ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကျင်းပ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုရန် သဘောတူညီအတည်ပြုနိုင်

နေပြည်တော်  ၂၀  ဩဂုတ်

 

အကြိမ်(၂၀)မြောက် ပြည်ထောင်စုဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁  (MICC-1) ပတ္တမြားခန်းမ တွင်ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုရန် သဘောတူညီ၍ အတည်ပြုချက်ရရှိခဲ့ ကြောင်းသိရသည်။

 

အစည်းအဝေးအပြီး မွန်းလွဲပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်များ ဖြစ်ကြသည့် တာလှဖေ၊ ဦးဇော်ဌေးနှင့် နိုင်အောင်မငေးတို့က  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေး၌ ချုပ်ဆိုသွားမည့် အပိုင်းသုံးပိုင်းပါဝင်သည့် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုမည့် ပုံစံနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း-(၃) ချုပ်ဆိုမည့်ပုံစံနှင့်ပတ်သက်၍ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးက “ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) မှာချုပ်ဆိုမယ့် အချက်အလက်တွေကို ညီလာခံပထမနေ့မှာ တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။ ညီလာခံမှာ တင်သွင်းခဲ့တဲ့ အဆိုပြုချက်တွေကို ဒီကနေ့ UPDJC အစည်းအဝေးက အတည်ပြုတာဖြစ်ပါတယ်။ အတည်ပြုပြီးရင် မနက်ဖြန်မှာ ပြည်ထောင်စု သဘောတူ စာချုပ်အပိုင်း-(၃)မှာ ထည့်သွင်းချုပ်ဆိုမှာဖြစ်ပါတယ်။ အခုကတော့ မနက်ဖန် ညီလာခံမှာ လက်မှတ်ရေးထိုး အတည်ပြုမယ့် အနေအထားကို ရောက်ရှိသွားပါပြီ” ဟုပြောသည်။

 

ချုပ်ဆိုသွားမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် အပိုင်း (၁)တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (National Ceasefire Agreement-NCA) အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်၊ အပိုင်း(၂) ၂၀၂ဝ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အပိုင်း (၃) ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေမူများ ပါဝင်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

 

UPDJC အတွင်းရေးမှူး အဖွဲ့ဝင် နိုင်အောင်မငေးက “မနက်ဖြန်အတွက် အဆိုပြုချက် (၃) ချက်မှာဆိုရင် အပိုင်းတစ်မှာ NCA အကောင်အထည်ဖော်မှုဆိုင် မူဘောင် သဘောတူညီချက်ကို အဆိုပြုမယ်။ ထောက်ခံကြမယ်။  အပိုင်းနှစ် မှာ ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုကို အဆိုပြုမယ်။ ထောက်ခံကြမယ်။ အပိုင်းသုံးမှာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူတွေကို အဆိုပြုမယ်။ ထောက်ခံမယ်။ ဒီသုံးခုကို မနက်ဖန် အစီအစဉ်မှာထည့်သွင်းသွားပါမယ်” ဟုပြောသည်။

 

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုရာတွင် အခမ်းအနား အစီအစဉ်(၁၁)ရပ်နှင့် ညီလာခံကို ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

 

အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်လာနိုင်ရေး အစိုးရ ဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် မေးမြန်းမှုအပေါ် ဦးဇော်ဌေးက “နှစ်ဖက်စလုံးက တွေ့ဆုံဖို့ညှိနေတာရှိတယ်။ နောက်ဆုံးလာတဲ့ KIA+3 လေးဖွဲ့ရဲ့ Position နဲ့ သူတို့ရဲ့ သဘောထားကို ကျွန်တော်တို့ဖက်ကို တင်သွင်းလာတဲ့အခါမှာ ကျွန်တော်တို့ဖက်မှာလည်း အစိုးရ၊ တပ်မတော်၊ လွှတ်တော် ပြန်ထိုင်ဖို့လိုတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော် တို့ စီစဉ်နေတယ်။ အထူးသဖြင့် ဒီအဖွဲ့တွေထဲမှာ ထူးခြားချက်တွေ ပါနေတဲ့အတွက် ညီလာခံကို ဖိတ်ကြားတာကအစ အကန့်အသတ်တွေလုပ်ရတဲ့ အနေအထားလေး တွေရှိလာတယ်။ ဒါကြောင့် ဒီ ၄ ဖွဲ့နဲ့ ဆွေးနွေးဖို့က ဘယ်ပုံဘယ်နည်း သွားမယ်ဆိုတာကို အထူးသဖြင့် တပ်မတော်နဲ့ အစိုးရကြားမှာပြန်ညှိရမယ့် သဘောရှိပါ တယ်။ အဲဒါတွေ ပြီးသွားရင် သူတို့ကို တရားဝင်အကြောင်းပြန်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်တယ်။

