ပြည်ထောင်စုနေ့ဆိုသည်မှာ

မောင်သောင်းဝင်း (တမန်ဟောင်း)

ရာသီဥတုသာယာလှသည့် ဖေဖော်ဝါရီလသည် မြန်မာနိုင်ငံအတွက်ထူးခြားသော မှတ်တိုင်များရှိသည်။ မြန်မာ့လွတ်လပ်ရေးအတွက် အသက်တမျှအရေးပါသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထင်ဟပ်စေသော ပင်လုံစာချုပ်ကြီးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ အထူးသဖြင့် ထိုစာချုပ်ကြီးလက်မှတ်ရေးထိုးနိုင်ရေး နှင့် မြန်မာ့လွတ်လပ်ရေးကြီးပြန်လည်ရရှိအောင် ဦးဆောင်ကြိုးပမ်းခဲ့သည့် လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီးနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးကိုလည်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မွေးဖွားခဲ့သည်။ ထိုသို့ ပင်လုံစာချုပ်ကြီး လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုနေ့နှင့် လွတ်လပ်ရေးဗိသုကာကြီး၏ မွေးနေ့ကိုမူ တချို့သော ပြည်သူများနှင့် လူငယ်များက မေ့လျော့နေတတ်ကြသည်။ စိတ်မကောင်းစရာပင် ဖြစ်သည်။

ကြိုးပမ်းခဲ့ရ

စင်စစ်အားဖြင့် မြန်မာနိုင်ငံသည် ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်တွင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့အလယ်၌ ဝင့်ထည်စွာရပ်တည် နိုင်ခဲ့သည်။ သို့ရာတွင် ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ထီးကျိုးစည်ပေါက် တစ်နိုင်ငံလုံး သူ့ကျွန်ဘဝရောက်ခဲ့ရသည်။ ထိုစဉ်က တိုင်းရင်းသားညီအစ်ကိုများသည် ရရာလက်နက်စွဲကိုင်၍ နယ်ချဲ့တို့ကို တိုက်ထုတ်ခဲ့သော်လည်း အားမတန်၍ မာန်လျှော့ခဲ့ကြရသည်။ သူ့ကျွန်ဘဝတွင် နှစ်ပေါင်း ၁၂၀ ကျော်နေခဲ့ရသည်။

သို့သော် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော် သည် အင်္ဂလိပ်အခက် - ဗမာအချက်” ဟု ဆိုကာ အခြေ အနေနှင့် အချိန်အခါအရ ဖက်ဆစ်တို့နှင့် ပူးပေါင်း၍ နယ်ချဲ့တို့ကို မောင်းထုတ်နိုင်ခဲ့သည်။ သို့ရာတွင် “ကျားကိုကြောက်လို့ ရှင်ကြီးကိုးရှင်ကြီးကျားထက်ဆိုး” ဆိုသကဲ့သို့ ဖက်ဆစ်တို့သည် နယ်ချဲ့ တို့ထက် ဆိုးလာကြ သည်။ ပြည်သူများကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ် တို့ကို တိုက်ထုတ်ခဲ့ရပြန်သည်။

ဖက်ဆစ်တို့ကို မောင်းထုတ်နိုင်ခဲ့သော်လည်း လွတ်လပ်ရေးချက်ချင်းမရခဲ့ပေ။ ဖက်ဆစ်ပြေးသည့် အချိန်တွင် နောက်တစ်ကြိမ်ပြန်ဝင်လာသော နယ်ချဲ့တို့က လွတ်လပ်ရေးပေးရန်အချိန်ဆွဲခဲ့သည်။ တောင်တန်းနှင့် ပြည်မအား သွေးခွဲအုပ်ချုပ်မှု (Divide and Rule Policy) ဖြင့် ဆက်လက်စိုးမိုးခြယ်လှယ်ရန် ကြံစည်ခဲ့ကြသည်။ လွတ်လပ်ရေးမပေး၍ မရသည့်အခြေအနေတွင် တောင်တန်းနှင့် ပြည်မကို ခွဲခြား၍ လွတ်လပ်ရေးပေးရန် ကြံစည်ခဲ့ကြပြန်သည်။ မည်သို့ပင်ဆိုစေကာမူ ပင်လုံကို သက်သေတည်လိုက်သဖြင့် နယ်ချဲ့တို့သည်၎င်းတို့၏ ပက်စက်သော အကြံအစည်ကို စွန့်လွှတ်ခဲ့ကြရသည်။

တိုင်းရင်းသားအားလုံးကို ကိုယ်စားပြု

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှ အစိုးရနှင့် ဆွေးနွေးနိုင်ရန်အတွက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် လန်ဒန်သို့ ထွက်ခွာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် နန်းရင်းဝန် အက်တလီ ဦးဆောင်သော ဗြိတိသျှ ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေး စဉ်တောင်တန်းဒေသပြည်နယ်များနှင့် ပြည်မတို့ ပူးပေါင်း လျက် ပြည်ထောင်စု ပုံသဏ္ဌာန်ဖြင့် လုံးဝလွတ်လပ်ရေး ပေးရန် တိကျပြတ်သားစွာ တောင်းဆိုခဲ့သည်။

