ပြည်သူလူထုနှင့် မပြတ်ထိတွေ့ ပြည်သူလူထု၏ အသံကို နားထောင်

၂၂ ဇန်နဝါရီ

အစိုးရနှင့် ပြည်သူဟူသည် နိုင်ငံတော်၏ အစိတ်အပိုင်းနှစ်ရပ် ဖြစ်သည်။ နိုင်ငံတော်ဟု ဆိုသည်နှင့် ပိုင်နက်နယ်မြေရှိခြင်း၊ ၎င်းပိုင်နက်နယ်မြေအတွင်းနေထိုင်ကြသည့် ပြည်သူများရှိခြင်း၊ စနစ်တကျဖွဲ့စည်းအုပ်ချုပ်သည့် အစိုးရရှိခြင်းနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်ခြင်းဟူသော အင်္ဂါလေးရပ်နှင့်ပြည့်စုံရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုခဲ့ပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံမှသာ နိုင်ငံတော်ဟု ခေါ်ထိုက်သည်ဟူ၏။

မိမိတို့နိုင်ငံသည် ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ပြီး တိုင်းဒေသကြီး ခုနစ်ခု၊ ပြည်နယ်ခုနစ်ခု၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ ပိုင်ခြားသတ်မှတ်ထားသည်။ နိုင်ငံတော်အာဏာ သုံးရပ်ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းထားသည်။ ပြည်သူများ၏ဘဝ အေးချမ်းသာယာရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မား တိုးတက်လာရေးအတွက် စီမံဆောင်ရွက်နိုင်ရန် အချုပ်အခြာ အာဏာကို ပြည်သူများကိုယ်စား ကိုင်တွယ်ကျင့်သုံး တာဝန်ခံကြ ရမည့်သူများမှာ ပြည်သူများက ရွေးချယ်တင်မြှောက်ပေးလိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် အစိုးရ များပင်ဖြစ်သည်။

“ကျွန်မတို့ရဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျွန်မသတိပေးချင်တာက ပြည်သူတွေနဲ့ ထိတွေ့မှုက အင်မတန်မှ အရေးကြီးပါတယ်။ ဒါကကျွန်မ ထပ်တလဲလဲပြောနေတဲ့ ကိစ္စပါ။ ပြည်သူတွေ နဲ့ ထိတွေ့မှုရှိဖို့လိုပါတယ်။ မြို့တင်မကဘူး၊ ရွာတွေအထိ ဆင်းရ ပါမယ်။ ပြည်သူတွေရဲ့ အသံကို နားထောင်ရမယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်က ဘာတွေလဲဆိုတာကြည့်ပြီး ကိုယ့်အစွမ်းရှိသမျှ ဒါတွေကို ဖြည့်ဆည်းပေးရပါတယ်။ အဲဒီလိုလုပ်မှသာလျှင် ပြည်သူတွေက အုပ်ချုပ်ရေးယန္တရားအပေါ်မှ ယုံကြည်မှုနဲ့လေးစားမှုရှိမှာပါ” ဟူ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူး မြို့နယ်တွင် ဇန်နဝါရီလ ၂၁ ရက်က ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲ၌ ထည့်သွင်းပြောကြားခဲ့သည့်အချက်က တိုင်းဒေသကြီးများ၊ ပြည်နယ်များအားလုံးအတွက် လိုအပ်ချက်များကို ညွှန်ပြခဲ့ခြင်းပင်ဖြစ်သည်။

အစိုးရအဖွဲ့များမှာ မိမိတို့၏ဒေသခံပြည်သူများနှင့် မပြတ်ထိတွေ့ဆက်ဆံနေကြရန်နှင့် သေ၏ပကတိအခြေအနေ များ၊ ပြည်သူတို့၏ခံစားချက်၊ ပြည်သူတို့၏ လိုအပ်ချက်များကို မျက်ခြည်မပြတ်ရှိနေရန်၊ အတတ်နိုင်ဆုံးအချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းပေးရန်၊ ပြည်သူတို့၏ အသံကို နားထောင်ရန်နှင့် ပွင့်လင်းမြင်သာရန်တို့ လိုအပ်ပြီး အဓိကအကျ ဆုံးအချက်မှာ တာဝန်ကျေပွန်ကြရန်ဖြစ်သည်။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့လုံခြုံရေး၊ တရားမဲ့ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ ဒီမိုကရေစီအခွင့်အရေးများဖြစ်သည့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ဥပဒေ၏ရှေ့မှောက်၌တန်းတူညီမျှခြင်းတို့ မဆုံးရှုံးရအောင် ကာကွယ်ပေးရေး၊ လူတိုင်း ပညာသင်ကြားနိုင်ရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ သွားလာဆက်သွယ်မှု၊ ရောင်းဝယ် ဖောက်ကားမှုများ လွယ်ကူအဆင်ပြေရေး စသည်ဖြင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်လုပ်ငန်း တာဝန်များမှာ အစိုးရအဖွဲ့များ၏ တာဝန်ပင်ဖြစ်သည်။ ။

ပြည်ထောင်စုအဆင့်၌ဖြစ်စေ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်၌ဖြစ်စေ အစိုးရနှင့် ပြည်သူတို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုတို့ မြင့်မားအားကောင်းနေဖို့ လိုအပ်သည်။ အစိုးရနှင့် ပြည်သူ လက်တွဲပူးပေါင်းဆောင်ရွက်မှုတို့ အားကောင်းသည်နှင့်အမျှ တိုင်းဒေသကြီး/ပြည်နယ်မှသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအထိအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်မှာဖြစ်သည်။ အစိုးရအဖွဲ့တို့က တာဝန်ကျေပွန်သည့်နည်းတူ နိုင်ငံသားပြည်သူများအားလုံးက “နိုင်ငံသားတာဝန်” ကိုယ်စီ ကျေပွန်သည်နှင့်အမျှ မိမိတို့နိုင်ငံသူနိုင်ငံသား ပြည်သူများ မျှော်မှန်းကြသည့် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ခရီးပန်းတိုင်သည် အလျင်အမြန် နီးရမည်ဟူ၍သာ ယုံကြည်ပါကြောင်း။ ။

မြန်မာ့အလင်း