ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၅)နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ

articles_advs

 

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်)

ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်သည့် (၇၅) နှစ်မြောက် မင်္ဂလာရှိသောအခါသမယ၌ ကျွန်ုပ်တို့အနေဖြင့် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ကုလသမဂ္ဂပဋိညာဉ်က အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ထမ်းဆောင်ရာတွင် ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ပိုမိုကြီးမားသည့် အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းရေးနှင့် လူသားအားလုံး၏စီးပွားရေးနှင့် လူမှုဘဝတိုးတက်ရေးတို့ကို မြှင့်တင်ရေးတို့သည် ယနေ့ မျက်မှောက်ကာလတွင် ကျွန်ုပ်တို့၏ အထူးလိုအပ်ချက်များဖြစ်ကြပါသည်။

တစ်ကမ္ဘာလုံးအနေဖြင့် အမြင့်မားဆုံးသော စိန်ခေါ်မှုများ၊ စိတ်အားငယ်ဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင် ကြုံတွေ့နေရချိန်တွင် ကျွန်ုပ်တို့သည် ကုလသမဂ္ဂအဖွဲ့ကြီး၏ စိန်ရတုအခမ်းအနားကို ကျင်းပနေရခြင်းဖြစ်ပါသည်။ မျက်မှောက်ကာလတွင် လူသားများသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒအပေါ် ခြိမ်းခြောက်မှုများမြင့်တက်လာမှု၊ ပထဝီနိုင်ငံရေးတင်းမာမှုများ၊ မညီမျှမှုများ ပိုမိုကြီးထွားလာမှုနှင့် ခြိမ်းခြောက်နေသော ရာသီဥတုပြောင်းလဲမှုစသည့် မြောက်မြားစွာသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ယင်းစိန်ခေါ်မှုများထက် ပိုမိုဆိုးရွားသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးအသစ်သည် ဆင်းရဲ၊ ချမ်းသာနိုင်ငံမရွေး ပျံ့နှံ့ဝင်ရောက်လျက် လူဦးရေ ၁ သန်းကျော်ကို အသက်ဆုံးရှုံးမှု၊ လူသန်းပေါင်းများစွာကို ရောဂါကူးစက်မှုဖြစ်စေခဲ့သည့်အပြင် ကမ္ဘာတစ်ဝန်း ဆိုးရွားပြင်းထန်သည့် လူမှုစီးပွားရိုက်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။

စင်စစ်အားဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကျွန်ုပ်တို့၏ မျက်မှောက်ကာလ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းတစ်ရပ်ပင် ဖြစ်ပါသည်။ ယင်းအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေးတွင် ထိုကပ်ရောဂါသည် နိုင်ငံတကာအသိုက်အဝန်း၏ စည်းလုံးမှုနှင့်ညီညွတ်မှုအပေါ် စမ်းသပ်မှုတစ်ရပ်ဖြစ်စေ သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှုမဖြစ်မနေ ပြုလုပ်ကြရန်အတွက် တိုက်ပွဲခေါ်သံတစ်ခုလည်း ဖြစ်ပါသည်။ ကပ်ရောဂါကြောင့် ဆိုးရွားသော သက်ရောက်မှုများဖြစ်ပေါ်နေသည့် အခြေအနေတွင် အဆိုပါဘုံရန်သူကို တိုက်ထုတ်နိုင်ရန်နှင့် အရင်းအမြစ်များကို စုစည်းရန်အတွက် တစ်ကမ္ဘာလုံး ပေါင်းစည်း ဆောင်ရွက်သွားကြရ မည်ဖြစ်ပါသည်။ ယခုကဲ့သို့ အလွန်အရေးကြီးသည့်အချိန်တွင် လူသားတို့၏ ဘုံစိန်ခေါ်မှုများကိုတုံ့ပြန်ရာ၌ ကျွန်ုပ်တို့၏စုပေါင်းအင်အားများ ဟန်ချက်ညီမျှစေရန်အတွက် ပိုမိုခိုင်မာသည့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ထိရောက်သည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ယခင်ကထက် ပိုမိုလိုအပ်လာပါသည်။

ထို့ကြောင့် “ကျွန်ုပ်တို့ လိုလားသောအနာဂတ်၊ ကျွန်ုပ်တို့လိုအပ်သော ကုလသမဂ္ဂ - နိုင်ငံစုံပူးပေါင်း ဆောင်ရွက်ရေးဝါဒအပေါ် ကျွန်ုပ်တို့၏ဘုံကတိကဝတ်ကို ထပ်လောင်းအတည်ပြုခြင်း - ကိုဗစ်-၁၉ ရောဂါကို ထိရောက်သည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများဖြင့် ရင်ဆိုင်တုံ့ပြန်ခြင်း” ဟူသည့် ယခုနှစ် ကုလ သမဂ္ဂ၏ဆောင်ပုဒ်သည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေး စိတ်ဓာတ်ကို ပြန်လည်အားသစ်လောင်းရန် လိုအပ်လျက်ရှိသည့် လက်ရှိအခြေအနေကို အမှန်တကယ်ထင်ဟပ်စေပါသည်။