ထိုသို့ နှစ်ဖက်ဆွေးနွေးနေစဉ် “အောင်ဆန်းသည် ရှမ်းပြည်ကို ကိုယ်စားမပြု၊ ပြည်မမှ မြန်မာ ခေါင်းဆောင် တစ်ဦးသာဖြစ်သည်” ဟူသော ကြေးနန်းစာတစ်စောင်သည် ရှမ်းပြည်နယ်စော်ဘွားနှစ်ဦး အမည်ဖြင့် ဗြိတိသျှအစိုးရထံသို့ ရောက်ရှိလာခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် တိုင်းပြည်လွတ်လပ်ရေးအတွက် စိုးရိမ်ပူပန်ခဲ့ကြရသည်။ သို့သော် နှစ်ရက်အကြာတွင် ကြေးနန်း တစ်စောင် ထပ်ရောက်လာခဲ့သည်။ ထိုကြေးနန်းစာတွင် “ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသအားလုံးကို ကိုယ်စားပြုသော ခေါင်းဆောင်ဖြစ်ကြောင်း၊ တောင်တန်းဒေသမှ တိုင်းရင်း သားပြည်သူများအတွက် အရေးဆိုရန်အကြွင်းမဲ့ထောက်ခံကြောင်း၊ တောင်ကြီးမြို့၌ ကျင်းပသည့် လူထုအစည်းအဝေးကြီးက တစ်ခဲနက် ထောက်ခံဆုံးဖြတ်ကြောင်းနှင့် ပဒေသရာဇ် စနစ်အောက်မှ အလျင်အမြန် လွတ်မြောက်ရေးကို တောင်းဆိုကြောင်း” ဖြင့် တိကျပြတ်သားစွာ ဖော်ပြထားသည်။ ။

ထို့ကြောင့် မြန်မာ့လွတ်လပ်ရေးအတွက် အာမခံ ချက်ပေးသော အောင်ဆန်း - အက်တလီ စာချုပ်(Aung San- Attlee Agreement) ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အက်တလီတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုစာချုပ်တွင် တောင်တန်းဒေသများသည် ပြည်မကြီးနှင့်ပူးပေါင်းရန် သဘောတူပါက ပြည်မရော၊ တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးမည်ဟု ပါရှိသည်။ ပရိယာယ်ဝေဝုစ်များလှသော နယ်ချဲ့တို့သည် လွတ်လပ်ရေးပေးခါနီးတွင် တောင်တန်းဒေသများကို ချန်လှပ်ထားရန် ကြံရွယ်ခဲ့ကြသည်။

သမိုင်းဝင်ပင်လုံစာချုပ်

မည်သို့ပင်ဆိုစေကာမူ ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းနှင့် ပြည်မအကြား ရေကိုသားလျှင် အကြားမထင်သကဲ့သို့ တစ်ဆက်တစ်စပ်တည်း စည်းလုံးပေးနိုင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်၍ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ပင်လုံညီလာခံကြီး ကျင်းပခဲ့ရာ တိုင်းရင်းသားခေါင်းဆောင်များ စုံညီစွာတက် ရောက်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၂ရက်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်နှင့်အတူ ကချင်၊ ချင်း၊ ရှမ်း အမျိုးသား ကိုယ်စားလှယ်ကြီး ၂၃ ဦးသည် သာတူညီမျှတလုံး တစည်းတည်း နေထိုင်ကြမည်ဟူသော သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆိုခဲ့သော ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို “ပြည်ထောင်စုနေ့” အဖြစ် သတ်မှတ်ခဲ့သည်။ နှစ်စဉ် ထိုနေ့ထိုရက်ရောက်ရှိလျှင် နိုင်ငံတစ်ဝန်း၌ ပြည်ထောင်စုနေ့ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ကြသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယကြီး ကျရောက်တော့မည် ဖြစ်သည်။

စည်းလုံးခြင်းသည်အင်အား

လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည် တည်ဆောက်ရေးတို့တွင် စုပေါင်းအားဖြင့် ကြိုးပမ်းအားထုတ်ရေးအတွက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် ည၊ ပင်လုံမြို့၌ ပြုလုပ်သည့် စော်ဘွားများ ထမင်းစားပွဲတွင် မြွက်ကြားခဲ့သည့် အချက်များအနက်မှ အချို့ကို ကောက်နုတ်ဖော်ပြရလျှင် “တစ်တိုင်းပြည်လုံး ကြီးပွား တိုးတက်စေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ပူးပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိ ကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ကချင်၊ ချင်း တို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်" ဟု တိုက်တွန်း ပြောကြားခဲ့သည်။