 

“နောက်တစ်ချက်က MoU ညှိနှိုင်းနေတဲ့ အနေအထားလေးတွေရှိတယ်။ ဒီအပိုင်းမှာ လည်း တခါတလေကျတော့ EAO တွေဘက်မှာလည်း နီးကပ်လာတဲ့ ရွေးကောက်ပွဲ အနေအထား၊ ရွေးကောက်ပွဲအလွန် အခြေအနေ စသဖြင့်တွက်ချက်နေတဲ့သဘောလည်း ရှိနိုင်ပါတယ်။ ဒါတွေကလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်တွေဖြစ်ပါတယ်။ ဒီကြားမှာတော့ တွေ့ဆုံဖို့က ကိုဗစ်-၁၉ လက်ရှိအခြေအနေ၊ အခုဆိုရင် ရခိုင်ပြည်နယ်မှာ ကူးစက်မှုအနေအထားက သတိတော်တော် ထားရမယ့်အနေအထားလေးတွေ  ဖြစ်လာတယ်။ ဒါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း Second Wave ဖြစ်လာမှာ စိုးတဲ့အတွက် ညွှန်ကြားချက်တွေလည်းထပ်ပြီးထွက်ထားတယ်။ ကိုဗစ်-၁၉ ကြောင့် လက်ရှိ အနေအထားအရ ခရီးသွားလာရတာအခက်အခဲရှိတယ်။ ဥပမာ- တရုတ် နိုင်ငံမှာ သွားတွေ့ရမယ်ဆိုပါစို့၊ တရုတ်မှာလည်း သူ့နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းအရ Quarantine စည်းကမ်းတွေရှိမယ်။ အလားတူ အဲဒီကပြန်လာရင်လည်း ဒီမှာပြန်ပြီး Quarantine ဝင်ရမှာ ဆိုတဲ့ စည်းကမ်းတွေရှိတယ်။ နံပါတ်(၃) ညှိနှိုင်းနေတဲ့ကိစ္စတွေမှာ အစိုးရပိုင်းမှာလည်း တပ်မတော်နဲ့ အကြေအလည် ပြန်ညှိရမယ့် အပိုင်းတွေရှိတယ်။ အဲဒီအချက် ၃ ချက်ကြောင့် လောလောဆယ်ဖြစ်နိုင်ဖို့ ခက်မယ်” ဟုဖြေကြားသည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရ၏ ပါဝင်မှုအခန်းကဏ္ဍနှင့်ပတ်သက်၍ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် တာလှဖေက “ ကျွန်တော် နားလည်သလောက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ UPDJC အခန်းကဏ္ဍ၊ JICM အခန်းကဏ္ဍ၊ JMC အခန်းကဏ္ဍ၊ နောက် NRPC နဲ့ PC ပေါ့။ အစိုးရ၊ လွှတ်တော်၊ တပ်မတော် က အနားတစ်နား၊ တိုင်းရင်းသား လက်နက်ကိုင် EAO တွေက တစ်နား၊ ကျွန်တော်တို့ နိုင်ငံရေးပါတီက တစ်နားဆိုပေမယ့် အစိုးရရဲ့ အခန်းကဏ္ဍကတော့ ခေါင်းတွဲပါပဲ။ နိုင်ငံတကာနဲ့ ချိတ်ဆက်ရာမှာ လည်းကောင်း၊ ပြည်ထောင်စုအဆင့် အခမ်းအနားတွေ ကျင်းပရာမှာလည်းကောင်း အစိုးရရဲ့ ပါဝင်အားစိုက်မှု မပါရင် မလွယ်ကူတဲ့ အနေအထား မှာရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့တန်းတူရည်တူ ညှိနှိုင်းဆွေးနွေး နေပေမယ့် အကောင်အထည်ဖော်တဲ့ နေရာမှာတော့ အစိုးရက ဦးဆောင်တဲ့ အခန်းကဏ္ဍမှာရှိတယ်လို့ မြင်ပါတယ်။ ကျွန်တော် တစ်ဦးတည်း ရဲ့သဘောထားပါ” ဟု ဖြေကြားသည်။

 

