆွဲပြဋ္ဌာန်းဖို့ လိုတယ်၊ WTO လို အဖွဲ့အစည်းတွေက နည်းပညာ စည်းမျဉ်းတွေ လိုအပ်တယ်”ဟု ပို့ကုန်လုပ်ငန်းရှင် ဒေါက်တာမြတ်မင်းက ပြောသည်။

 

လယ်ယာစီးပွားကဏ္ဍမှာ နိုင်ငံဂျီဒီပီ၏ ၂၅ ရာခိုင်နှုန်း ပါဝင်လျက်ရှိပြီး ယင်းအထဲတွင် လယ်ယာကဏ္ဍမှ ၁၈ ဒသမ ၂ ရာခိုင်နှုန်း ပါဝင်နေကြောင်း သိရသည်။ ပို့ကုန်တိုးမြှင့်ရေးအတွက် (ကုန်ကြမ်း၊ တစ်ဝက်ကုန်ချောနှင့် ပစ္စည်းမျိုးစုံ) ပိုလျှံမှုရှိပြီး ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရှိသော်လည်း အဆိုပါပို့ကုန်ပစ္စည်းများမှာ အခြားပြိုင်ဘက်နိုင်ငံများနှင့် အရည် အသွေး ယှဉ်ပြိုင်နိုင်စွမ်း နည်းပါးနေသဖြင့် ကုန်ပစ္စည်း၏ အရည်အသွေး ထိန်းသိမ်းခြင်း၊ ပြုပြင်ပေးခြင်း၊ စစ်ဆေးခြင်းနှင့် လိုအပ်သည့် စည်းမျဉ်းများ၊ မူကြမ်း(မူဝါဒ)များ ချမှတ်ဆောင်ရွက်ခြင်းတို့ လိုအပ်နေကြောင်း သိရသည်။

 

ဇာလင်းသူ(AMIA) ဓာတ်ပုံ- ကေဇူး(AMIA)