ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စတင်တာဝန်ယူခဲ့သည့် အချိန်မှစ၍ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စိုက်ပျိုးရေးနည်းစနစ်များ တိုးတက်မြင့်မားလာစေရေး၊ စက်မှုဇုန်များ ပေါ်ထွန်းလာစေရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတက်ရေးတို့ကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်းရှိ ပြည်သူများ၏ တစ်ဦးချင်းဝင်ငွေများ တိုးတက်ရရှိလာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်အတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ကာ ဆောင်ရွက်လျက်ရှိသည်။

 

ဒေသဖွံ့ဖြိုးရေးအတွက် ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ (၁) နှစ်တာကာလအတွင်း ပြည်သူများအတွက်ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ရေးသားဖော်ပြလိုက် ရပါသည်-

မေး ။ ။ ပဲခူးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ချမှတ်ဆောင်ရွက်နေတဲ့ မူဝါဒတွေကို သိပါရစေရှင့်။

ဖြေ ။ ။ ပဲခူးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး မူဝါဒ (၁၂) ချက်ရှိပါတယ်။ (၁) လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ကျေးလက်မြို့ပြ ဖွံ့ဖြိုးရေး၊ (၂) စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍ၊ (၃) စက်မှုကဏ္ဍ၊ အသေးစား၊ အလတ်စား လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ (၄) အထူးစီးပွားရေးဇုန်တွေ ပေါ်ထွန်းလာရေး၊ (၅) လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ (၆) ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေး၊ (၇) လယ်ယာမြေ၊ သစ်တောနဲ့ အခြား သဘာဝသယံဇာတတွေ စီမံခန့်ခွဲမှု၊ (၈) ဒေသတွင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ တိုးတက် မြင့်မားရေး၊ (၉) သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ သဘာဝကို အခြေခံသောခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ (၁၀) အခွန်အကောက်တွေ စနစ်တကျမှန်ကန်စွာ ကောက်ခံရရှိရေး၊ (၁၁) အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကဏ္ဍနဲ့ (၁၂) Stakeholders တွေနဲ့ ပူးပေါင်းဆောင် ရွက်မှုတွေ တိုးတက်မြင့်မားရေးတို့ ဖြစ်ပါတယ်။

စတုတ္ထ (၁) နှစ်တာကာလမှာ ပဲခူးတိုင်း ဒေသကြီးရဲ့ မူဝါဒဆိုတာထက် အဓိက ဆောင် ရွက်ချက်တွေကို ပြောချင်ပါတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ အထူးသဖြင့် ၂၀၃၀ အတွင်း ချမှတ်ထားတဲ့ တိုးတက်ပြောင်းလဲရေးတွေကို အခြေခံသော ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်နဲ့အညီ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပေါင်းစပ်ဆောင် ရွက်တဲ့လုပ်ငန်းတွေကို အခြေပြုပြီး ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။

စတုတ္ထ (၁) နှစ်တာအတွင်း နိုင်ငံတော်အတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လူမှု စီးပွားနယ်ပယ်အသီးသီးရဲ့ ဖွံ့ဖြိုးတိုးတက်ရေး တစ်နည်းအားဖြင့် ပြည်သူလူထုဗဟိုပြုတဲ့ အားလုံးပါဝင်နိုင်ရေးကို အခြေပြုပြီး မြို့ပြနဲ့ ကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် ဒီမဟာဗျူဟာတွေကို အဓိကထားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုချမှတ် ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ရဲ့ ကဏ္ဍအလိုက် သတ်မှတ်ထားတဲ့ တိုးတက်မှုတွေကို အချိန်ကာလတစ်ခုအတွင်း ဘယ်လောက်အထိ တိုးတက်ရမယ်ဆိုတာတွေကို နှစ်စဉ်စီမံကိန်းတွေ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ်။

မေး ။ ။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့အဓိက မဏ္ဍိုင်ကြီး ၃ ရပ်ထဲက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ပတ်သက်ပြီး ဆောင်ရွက် နေမှုတွေကို သိပါရစေရှင့်။

ဖြေ ။ ။ အုပ်ချုပ်ရေးမဏ္ဍိုင်မှာဆိုရင် လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ တစ်ခုတည်း တိုးတက်တဲ့ လူ့အဖွဲ့အစည်း မဟုတ်ဘဲနဲ့ လူသားတွေ တစ်ဦးချင်းရဲ့အသိ တရားတွေအပြင် (Skill Labour Force)ကို အခြေခံတဲ့ ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီးဌာနဆိုပြီး တိုင်းဒေသကြီးမှာ ဖွဲ့စည်းပြီး Human Resources (HR) ကိစ္စတွေ ထပ်မံတိုးချဲ့တဲ့ Technical (နည်း ပညာ) တိုးတက်ရေးတွေ ဆောင်ရွက်နေတာ ရှိပါတယ်။

