ပြည်သူများဘဝလုံခြုံရေး ဝိုင်းဝန်းကြိုးပမ်း

ပြည်သူများ၏ ဘဝလုံခြုံရေးဆိုသည်မှာ အလုပ်လုပ်ကိုင်နေသော ပြည်သူများ စီးပွားရေးအရ လုံခြုံရေးပင်ဖြစ်သည်။ ယင်းသည် ပြည်သူများအတွက် အဓိကကျသော အခြေခံလုံခြုံရေးဖြစ်သည်။ ပြည်သူများ နေ့စဉ်လူမှုဘဝ၌ လိုအပ်ချက်များ အတိုင်းအတာတစ်ခုအဆင်ပြေမှုရှိသည်ဆိုလျှင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိပြီး တစ်ဆက်တည်းတွင် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုပါ ရရှိသွားသည်။

 

ဖွံ့ဖြိုးတိုးတက်ရန် ရုန်းကန်နေဆဲ မြန်မာနိုင်ငံတွင် အခြေခံလူတန်း စားများ၏အရေးမှာ အဓိကကျသည်။ တစ်နေ့လုပ်မှ တစ်နေ့စားရသော အခြေခံလူတန်းစားများအဖို့ အလုပ်အကိုင် နှစ်ရက်၊ သုံးရက်ခန့်မလုပ်ရသည် နှင့် ဒုက္ခအခက်အခဲများနှင့်ကြုံတွေ့ရသည်။ သို့ဖြစ်၍ ပြည်သူများအနေဖြင့် ဝင်ငွေရနိုင်သောအလုပ်များကို ရှာဖွေလုပ်ကိုင်ကြရာမှ သက်စွန့်ဆံဖျား အန္တရာယ်များသော အလုပ်များကိုပါ လုပ်ကိုင်ကြရင်း မဖြစ်သင့်သော အဖြစ်ဆိုးများနှင့်ကြုံတွေ့ကြရသည်ကို မကြာသေးမီက ဖားကန့်ဒေသ၌ မြေစာပုံပြိုကျ၍ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရသည့်အဖြစ်များက မီးမောင်းထိုးပြနေပေသည်။

 

ထို့ကြောင့် အခြေခံပြည်သူများ အလုပ်အကိုင်အဆင်ပြေရေးသည် အလွန်အရေးကြီးလှပေသည်။ ထိုအရေးကို ဖြေရှင်းရေးနှင့်ပတ်သက်၍ ဇူလိုင်လ ၃ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆောက်လုပ် ရေးကဏ္ဍနှင့်သက်ဆိုင်သော တာဝန်ရှိသူများ အပြန်အလှန်ဆွေးနွေးပွဲတွင် အခြေခံပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် ဆောင်ရွက်နိုင်သော နည်းလမ်းများကို ကြားသိခဲ့ရသဖြင့် အခြေခံပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက် အားတက်ဖွယ်ရာလမ်းစများ မြင်တွေ့ခဲ့ရပါသည်။

 

အဆိုပါအပြန်အလှန်ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ ပြည်သူများ၏ လုံခြုံမှု၊ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ရန်အတွက် မဖြစ်သင့်သည်များ မဖြစ်အောင် ယခုအချိန်ကစပြီး ကာကွယ်သည့် ခြေလှမ်းများကိုလည်း လှမ်းရပါကြောင်း၊ ပြဿနာဖြစ်ပြီးမှ ကုသခြင်းထက် ကာကွယ်သည်က ပိုကောင်းပါကြောင်း၊ ပုံမှန်ဝင်ငွေ မရှိသည့်အတွက် ဝင်ငွေပြတ်သွားပြီး ဒုက္ခရောက်သည့်အခါမှ ကူညီခြင်းထက် ဝင်ငွေမပြတ်အောင် မည်သို့နည်းလမ်းများ ချမှတ်ရမည်ကို နိုင်ငံတော်အစိုးရနှင့် လုပ်ငန်းရှင်များဘက်က ဝိုင်းပြီး စဉ်းစားပေးစေလိုပါကြောင်း” ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် ဝင်ငွေရရှိနိုင်မည့် အလုပ်အကိုင်များ ဖန်တီးပေးရာတွင် လုပ်သားအင်အား အများဆုံးဖန်တီးပေးနိုင်သော လုပ်ငန်းများမှာ စိုက်ပျိုးရေး၊ လူသုံးကုန်၊ စားသောက်ကုန်စသည့် ကုန်ထုတ်လုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းတို့ ပါဝင်သည်။ မြန်မာနိုင်ငံအတွင်း ဆောက်လုပ်ရေးကဏ္ဍတစ်ခုလုံးကို မှီခိုနေသည့် လူဦးရေမှာ ၂၀၁၈ ခုနှစ် စာရင်းအရ ၁ ဒသမ ၃၇ သန်းရှိကြောင်း သိရသည်။ ယခုအခါ အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းများ တုံ့ဆိုင်းနေမှုနှင့်အတူ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းများတုံ့ဆိုင်းနှေးကွေး ရပ်တန့်သွားသောအခါတွင် တစ်နေ့လုပ် တစ်နေ့စားရသည့် အလုပ်သမားများဘဝ မည်မျှအခက်အခဲရှိမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

 

ထို့ကြောင့် လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများကိုရယူပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများအတွက် အလုပ်အကိုင် ဖန်တီးပေးရေးမှာ အဓိကကျပြီး လက်ရှိတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို တတ်မြောက်လိုသူများနှင့် တတ်မြောက်ပြီးသူများလည်း ရှိပြီးဖြစ်ရာ ယင်းတို့ကိုအသုံးချ၍ လူမှုစီးပွားမြင့်မားတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဆောက်လုပ်ရေးကဏ္ဍနှင့် ပတ်သက်၍ ပြည်ပမှပြန်လည်ရောက်ရှိလာကြသည့် ကျွမ်းကျင်လုပ်သား ငါးထောင်ခန့်ရှိပြီး ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လုပ်ငန်းရှင်များက အလုပ်အကိုင်များပေးရန် စီစဉ်နေသည်။

 

လတ်တလောတွင် ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများအား ထောက်ပံ့ပေးခြင်းနည်းဖြင့် ကုသပေးနေပြီး ကုသခြင်းနည်းထက် ပိုမိုကောင်းမွန်သော ကာကွယ်ခြင်းနည်းဖြစ်သည့် အလုပ်အကိုင်များ ဖန်တီးပေးခြင်းနည်း လမ်းများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်များနှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အခြေခံပြည်သူများဘဝ လုံခြုံစိတ်ချမှုကို ရရှိစေနိုင်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံ၏အတိတ်က တိမ်းစောင်းခဲ့သော စီးပွားရေးမူဝါဒများကို ပြန်လည်တည့်မတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများအပေါ် ထုတ်ပြန်ထားသည့် ဥပဒေများအနက်မှ လိုအပ်သည့်ဖြေလျှော့မှုများကို အချိန်နှင့် တစ်ပြေးညီ ပြုပြင်လုပ်ကိုင်ကြမည်ဆိုပါက မကြာမီအချိန်ကာလအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် တစ်ဟုန်ထိုးပြောင်းလဲတိုးတက်လာပြီး ပြည်သူများ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုများ ရရှိလာ မည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