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဦးဇော်ဌေးက “ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) က ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် (Local Process) ပါ။ ဒါကြောင့် နိုင်ငံတကာက ဝင်ပြီးတော့ ဦးဆောင်ပေးတာတို့၊ ညှိနှိုင်းပေးတာတို့ မရှိဘူး။ ဒါကြောင့် အစိုးရက ဦးဆောင်ရတယ်။ ဘယ်အချိန်မှာ ဖြစ်ဖြစ် ရှိနေတဲ့ အစိုးရက ဦးဆောင်ရတယ်။ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်းတာလည်း အစိုးရပဲ။ NCA လက်မှတ်ထိုးထားပြီးသားအဖွဲ့တွေနဲ့ ညှိနှိုင်းလည်း အစိုးရကပဲ ဦးဆောင်ရတယ်။ နိုင်ငံရေးဆွေးနွေးရေး အပိုင်းတွေ၊ အပစ်အခတ်ရပ်စဲရေး (ceasefire) အပိုင်းတွေ ဆိုလည်း အစိုးရကပဲ ဦးဆောင်ရတာပဲ။

 

“သို့သော် ကျွန်တော်တို့မှာ ထူးခြားချက်ရှိတယ်။ EAO  တွေထဲမှာလည်း NCA ထိုးပြီး သား (၁၀) ဖွဲ့ရှိတယ်။ (၁၀) ဖွဲ့လုံးက သဘောတစ်ခုတည်းမဟုတ်ဘူး။ သူ့အထဲမှာ ဘုံသဘောတူညီချက်ရအောင် ညှိရတယ်။ အလားတူ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေး ပါတီ (၂၁) ပါတီမှာလည်း ပါတီအလိုက် မူဝါဒတွေ မတူဘူး။ အဲ့ဒါကို UPDJC စားပွဲဝိုင်းကို ရောက်လာရင် ပြန်ပြီး ညှိရတယ်။ ဘုံရပ်တည်ချက်ရှာရတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ အစိုးရ အစုအဖွဲ့ထဲမှာလည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်ရှိတယ်။ဘယ်လို ပုံ ပြန်ခွဲရလည်းဆိုတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ပြန်ညှိရတယ်။ အစိုးရကလည်း အစိုးရသဘောထား၊ လွှတ်တော်ကလည်း လွှတ်တော် သဘောထား၊ အလားတူ တပ်မတော်ကလည်း တပ်မတော် သဘောထားရှိတယ်။ အဲဒီသဘောထားတွေပေါ်မှာ တူအောင်ညှိပြီးမှ EAO နဲ့ စားပွဲဝိုင်း၊ နိုင်ငံရေးပါတီတွေနဲ့ စားပွဲဝိုင်း အဲဒီလို ညှိရတယ်။ ကျွန်တော်တို့ထဲမှာ အဲ့ဒီလို ညှိထားပေမယ့် မပါတဲ့အကြောင်းအရာ ကိစ္စရပ်တွေပါလာရင် တပ်မတော်နဲ့ ပြန်ပြီးညှိရတာရှိတယ်။ ကျန်တဲ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တော်တော်များများမှာက အစိုးရပိုင်းမှာ ဒီလိုမျိုး အစုအဖွဲ့ သုံး ဖွဲ့နဲ့ သွားတာမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ မူဘောင်တွေရေးဆွဲတဲ့အခါမှာ အစိုးရ၊ လွှတ်တော်က အစုအဖွဲ့တစ်ဖွဲ့၊ တပ်မတော်က အစုအဖွဲ့တစ်ဖွဲ့ပါ။ ဒီလိုမျိုး တပ်မတော်နဲ့ EAO က ချိန်ညှိတဲ့သဘောရှိတယ်။ ဒီလိုပဲ ညှိနှိုင်းပြီးသွားရမယ်လို့ မြင်ပါတယ်” ဟုပြောသည်။

 