အုပ်ချုပ်ရေးကဏ္ဍမှာ အုပ်ချုပ်ရေးမှူးတွေရဲ့ အခန်းကဏ္ဍ အထူးသဖြင့် အောက်ခြေအကျဆုံး ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက ဒီဒေသတွေမှာ အတော်ကြီးကို ခေတ်အလိုက်ကို ပြဿနာတွေ အများကြီးရှိပါတယ်။ ငွေရေး ကြေးရေး သုံးစွဲတဲ့ပုံသဏ္ဌာန်၊ အုပ်ချုပ်ရေး ပုံသဏ္ဌာန်အပေါ် မူတည်ပြီး ပြဿနာတွေရဲ့ အရင်းအမြစ်သည် ရပ်/ကျေးတွေကစတာလို့ ပြောလို့ရပါတယ်။

ဒါကြောင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို စနစ်တကျနဲ့ စွမ်းဆောင်ရည်တွေ မြှင့်တင်ဖို့ စာရင်းစစ်တာကစလို့ စာရင်းကို ပြုစုပုံ၊ သုံးစွဲပုံ သုံးစွဲနည်းတွေ၊ လျှပ်စစ်ကဏ္ဍတွေမှာ ငွေကြေးကို ဘယ်လိုသုံးရမယ်၊ လမ်းတံတားတွေမှာ ဘယ်လိုငွေကြေးတွေ သုံးရမယ်၊ စီမံကိန်းတွေ ရေးဆွဲတဲ့နေရာမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမယ်၊ လယ်ယာမြေစီမံ ခန့်ခွဲရေးတွေမှာ ဘယ်လိုဆောင်ရွက်ရမယ် စသဖြင့် ဒါတွေ အားလုံးစွမ်းဆောင်နိုင်အောင် သင်တန်းဖွင့်လှစ်ပေးပြီး အသိပညာပေးနေသလို ခရိုင်၊ မြို့နယ်အဆင့်ဆင့်နဲ့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်စေပါတယ်။

ဒီမိုကရေစီ အလေ့အထကောင်းတွေ တိုးတက်စေဖို့အတွက် ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ အကြိမ်ပေါင်းများစွာ ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးပြီး အသိပညာပေးရေး လုပ်ငန်းတွေကို အဓိကထား ဆောင်ရွက်ခဲ့ပါတယ်။ ဒေသခံပြည်သူတွေရဲ့ တင်ပြချက်တွေကို ညှိနှိုင်းဖြေရှင်းပေးပါတယ်။

မေး ။ ။ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ပတ်သက်ပြီး ဆောင်ရွက်ချက်တွေကို သိချင်ပါတယ်ရှင့်။

ဖြေ ။ ။ တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ဖို့အတွက် မြို့နယ် ၂၈ မြို့နယ်မှာ ပြည်သူကို ဗဟိုပြုတဲ့ ဥပဒေအထောက်အကူပြု အဖွဲ့ရုံးတွေ ဖွင့်လှစ်ပြီး ငွေကြေးမတတ်နိုင်တဲ့၊ ဥပဒေဗဟုသုတနည်းပါးတဲ့ ပုဂ္ဂိုလ်တွေကို ဥပဒေနဲ့ ပတ်သက်လို့ နားလည်မှုရှိအောင် အကူအညီပေးတဲ့ လုပ်ငန်းတွေဆောင်ရွက်ပေး နေပါတယ်။ ဒါ့အပြင် တရားရုံးတွေမှာ (Infor-mation Counter) လို့ ခေါ်တဲ့သတင်းအချက် အလက်ဖြန့်ဝေတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ထားရှိပါတယ်။ တရားရုံးတွေမှာ မီဒီယာတွေ သတင်းယူတဲ့နေရာမှာ လွယ်ကူလျင်မြန်စေဖို့ အတွက် Court Information Officer(CIO) ဆိုပြီး Media Room တွေ ထားရှိပါတယ်။

တရားဥပဒေစိုးမိုးရေးကို ပြန်ပြောမယ်ဆိုရင် အမှုကြီး ၁ဝ မျိုး ကြိုတင်ကာကွယ်ရေးကို အထူးအလေးထားပြီး ဆောင်ရွက်ပါတယ်။ အထူးသဖြင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တရားခံပေါင်း ၂၃၆ ဦးကို ဖော်ထုတ်ဖမ်းဆီးခဲ့ပါတယ်။ အသိပညာပေး ဟောပြောမှုပေါင်း ၁၈၀ ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