အမျိုးသားခေါင်းဆောင်ကြီးသည် တိုင်းရင်းသားညီ အစ်ကိုများအကြား အပြန်အလှန် နားလည်ခွင့်လွှတ်မှု၊ ယုံကြည်မှုတို့ကို အခြေခံလျက် စည်းလုံးညီညွတ်မှုကို တည်ဆောက်သွားကြရန် လိုအပ်ကြောင်းကို ထိုစဉ်က တည်းက တိုက်တွန်းပြောကြားခဲ့သည်။ သို့သော် လက်ရှိအချိန်ထိ တိုင်းရင်းသား ညီအစ်ကိုများအကြား စည်းလုံး ညီညွတ်မှု ဖော်ဆောင်နိုင်ခြင်း မရှိသေးသဖြင့် တိုင်းပြည် အတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ခြင်း မရှိနိုင်သေးသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာပင် ဖြစ်သည်။

ပြည်ထောင်စုနေ့ဆိုသည်မှာ

“စိတ်ဓာတ်ဆိုသည်မှာ စိတ်ထား သဘောထား၊ နှလုံးသွင်းပုံနှင့် စိတ်၏ အမူအကျင့်ဖြစ်သည်” ဟု မြန်မာ အဘိဓာန်အကျဉ်းချုပ်တွင် ဖွင့်ဆိုထားသည်ကို လေ့လာမှတ်သားရသည်။ ပြည်ထောင်စုစိတ်ဓာတ်ဟူသည် ပြည်ထောင်စုကြီးတစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ်ထောင်တည်းဟု စွဲမြဲခိုင်မာစွာ လက်ခံမှတ်ယူထားသော သဘောထားခံယူချက်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ဥမကွဲ၊ သိုက်မပျက် အေးအတူပူအမျှ ပူးပေါင်းနေထိုင်လိုသည့် တစည်းတလုံး တည်းသော စိတ်ဓာတ်ပင်ဖြစ်ပေသည်။ ။

မျက်မှောက်ခေတ်ကမ္ဘာ့နိုင်ငံအသီးသီးအား လေ့လာကြည့်မည်ဆိုပါက ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မာစွာ ထိန်းသိမ်းထားနိုင်ခြင်းမရှိသော နိုင်ငံအချို့သည် ပြည်ပ ဩဇာလွှမ်းမိုးမှု အမျိုးမျိုးအကြားတွင် အချင်းချင်းသွေးကွဲ လျက်ရှိသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာတွေ့မြင်နေရသည်။ ထိုသို့ သွေးကွဲလာပါက ပြည်တွင်းပဋိပက္ခများ၊ စစ်ပွဲများ ဖြစ်ပွား၍ အင်အားချည့်နဲ့ယိမ်းယိုင်ပြိုကွဲသွားသည်ကို သင်ခန်းစာယူဖွယ် တွေ့မြင်နေရသည်။ ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးသည် တိုင်းပြည် ၏ မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ၊ တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများအကြား ကျဉ်းမြောင်းသည့် ဝါဒများနှင့် သံသယများကိုချေဖျက်၍ ပြည်ထောင်စု စိတ်ဓာတ် အရင်းခံဖြင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ကာ ပြည်ထောင်စုကြီးအဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် အားလုံးပါဝင်ကြိုးပမ်းသွားရန် လိုအပ်ပေသည်။

ထို့အပြင် တိုင်းရင်းသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦးထားရှိသော မေတ္တာတရား၊ သံယောဇဉ် တရား၊ သစ္စာစောင့်သိမှု တရားများမှ ဖြစ်ပေါ်လာသည့် ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲသည်ထက် ပိုမိုခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သကဲ့သို့ နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရာတွင်လည်းကောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင်လည်းကောင်း၊ ပြည်ထောင်စုစိတ်ဓာတ်၏ အခြေခံဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို တိုင်းရင်းသားအားလုံး၏ ယုံကြည်ချက်၊ ခံယူချက်တစ်ခု အနေဖြင့် မမှိတ်မသုန် စောင့်ထိန်းခံယူသွားကြရန် လိုအပ်လျက်ရှိသည်။ စင်စစ်အားဖြင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအကြား ပြည်ထောင်စုစိတ်ဓာတ် အရင်းခံဖြင့်သာ စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ထိုတိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့်သာထာဝရ ငြိမ်းချမ်းရေးရရှိရေး၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည် ဖြစ်သည်။

စင်စစ်အားဖြင့် ပြည်ထောင်စုနေ့ဆိုသည်မှာ နယ်ချဲ့ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများအကြား ရေကိုသာလျှင် အကြားမထင်သည့် ပေါင်းစည်းဆောင် ရွက်လိုသော စိတ်ဓာတ်ကို ပြသခဲ့သည့်နေ့၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေးအတွက် လွတ်လပ်ရေး ဗိသုကာကြီးကိုယ်တိုင် အုတ်မြစ်ချခဲ့သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တောင်တန်း ပြည်မ ထာဝစဉ်ပေါင်းစည်းသွားရေးဆိုသည့် ပင်လုံစာချုပ် ကြီး ချုပ်ဆိုခဲ့သော သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးပင် ဖြစ်ပေသည်။ ။

မြန်မာ့အလင်း