အစိုးရအနေဖြင့် တပ်မတော်၏ ဩဂုတ် ၃၁ ရက်နေအထိအပစ်အခတ်ရပ်စဲမှု ကြေညာထားသည့်အပေါ် သက်တမ်းထပ်တိုးပေးရန် တောင်းဆိုဖို့ရှိ၊မရှိ မေးခွန်းနှင့် ပတ်သက်၍ ဦးဇော်ဌေးက “ကိုဗစ်-၁၉ ဖြစ်တဲ့အချိန်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တစ်ကမ္ဘာလုံးကို အပစ်ရပ်ဖို့ တောင်းဆိုချက်ရှိတယ်။ ပန်ကြားတယ်။ အဲဒီမှာ ပဋိပက္ခ ဖြစ်နေတဲ့ နိုင်ငံတွေကတုံ့ပြန်ကြတယ်။ တချို့က နိုင်ငံအဆင့်ကြေညာတယ်။ တချို့က ရက်အကန့်အသတ်နဲ့ ကြေညာတယ်။ တချို့က ဒေသအကန့်အသတ်နဲ့ ကြေညာတယ်။ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံကဆွေးနွေးတော့ ချွင်းချက်အနေနဲ့ အကြမ်းဖက်အဖွဲ့ အဖြစ်ကြေညာထားတဲ့ အဖွဲ့တွေကလွဲလို့ ကျန်တာတွေမှာ အပစ်အခတ်ရပ်စဲဖို့ ကြေညာပေးတယ်။ တပ်မတော်ရဲ့ ကြေညာချက်မှာ အဲဒီလို အလားတူက လွဲလို့ ကျန်တာတွေမှာ အပစ်ရပ်ဖို့ ကြေညာထားတယ်။ ဒါကလည်း တပ်မတော်နဲ့ အစိုးရ ညှိနှိုင်းကြေညာ ထားတာဖြစ်တယ်။ အပစ်ရပ်သက်တမ်းကို ဘယ်ကာလအထိလည်း ဆိုတော့ ကိုဗစ်-၁၉ ဖြစ်ပွားမှု ကမ္ဘာ့အခြေအနေကို ပြန်ကြည့်ရပါမယ်” ဟုပြောသည်။

 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး၌ အပိုင်းသုံးပိုင်းပါဝင်သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ချုပ်ဆိုရာတွင်  အစိုးရအစုအဖွဲ့တွင် အစိုးရကိုယ်စားလှယ်အနေဖြင့် UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့တွင် ဒေါက်တာမေဝင်းမြင့်၊ တပ်မတော် အစုအဖွဲ့တွင် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ EAO အစုအဖွဲ့တွင် ဒေါက်တာ လျန်မှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီအစုအဖွဲ့တွင် ဦးသုဝေတို့ ပါဝင်လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှသိရသည်။

 

ပြည်ထောင်ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ရရှိလာမည့် သတင်းစကားအဖြစ် NCA-S EAO အစုအဖွဲ့၏ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် နိုင်အောင်မငေးက “ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး ညီလာခံက နှစ်နှစ်ကြာ တုံ့ဆိုင်းမှု ဖြစ်ခဲ့ပါတယ်။ (၈) ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်အရ အကောင်အထည်ဖော်မှု အသစ်တစ်ရပ်ကျွန်တော်တို့ လုပ်ခဲ့တယ်။ အခုအစိတ်အပိုင်း တစ်၊ နှစ်၊ သုံးခု ပါဝင်တဲ့ ပြည်ထောင်စုသဘောတူ စာချုပ်အပိုင်း (၃) မှာ  အစိတ်အပိုင်း သုံးက နည်းနည်းထူးခြားတယ်။ ထူးခြားတာက ကျွန်တော်တို့ နိုင်ငံရဲ့ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် ပြုလုပ်မယ့် အစိတ်အပိုင်းတစ်ခုဖြစ်လာတယ်။ ၂၀၂၀ အလွန် အဆင့်လိုက် အကောင်အထည်ဖော်မှုနဲ့ အဆင့်လိုက် လုပ်ငန်းစဉ် ချမှတ်ထားတဲ့ (၈) ချက်ရှိတယ်။ ဒီ (၈) ချက်အပေါ်မှာလည်း ဆွေးနွေးဖို့အတွက် ခေါင်းစဉ်တွေရယ်၊ နောက်ဆက်လက် ဆွေးနွေးဖို့အတွက်လည်း မူအားဖြင့် သဘောတူညီမှု ရှိကြတယ်။ နောက် တစ်ခုက ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြည်နယ်အခြေခံဥပဒေကို ပြေပြေ လည်လည်ဖြစ်အောင် ဆက်လက်ဆွေးနွေးနိုင်ဖို့ လမ်းဖွင့်ပေးတယ်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ လမ်းညွှန်အခြေခံမူတွေ တိတိကျကျ ရထားတယ်။ ဆက်လက်ဆွေးနွေးဖို့ ခေါင်းစဉ်မှာလည်း ကျန်တဲ့ အဖွဲ့တွေ ပါဝင်ဖို့ လမ်းစ ရသွားပါတယ်” ဟုပြောကြားသည်။

 