မေး ။ ။ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ ပတ်သက်ပြီးဆောင်ရွက်ချက်တွေကို သိချင်ပါတယ်ရှင့်။

ဖြေ ။ ။ တိုင်းဒေသကြီးအတွင်း ဥပဒေအထောက်အကူပြုရုံးတွေ ဖွင့်လှစ်ပါတယ်။ ဥပဒေအထောက်အကူပြုရုံးတွေကို မြို့နယ် ၂၈ မြို့နယ်မှာ ဖွင့်လှစ်ပြီးဖြစ်သလို ပြည်သူလူထုကို အများကြီးအထောက်အကူ ပြုနေတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။ မြေယာခွန်ဥပဒေကဲ့သို့သော ဥပဒေတွေ၊ ဗြိတိသျှခေတ်ကတည်းက ကောက်ခံလာတဲ့အခွန်တွေဟာ နှစ်ကျပ်တန် သည်၊ သုံးကျပ်တန်သည် စသဖြင့် ခေတ်နဲ့ မလျော်ညီတော့တဲ့အတွက် ဒါကို ပြင်ဆင်ဖို့ နိုင်ငံတော်သမ္မတထံ တင်ပြပြီး တောင်းခံထားဆဲဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ပူးပေါင်းပြီး သင့်တင့်လျောက်ပတ်တဲ့ အခွန်အခ သတ်မှတ်မှုဖြစ်စေရေးကို ဆောင်ရွက် လျက်ရှိပါတယ်။

မေး ။ ။ လယ်ယာမြေကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုကို သိချင်ပါတယ်ရှင့်။

ဖြေ ။ ။ လယ်ယာမြေကဏ္ဍနဲ့ ပတ်သက်ပြီးအကျိုးတူပူးပေါင်းတဲ့ လယ်ယာ စိုက်ပျိုးရေးစနစ်ကို ဆောင်ရွက်နေပါတယ်။ ဒါက တစ်ဦးချင်းကွဲပြားနေတဲ့ တောင်သူ လယ်သမားတွေကို စုပေါင်းပြီးလုပ်တတ်တဲ့ အလေ့အကျင့်ဖြစ်အောင် စုပေါင်းပြီးလုပ်မှသာလျှင် ငွေချေးတဲ့အဖွဲ့အစည်းတွေ၊ စိုက်ပျိုး ရေးပညာရှင်တွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး လုပ်နေရတဲ့ Marketing ကိစ္စတွေကအစ ပူးပေါင်းဆောင်ရွက်တတ်တဲ့ သဘောတရားတွေကို တောင်သူလယ်သမားဦးကြီးတွေ သိရှိ နိုင်ဖို့ အကျိုးတူ ပူးပေါင်းလယ်ယာစိုက်ပျိုးရေး ဥပဒေကနေတစ်ဆင့် တိုးတက်မှုတွေ ရရှိမှာ ဖြစ်ပါတယ်။ ငါးလုပ်ငန်းဥပဒေကို စနစ်တကျ ထပ်မံပြင်ဆင်ဖွဲ့စည်းပြီး ပဲခူးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ အင်းအိုင်တွေ၊ ချောင်းမြောင်းတွေ၊ လူလုပ်ငါးကန်တွေ အဆင့်အထိ စနစ်တကျနဲ့ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတော်သမ္မတရုံးကနေ အဓိက ညွှန်ကြားလာတဲ့ မြေယာကိစ္စတွေကို အထူး အလေးထား ဖြေရှင်းနေပါတယ်။ ပြဿနာ အားလုံးရဲ့ အရင်းမြစ်သည် မြေယာကိစ္စနဲ့ ဆက်စပ်ပါတယ်။ ဒါ့ကြောင့် မြေယာပြဿနာတွေကို အထူးအလေးထားပြီး ဖြေရှင်းဖို့ အတွက် ကော်မတီဖွဲ့ပြီး ဆောင်ရွက်လျက်ရှိ ပါတယ်။

မေး ။ ။ တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသတွေပါမကျန် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေဖို့ ဆောင်ရွက်နေမှုကို သိချင်ပါတယ်ရှင့်။

