ပြည်ထောင်စုစိတ်ဓာတ် နိုးကြားရှင်သန်

၂၂ ဇန်နဝါရီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ရည်မှန်းချက်သည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်လာရေးဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာမှုမရှိဘဲ၊ ပြည်ထောင်စု စိတ်ဓာတ် နိုးကြားရှင်သန်ထက်သန်မှုမရှိဘဲ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ ပြည်သူများအားလုံး ပြည်ထောင်စုစိတ်ဓာတ် မြဲမြဲခိုင်ကျည်ထက်သန်ခိုင်မာအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ယဉ်ကျေးမှုဓလေ့ပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသောနိုင်ငံဖြစ်သည်။ မတူကွဲပြားသော ပထဝီဝင် ဒေသအသီးသီးတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့သည် မိမိတို့၏ ဘာသာဓလေ့ ထုံးတမ်းစဉ်လာများကို အမြတ်တနိုးတန်ဖိုးထားရင်း မတူကွဲပြားသော တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် လက်တွဲနေထိုင်ခဲ့ကြသည်။

ထိုသို့ တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးသော စိတ်ဓာတ်အရင်းခံ၊ အေးအတူပူအမျှ လက်တွဲနေထိုင်ကြမည်ဆိုသော ခံယူချက်ဖြင့် စည်းလုံးညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ကာ လွတ်လပ်ရေးကို အရယူခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးရပြီးသည်နှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား ယုံကြည်ချက်၊ ခံယူချက်ကွဲပြားခြားနားပြီး လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလာခဲ့ရာ ယနေ့ထက်တိုင်ဖြစ်သည်။ အကျိုးဆက်မှာ တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူများပင် နှစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထိုပြဿနာကို အဖြေရှာနိုင်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးကို တည်ဆောက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သင့်မြတ်အောင် ဆောင်ရွက်ရေးသာမက တိုင်းရင်းသားအချင်းချင်းအကြားတွင်လည်း သင့်မြတ်ရေးကိုပါ ဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲရေးကို ဆောင်ရွက်ရာတွင် တိုင်းရင်းသားအားလုံး တန်းတူရည်တူ ပါဝင်ဖော်ဆောင်နိုင်မှုသည် အလွန်အရေးကြီးလှပါသည်။ တန်းတူရည်တူပါဝင်မှ ဒီမိုကရေစီဖက်ဒရယ်စနစ်အတွင်း တိုင်းရင်းသားများ လိုလားတောင့်တနေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် တိုင်းရင်းသားအားလုံး တန်းတူရည်တူဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံတွင် ပါဝင်ကြဖို့ တိုက်တွန်းအပ်ပါသည်။ ပြည်ထောင်စုကြီးတစ်ခု၏အကျိုးစီးပွားဖြစ်သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကလိုအပ်ချက်သည် ယုံကြည်မှုပင်ဖြစ်သည်။ သို့ဖြစ်၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား သံသယစိတ်များကင်းစင်ပြီး ခိုင်မာသည့် ယုံကြည်မှုကို ရရှိနိုင်ရန်အတွက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကြိုးပမ်းအား ထုတ်သွားကြရမည်ဖြစ်သည်။ တိုင်းရင်းသားသွေးစည်းညီညွတ်မှုနှင့် အမျိုးသား ပြန်လည်သင့်မြတ်မှုတို့ကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နိုင်သည်နှင့်အမျှ ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး မလွဲမသွေတည်ဆောက်နိုင်မည်ဖြစ်သည်။

(၂၀)ရာစု ပင်လုံညီလာခံ၏ အနှစ်သာရသည် တိုင်းရင်းသားအားလုံး တစည်းတလုံးတည်း အတူတကွ လွတ်လပ်ရေးရရှိရေးဖြစ်သည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ သွေးစည်းညီညွတ်မှုကို အခိုင်အမာဖော်ကျူး ပြသပြီး ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုပင်လုံစာချုပ်၏ သက်သေအထောက်အထားဖြင့် လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့သည်။ (၂၁)ရာစု ပင်လုံညီလာခံ၏ အနှစ်သာရသည် တိုင်းရင်းသားပြည်သူ အားလုံး တစုတစည်းတည်းဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးဖြစ်သည်။ နှစ်ပေါင်းများစွာ သက်တမ်းရှည်ကြာလာခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ဖြေရှင်းချက်သည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးပင်ဖြစ်သည်။ ။
သို့ဖြစ်ရာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၏အရင်း အမြစ်သည် ပြည်ထောင်စုစိတ်ဓာတ်ဖြစ်သည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နှင့် အချင်းချင်း အပြန်အလှန်ညှိနှိုင်းတိုင်ပင်ကာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟူသည့် သန္နိဋ္ဌာန်သည် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမ ပြည်သူများအားလုံး ကိုယ်စီကိုယ်စီ ပြည်ထောင်စုစိတ်ဓာတ် ထက်သန်ခိုင်ကျည်အောင် ကြိုးပမ်းတည်ဆောက်ကြဖို့ တိုက်တွန်းအပ်ပါသည်။ ။

ကြေးမုံ