နိုင်ငံရေးပါတီများအစုအဖွဲ့၏ UPDJC အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင် တာလှဖေက “ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ အစိတ်အပိုင်း(၂) မှာ (၅၁) ချက်သော ပြည်ထောင်စု သဘောတူစာချုပ်ရထားတယ်။ စုထားတဲ့သဘောဖြစ်ပြီး အခု ညီလာခံမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)ဟာ သက်ဝင်လှုပ်ရှား နိုင်အောင် ဆောင်ရွက်လိုက်တာပါ။ ပြည်ထောင်စု သဘောတူစာချုပ် ကို အကောင် အထည်ဖော်သွားမယ်ဆိုတဲ့ ကတိကဝတ်တွေ ဒီအထဲမှာ အကုန်ပါပါတယ်။ ပိုထူးခြား တာက ၂၀၂၀ အလွန်မှာ ဘယ်အစိုးရတက်တက် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အကောင် အထည်ဖော်သွားမယ်ဆိုတဲ့ ကတိကဝတ်ရတယ်။ ရပ်ဆိုင်းမသွားဘူး။ တရွေ့ရွေ့လှုပ်ရှား သက်ဝင်နေတယ်ဆိုတဲ့အကြောင်း ပြည်သူကို သတင်းစကားပါး ချင်ပါတယ်” ဟုဖြေကြားသည်။

 

အစိုးရအစုအဖွဲ့ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးဇော်ဌေးက “အချို့နိုင်ငံတွေက အပစ်ရပ် (Ceasefire) ပြီးရင် DDR ၊ SSR သွားတယ်။ ကျွန်တော်တို့က ပဏာမ အပစ်ရပ်လိုက်တယ်။ အပစ်ရပ်ပြီး နိုင်ငံရေးကို သွားမယ်ဆိုတဲ့သဘော။ NCA သဘောက တစ်ဖက်က အပစ်ရပ်လိုက်တာကို ထိန်းမယ်။ နိုင်ငံရေးဆွေးနွေးမယ်။ နောက်ဆုံးကျရင် ဖက်ဒရယ်ပြည်ထောင်စုပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပါ့မယ်လို့ ကတိကဝတ်ပေးတာ NCA စာချုပ်မှာပဲ ရှိတယ်။ ဘယ်မှာမှ မရှိဘူး။ ကျန်တဲ့လမ်းကြောင်း တွေရှိနိုင်ပေမယ့် တပ်မတော်က ကတိကဝတ် ပေးထားတာက  NCA  သဘောတူစာချုပ် ၂၂(ဃ) မှာပါတယ်။ အခု ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း-၃ မှာပါမယ့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုဆိုတာ ဒီအရာကို ပြောတာဖြစ်ပါတယ်။

 

“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတဲ့ မိန့်ခွန်းမှာ ဒီမိုကရေစီအသွင်းကူး ပြောင်းရေး၊ ဖက်ဒရယ် အသွင်းကူးပြောင်းရေးတွေလည်းပါတယ်။ တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းရေးလည်း ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး လည်းပါတယ်။ ပြောရရင် အခု ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း (၃) မှာပါမယ့် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနဲ့အဆင့်လိုက် အကောင်အထည်ဖော်မှုက အရေးကြီးသလို အပိုင်းတစ် ဖြစ်တဲ့ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင်သဘောတူညီချက်ကလည်း အရေးကြီးပါတယ်။ NCA မှာ အားနည်းချက်တွေ ရှိကောင်းရှိပေမယ့် အခုရှိနေတဲ့ အားနည်းချက်တွေ မဖြစ်ပွားအောင် ဖြေရှင်းဖို့ သဘောတူညီချက်တွေ ယူလိုက်တယ်။ အဲ့ဒီအပိုင်းမှာ ရလဒ်ကောင်းရခဲ့တယ်။

 

“နိုင်ငံရေးပိုင်းဆိုလည်း အဆင့်လိုက်သွားမယ်။ အဆင့်သုံးဆင့်နဲ့ သွားမယ်။ ဒါက နောက် ဘယ်အစိုးရ တက်တက် ဒီပုံစံသွားမယ်ဆိုပြီး လုပ်လိုက်တာဖြစ်တယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီကူးပြောင်းရေး၊ ဖက်ဒရယ်တည်ဆောက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတွေ အားလုံးနဲ့ အကျုံးဝင်တဲ့ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှု ရတဲ့အတွက် ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုပါ။ ပြောရရင် ဒီညီလာခံပြီးသွားရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကောင်းမွန်တဲ့ အနေအထားတစ်ခု ရောက်လာမယ်လို့ သတင်းစကား ပါးချင်ပါတယ်” ဟု ဖြေကြားခဲ့သည်။

 

သတင်း…ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်