ဖြေ ။ ။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ပတ်သက်လို့ ဒီနှစ်အတွင်းမှာ တိုင်းဒေသကြီးအတွင်း ကွန်ကရစ်လမ်း အရှည်မိုင်ပေါင်း ၁၀၅ မိုင်ခန့် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျောက်လမ်း ၁၃၆ မိုင်ခန့်၊ ဂဝံ လမ်းပေါင်း ၁၄၈ မိုင်ခန့်နဲ့ မြေသားလမ်း ၅၂ မိုင်ခန့်၊ ကျေးလက်တံတားပေါင်း ၁၆၀ နဲ့ ကျေးလက်ကုန်ထုတ်တံတားပေါင်း ၁၃၃ စင်း အရှည်ပေ ၁၂၀၄ ပေရှိတဲ့ တံတားတွေ ဆောက် လုပ်နိုင်ခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီးကို အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ပိုင်းခြားထားတဲ့ ပဲခူးရိုးမကြီးကနေ ဖြတ်သန်းသွားလာတဲ့ လမ်းတွေထဲမှာ အုတ်တွင်း - ပေါက်ခေါင်းလမ်း၊ မင်းလှ - ဖဒို လမ်းဆိုပြီး ရှိပါတယ်။ သာဂရလမ်းဆိုတာက မကွေးတိုင်းဒေသကြီးနဲ့ ဆက်စပ်တဲ့ တစ်လမ်း ရှိပါတယ်။ လမ်းအသွယ်သွယ်မှာ ပဲခူးနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ သာယာဝတီမြို့ဟာ သွားရေးလာရေးခက်ခဲတဲ့အတွက် ပဲခူးကနေ သာယာဝတီကို တိုက်ရိုက်ဖြတ်သွားလို့ရတဲ့လမ်းကို စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သာယာဝတီကနေ မိုင် ၃၀ လောက် ချဲ့လိုက်တာနဲ့ သာယာဝတီနဲ့ ပဲခူးကို ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့ကို ချိတ်ဆက်တဲ့ လမ်းတွေထဲမှာ စစ်တောင်းမြစ်ကိုဖြတ်ပြီး ရေတာရှည် မြို့နယ်နဲ့ တောင်ငူမြို့နယ်ကို ချိတ်ဆက်ပြီး အဲဒီကနေတစ်ဆင့် ကရင်ပြည်နယ်၊ ကယား ပြည်နယ်နဲ့ထိုင်းနိုင်ငံအထိ ဆက်သွယ်တဲ့ လမ်းက တော်တော်များများ ပြီးစီးနေပါပြီ။ ထို့အတူ စစ်တောင်းမြစ်ကိုဖြတ်တဲ့ တံတားထဲကမှ အုတ်တွင်း - ထန်းတပင်တံတား၊ ရွှေကျင်ချောင်းတံတား၊ ပဲခူးမြစ်ကူးတံတားဖြစ်တဲ့ က၀မြို့ရှောင်လမ်း တံတားနဲ့ ပဲခူးမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ သမိန်ဗရမ်းလမ်းတံတားတွေက ဖွံ့ဖြိုးရေးလုပ်ငန်းထဲ ပါဝင်ပါတယ်။ ဒီတံတားကြီးတွေပြီးရင် လူမှုစီးပွားဘဝအပြင် ခရီးသွားလုပ်ငန်းတွေပါ တိုးတက်လာမှာ ဖြစ်ပါတယ်။

မေး ။ ။ လျှပ်စစ်မီး၊ သောက်သုံးရေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုကို သိချင်ပါတယ်ရှင့်။

ဖြေ ။ ။ ကျေးရွာတွေမှာ လျှပ်စစ်မီးလင်းရေး ကဏ္ဍဟာ အရေးပါတဲ့အတွက် လျှပ်စစ်မီးလင်းရေးကို နိုင်ငံတော်နဲ့ဆက်စပ်ပြီး လုပ်တဲ့နေရာမှာ ဆိုလာစနစ်နဲ့ ၁၀ မိုင်/ ၁၁ မိုင်ထက်ကျော်တဲ့ တစ်နည်းအားဖြင့် နိုင်ငံတော်က လျှပ်စစ်မီးပေးတဲ့နေရာတွေနဲ့ အင်မတန်ဝေးကွာတဲ့ နေရာတွေက ကျေးရွာ တွေကို ဆိုလာမီးလင်းရေးနဲ့ ၁၅ ရွာ၊ အိမ်ထောင်စုပေါင်း ၅၂၇ စုကို လျှပ်စစ်မီး ပေးခဲ့ပါတယ်။

လျှပ်စစ်ကဏ္ဍသည် အင်မတန် အရေးကြီး တဲ့အတွက် အထူးသဖြင့် ၂၀၃၀ ပြည့်နှစ် အတွင်း တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်မှာဖြစ်တဲ့အတွက် ပဲခူးတိုင်းဒေသကြီး အတွင်းရှိတဲ့ ဇောင်းတူ ကျေးရွာဆိုလို့ရှိရင် 33 KVA (၁၂) မိုင် တည် ဆောက်ပါတယ်။ သနပ်ပင် - က၀ ဘက်မှာ ဆိုရင်လည်း 33 KV လိုင်း ၁၄ ဒသမ ၅ မိုင် တည်ဆောက်ပါတယ်။ ကဝမှာ 33 / 11 KV 5 MVA ဓာတ်အားခွဲရုံ တစ်ရုံ၊ မုန်းမှာ 33 / 11 KVA လိုင်း ၁၂ မိုင် တည်ဆောက်ရန် စီစဉ်နေ ခြင်းနဲ့ 11 KV ဓာတ်အားလိုင်း ၇၂ ဒသမ ၉၉ မိုင်၊ 400 V ဓာတ်အား လိုင်း ၄၂ ဒသမ ၀၃၂ မိုင်နဲ့ ထရန်စဖာအလုံး ၉၀ တည်ဆောက်နိုင် ခဲ့ပါတယ်။

ပြည်ထောင်စု NEP စီမံကိန်း (၂) မိုင် အတွင်းမှာ ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ကျေးရွာပေါင်း ၁၄၆၀ ကို ဆိုလာစနစ်ပေါင်း ၂၄၁၀ နဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ NEP (၂) မိုင်အတွင်းပါတဲ့ ကျေးရွာ ၁၂ ရွာ၊ ၅ မိုင် အတွင်းပါတဲ့ ကျေးရွာ တစ်ရွာနဲ့ ၅ မိုင်အထက် ရွာပေါင်း ၆ ရွာကို ပြီးခဲ့တဲ့နှစ်က လျှပ်စစ်မီးလင်းပေးနိုင်ခဲ့ပါတယ်။ ကျေးလက်ရေရရှိရေးနဲ့ ပတ်သက်လို့ ရေတွင်းရေကန်ပေါင်း ၃၃၀ ကျော် တူးဖော်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ကျေးလက် ဒေသဖွံ့ဖြိုးရေးကော်မတီတွေကို ကျွန်တော်တို့က ဖွဲ့စည်းပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ ဖော်ဆောင်ခြင်း၊ တိုးတက်ထွန်းကားမှုအတွက် လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း၊ လျှပ်စစ်၊ ရေရရှိရေး စသဖြင့် အားလုံးကို ဒီကျေးလက် ဒေသဖွံ့ဖြိုးရေးကော်မတီတွေကနေပြီး ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းဆန်ဆန် ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းပေးထားပြီးဖြစ်ပါတယ်။

တိုင်းဒေသကြီးအတွင်း တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ ကျွန်တော့်အနေနဲ့ တစ်နှစ်ကို ဘတ်ဂျက်ငွေကျပ်ဘီလီယံ ၁၆၀ လောက်ကနေ စခဲ့တာက အခု ငွေကျပ်ဘီလီယံ ၂၀၀ အထိရရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော် တို့က တည်ဆောက်ရေးလုပ်ငန်းတွေကို စနစ် တကျ တစ်နည်းအားဖြင့် သင့်တင့်လျောက်ပတ် သော အချိန်ကာလတစ်ရပ်အထိ အင်ဂျင်နီယာ စံချိန်စံနှုန်းတွေနဲ့ပြည့်မီတဲ့ အဆောက်အဦတွေ ဖြစ်စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကနေပြီး Bago Region Construction Board ဆိုပြီး တစ်နည်းအားဖြင့် တတိယအဖွဲ့အစည်းဖြစ်တဲ့ တည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်စေဖို့အတွက် BRCB(T)အဖွဲ့ကို ဖွဲ့ပြီး စနစ်တကျ အနီးကပ်ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း တင်ပြလိုပါတယ်။

မေး ။ ။ ကျန်းမာရေးကဏ္ဍနဲ့ ဆောင်ရွက်နေမှုတွေကို သိချင်ပါတယ်ရှင့်။

ဖြေ ။ ။ ကျန်းမာရေးကဏ္ဍအနေနဲ့ ၁၆ခုတင် ဆံ့ တိုင်းရင်းဆေးရုံ သုံးရုံ၊ တိုင်းရင်းဆေးဌာန တစ်ခု၊ ခုတင် ၅၀ ဆံ့ ဆေးရုံ တစ်ရုံ၊ ၁၆ ခုတင် ဆံ့ဆေးရုံ ငါးရုံ တည်ဆောက်ပေးခဲ့ပါတယ်။ ကျန်းမာရေးနဲ့ကိစ္စတွေမှာ ဈေးတွေ၊ ကျောင်းတွေနဲ့ စားသောက်ဆိုင်တွေမှာ FDA ကနေပြီး ရှောင်တခင်စစ်ဆေးခြင်းကို Mobile Lab တွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုတွေကို ပြောပြပေးပါဦးရှင်။

ဖြေ ။ ။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအနေနဲ့ နှစ်ပေါင်း ၅၀၀ ကျော်သက်တမ်းရှိတဲ့ ကမ္ဘောဇသာဒီနန်းတော်ကြီးရဲ့ ကျုံးကို စတင်တူးဖော်နေပါတယ်။ ကျုံးကို တူးဖော်တဲ့အပြင် မြို့ရိုးတွေကိုလည်း နဂိုမူလအတိုင်း ဖြစ်ပေါ်ရေး ပြန်လည်ပြီး ဆောင်ရွက်နေပါတယ်။ နှစ်ပေါင်း ၅၀၀ ကျော်ပြီဖြစ်တဲ့အတွက် အင်မတန်ခက်ခဲတဲ့ အလုပ်ကြီးကို ဌာနဆိုင်ရာတွေနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ခရီးသွားလုပ်ငန်းတွေ တိုးတက်စေဖို့ ရွှေကျင်မြို့နယ် ကျိုက်ထီးရိုးဘုရားလေးက ဘုရားဖူးလုပ်ငန်း ပြန်လည်ဖော်ထုတ်ရေးကို အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီး ဖော်ထုတ် တဲ့အခါမှာ ခရီးသွားလုပ်ငန်းတွေ စတင် အသက်ဝင်လျက်ရှိပါတယ်။ ထို့အပြင် ကျောက်ကြီးမြို့နယ်ရှိ ကြောင်ပြာဒေသ ဂဝံထုံးကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ ရှေးမြို့ဟောင်းကို ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပါတယ်။

ရေတာရှည်မြို့နယ် နန်ချွန်ကျေးရွာမှာ ရှိတဲ့ ဒုတိယကမ္ဘာစစ်တုန်းက အသုံးပြုခဲ့တဲ့ ဘန်ကာတွေနဲ့ လေယာဉ်ပြေးလမ်းတွေကို ပြန်လည်ဖော်ထုတ်ပြီး ဒုတိယကမ္ဘာစစ်အထိမ်း အမှတ်ဥယျာဉ်(Second World War Memory Park) သဘောမျိုး ဖော်ဆောင်ပြီး ခရီးသွား လုပ်ငန်းထဲမှာ ထည့်သွင်းဖို့စီစဉ်နေပါတယ်။ ပန်းတောင်းမြို့နယ် ရွှေဘုံသာမုနိဘုရားနဲ့ ဖိုးဦးတောင်ဘုရားအနီး မှာရှိတဲ့ နေရာတွေကို ရုက္ခဗေဒဥယျာဉ်နဲ့ ပြည်မြို့မှာရှိတဲ့ အောင်မြင်ဗာဟုမှာရှိတဲ့ သစ်တောနယ်မြေတွေကို ခရီးသွားနယ်မြေ အဖြစ်၊ ရွှေတောင်မှာရှိတဲ့ ရွှေနတ်တောင် ဘုရားဝန်းကျင်ဒေသကို ရုက္ခဗေဒဥယျာဉ် အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်သစ်တောတွေ ထူထောင်ခြင်း၊ ဒေသခံတွေအတွက် ဝါး၊ သစ် လက်မှုပစ္စည်းတွေ သင်တန်းပေးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုကို သိပါရစေရှင့်။

ဖြေ ။ ။ တိုင်းဒေသကြီးအတွင်း FDA နဲ့ ဆက်စပ်တဲ့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အော်ဂဲနစ်အသီးအနှံတွေ ပေါ်ထွန်း ရေးကို စတင် စမ်းသပ်ဖော်ထုတ်နေပါတယ်။ ဒီလိုစိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ မူလကိစ္စဖြစ်တဲ့ လယ်ယာမြေ အငြင်းပွားမှု ၁၉၂ မှုအနက် ၁၂၅ မှုကို ဖြေရှင်း ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် မြေယာအငြင်းပွားမှုတွေက မကြာခင်ပြေလည်အောင် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ နောက် စားကျက်မြေတွေကို လွှတ်ကျောင်းစနစ်နဲ့ မဟုတ်ဘဲ စနစ်တကျ နေဗီယာမြက်စိုက်ပြီး တစ်ဦးချင်း တစ်ယောက် မွေးမြူတဲ့ပုံစံမျိုးနဲ့ မွေးမြူရေး၊ စိုက်ပျိုးရေး ပေါင်းစပ်စိုက်ပျိုးတဲ့နည်းနဲ့ စီမံကိန်းချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။ Contract Farm လုပ်ငန်းတွေကို ပေါင်းစပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့တော်စည်ပင်သာယာရေးကဏ္ဍ ဆောင်ရွက်နေမှုကို သိချင်ပါတယ်ရှင့်။

ဖြေ ။ ။ စည်ပင်သာယာရေးကဏ္ဍမှာ မြို့ပြကျေးလက်လူထုအနေနဲ့ စည်ပင်သာယာရေးကဏ္ဍတွေနဲ့ တိုက်ရိုက်ထိတွေ့ နေရတဲ့အတွက် ဈေးတွေနဲ့ ပတ်သက်ပြီး မီးလောင်သွားတဲ့ နတ်သံကွင်းဈေးနဲ့ သဲကုန်းမြို့နယ် အင်းမဈေးတွေကို အသစ်ပြန်လည် ဆောက်လုပ်ပြီး ဖွင့်လှစ်ဖို့ ဆောင်ရွက်နေပါတယ်။

ပဲခူးမြို့က လမ်းဆုံမြို့ဖြစ်တဲ့အတွက် အင်မတန်ကျပ်တည်းနေတဲ့ဘဝကနေ ပြုပြင် ပြောင်းလဲဖို့အတွက် ကလိလက်ကားဈေးကြီး ကို ပဲခူးမြို့နဲ့ ခပ်လှမ်းလှမ်း မြို့ရှောင်လမ်းဆုံမှာ တည်ဆောက်လျက်ရှိပါတယ်။ ဒီဈေးကြီးပြီးပြီဆိုရင် လက်ကားကိစ္စတွေ အပါအဝင် လက်လီကိစ္စတွေကိုပါ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တဲ့ တောင်ငူ မြို့မဈေးကြီးကို စီမံကိန်းတွေချပြီး တစ်ဆင့် ပြီးတစ်ဆင့် ဒေသခံတွေနဲ့ ပေါင်းစပ်ဆောင်ရွက် လျက်ရှိပါတယ်။

မေး ။ ။ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး ဆောင်ရွက်နေမှုကို သိချင်ပါတယ်ရှင့်။

ဖြေ ။ ။ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်လို့ ပဲခူးတိုင်း ဒေသကြီးမှာ SME လုပ်ငန်းတွေကို တွန်းအားပေး ဆောင်ရွက်နေသလို Skilled Labor ကျွမ်းကျင်မှုသင်တန်းတွေ ဖွင့်လှစ်ပေးပါတယ်။ Human Resources (HR)တွေ မွေးထုတ်ပေးလျက်ရှိပါတယ်။ Bago Region Investment Committee ကနေပြီး စက်ရုံတွေ အထူးသဖြင့် တရုတ်နိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေ က လာရောက်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ အမြန်ဆုံးရင်းနှီးမြှုပ်နှံ နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြည်တွင်းမှာ သက်မွေးပညာလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ရွှေတောင်မြို့က ရက်ကန်းနဲ့ ပတ်သက်တဲ့ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေ၊ ဖြူးမြို့မှာ နယ်စပ် ရေးရာဝန်ကြီးဌာနကနေ ဆောင်ရွက်ပေးတဲ့ အထည်ချုပ်လုပ်ငန်းတွေ၊ သင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးတဲ့အပြင် စားသောက်ကုန် လုပ်ငန်းတွေကို ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်အောင်အထိ တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။

စက်မှုနယ်မြေတွေနဲ့ ပတ်သက်လို့ SME လုပ်ငန်းတွေကို အထူးအလေးထားပြီး မြို့နယ်တိုင်းမှာ အကောင်အထည်ဖော်လျက်ရှိပါတယ်။ စက်မှုဇုန်လုပ်ငန်းတွေကနေ သင့်တင့်လျောက်ပတ်တဲ့ အခွန်တွေရရှိရေးကို ဆောင်ရွက်လျက် ရှိပါတယ်။ အခွန်တွေနဲ့ ပတ်သက်လို့ လယ်ယာကဏ္ဍ အခွန်ငွေတွေကို အပြည့်အဝ တဖြည်းဖြည်းနဲ့ တိုးတက်ကောက်ခံရရှိရေး လယ်ခွန်၊ မြေခွန်နဲ့ ဂရန်ခွန်တွေအပြင် ရေခွန် စသဖြင့် အခွန်တွေကို ပြည့်ဝစွာ ရရှိရေးအတွက် နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ။ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဆောင်ရွက်နေမှုကို ရှင်းပြ ပေးပါဦးရှင့်။

ဖြေ ။ ။ တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း ၈၃ ခုမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၈၄ ဒသမ ၆၆၆ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။ ပဲခူးမြို့ ကလိ(တပ်ကလေး) ကျေးရွာအနီးနဲ့ ပြည်မြို့ အနီးမှာ စက်မှုလုပ်ငန်းတွေ၊ အိမ်ရာစီမံကိန်း တွေ၊ Town Plan တွေ ရေးဆွဲပြီး ဆောင်ရွက် လျက်ရှိပါတယ်။

Town Plan တွေက လူနေမှုစနစ်မှာ အရေးပါတဲ့အတွက် မြို့ပြစနစ်တွေကို တဖြည်းဖြည်းနဲ့ လိုက်လျောညီထွေမှုဖြစ်အောင်၊ စက်မှု ဇုန်အသေးစားလေးတွေ၊ စက်မှုမြို့ငယ်လေးတွေ မြို့တိုင်းမှာ ပြောင်းရွှေ့ပြီးဖော်ဆောင်နိုင်အောင် သက်ဆိုင်ရာလုပ်ငန်းရှင်တွေနဲ့ စက်မှုဇုန်များ ဖော်ဆောင်ရေးကော်မတီက ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ။ သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှုကို သိချင်ပါတယ်ရှင့်။

ဖြေ ။ ။ သဘာ၀ဘေးနဲ့ ပတ်သက်လို့ထန်းတပင်မြို့နယ်နဲ့ ရေတာရှည်မြို့နယ် အင်ဒိုင်း- နှောပင်ကျေးရွာမှာ စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုနဲ့ ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ပုံငွေကျပ် သန်းပေါင်း ၁၀၀၀ ကျော်သုံးစွဲပြီး ကမ်းပြို ကာကွယ်ရေးတွေ ဆောင်ရွက် လျက်ရှိပါတယ်။ ဆွာဆည်တမံကြီးကျိုးပေါက်မှုကြောင့် ပျက်စီးသွားတဲ့ ရွာတွေထဲမှာ ကျွန်းတောစုကျေးရွာရှိ အိမ်ခြေပေါင်း ၁၇၅ လုံးအတွက် နိုင်ငံတော်က ပံ့ပိုးတည်ဆောက် ပေးခဲ့ပါတယ်။ ဆွာမင်းလမ်း ကျေးရွာမှာ အိမ်ခြေ ၁၉ လုံးနဲ့ ထပ်မံတည် ဆောက်ပေးခဲ့ပါတယ်။

မေး ။ ။ ဖြည့်စွက် ပြောကြားစရာရှိရင်လည်းပြောကြားပေးစေလိုပါတယ်ရှင့်။

ဖြေ ။ ။ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး အတွင်းမှာ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်အထိ ကော်မတီအသီးသီး ဖွဲ့စည်းထားပါတယ်။ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံ တွေက ပြန်လာတဲ့ ပြည်သူတွေကို ကြိုဆို ပို့ဆောင်မှုလုပ်ငန်းတွေ ကန့်သတ်စောင့်ကြည့် ရေးစခန်းတွေဖွင့်လှစ်ထားပြီး စောင့်ကြည့်ထား ရှိတာတွေ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းထောက်ပံ့တာတွေ အများပြည်သူဖျားနာ ကုဆေးခန်းဖွင့်လှစ်တာတွေ ဆောင်ရွက်ပေး နေပါတယ်။ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဝင်ရောက်လာတဲ့သူတွေကို ပဲခူးနဲ့ ဝေါမြို့မှာ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပေးနေပါတယ်။

တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံတွေကို အဖွဲ့နဲ့စစ်ဆေးပြီး စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ စက်ရုံတွေကို စနစ်တကျ ဖွင့်လှစ်စေပါတယ်။ ဥပဒေကြောင်းအရ ညမထွက်ရ အမိန့်ထုတ်တာတွေ၊ မလိုအပ်ရင် အပြင်မထွက် ကြဖို့ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားတာတွေ၊ မကြာခဏ လက်ဆေးဖို့စတဲ့ အသိပညာပေးမှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးတွေ လုပ်ဆောင်နေပါတယ်။ တစ်ဦးတစ်ယောက်ချင်းမှသည် ပြည်သူ အားလုံး ပူးပေါင်းပါဝင်လာမှ ဒီကပ်ရောဂါကို ထိန်းချုပ်နိုင်မှာဖြစ်တဲ့အတွက် ပြည်သူ အားလုံး ပူးပေါင်းပါဝင်ကြဖို့ ပြောကြား လိုပါတယ်။ ။

တွေ့ဆုံမေးမြန်း - သီသီမင်း /ဓာတ်ပုံ-တင်စိုး(ပဲခူး)