ကုလသမဂ္ဂအဖွဲ့ကြီးသည် လွန်ခဲ့သည့်(၇၅)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သကဲ့သို့ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ တရားမျှတမှု၊ ဥပဒေနှင့်အညီဖြစ်စေမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကို မြှင့်တင်ခြင်းဖြင့် ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ၏ လူမှု-စီးပွား ဘဝတိုးတက်မြင့်မားရေးအတွက် ကျွန်ုပ်တို့၏ စုပေါင်း ကြိုးပမ်းမှုများကို ကိုယ်စားပြု ဆောင်ကြဉ်းပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ကျွန်ုပ်တို့အနေဖြင့် ယုံကြည်ပါသည်။

ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် မပြည့်စုံမှုများရှိလင့်ကစား ကမ္ဘာကြီးအား လွန်ခဲ့သည် (၇၅)နှစ်ကထက် သိသိ သာသာ ပိုမိုကောင်းမွန်သည့် နေရာတစ်ခုဖြစ်လာအောင် ဖော်ဆောင်နိုင်ခဲ့ပါသည်။ ကုလသမဂ္ဂအနေဖြင့် ကမ္ဘာ စစ်ကြီးများဖြစ်ပွားရန် ကူညီတားဆီးနိုင်ခဲ့ပြီး လူသန်းပေါင်းများစွာကို အလွန်အမင်းဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်မှုများမှ ကယ်တင်နိုင်ခဲ့သည့်အပြင် ပျမ်းမျှလူ့သက်တမ်းကိုလည်း (ယခင်ကထက်မြင့်မားအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပိုမိုကောင်းမွန်သည့် ကမ္ဘာတစ်ခုဖန်တီးရေးမျှော်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော်ရန်နှင့် ကျွန်ုပ်တို့လိုလားသည့် အနာဂတ်ကိုပုံဖော်ရန်တို့အတွက် နိုင်ငံစုံပူးပေါင်း ကြိုးပမ်းအားထုတ်မှုများကို ကုလသမဂ္ဂထက် ပိုမိုကောင်းမွန်စွာ ဦးဆောင်ထိန်းကျောင်းပေးနိုင်သည့် အဖွဲ့ အစည်းမရှိသေးပါ။

မကြာသေးမီက ကျင်းပခဲ့သည့် ကုလသမဂ္ဂနှင့်ကမ္ဘာတစ်ဝန်း လူထုအကြား ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှု စစ်တမ်းများအရ ဖြေကြားသူအများစု၏ ဦးစားပေးကဏ္ဍများမှာ ကျန်းမာရေး၊ ပညာရေး၊ သန့်ရှင်းသောရေနှင့် ရေဆိုးသန့်ရှင်းရေးစနစ်တို့ ကောင်းမွန်စွာရရှိရေးဖြစ်ကြောင်း သိရှိရပါသည်။ ပြည်သူများ၏ မျှော်လင့်ချက်များ ပြည့်မီစေရေးအတွက် အချုပ်အခြာအာဏာပိုင်အဖွဲ့ဝင်နိုင်ငံများ၏ ဦးစားပေးလိုအပ်ချက်များကို ပိုမိုထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်စေရေးအတွက် ကုလသမဂ္ဂကိုပြန်လည် အားသစ်လောင်းရေးသည် အထူးအရေးကြီးပါသည်။

ကုလသမဂ္ဂကို ဗဟိုပြုသော စည်းမျဉ်းမူဘောင်များအပေါ်အခြေခံသည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုစနစ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နိုင်ငံငယ်များ၏ မျှော်လင့်အားထားရာဖြစ်သင့်သည်ဟု မြန်မာနိုင်ငံအနေဖြင့် ယုံကြည်ပါသည်။ အထူးသဖြင့် ကမ္ဘာပေါ်၌ မမျှတမှု၊ မတရားမှု၊ မညီမျှမှုနှင့် နိုင်ငံတကာဥပဒေကျင့်သုံးမှု၌ပင် စံနှုန်းမျိုးစုံ ကျင့်သုံးနေမှုများဖြင့်ပြည့်နှက်နေသည့် ကာလမျိုးတွင် ကုလသမဂ္ဂသည် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအတွက် ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် အဖွဲ့ကြီးတစ်ခုဖြစ်စေရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက် ခဲ့စဉ်မှစ၍ မြန်မာနိုင်ငံသည် ကုလသမဂ္ဂပဋိညာဉ်ပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအပေါ် တန်ဖိုးထားယုံကြည်မှု ဆက်လက်မြဲမြဲခိုင်မာလျက်ရှိပြီး၊ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံခြားရေးမူဝါဒ၏ အုတ်မြစ်တစ်ရပ်ပင် ဖြစ်ပါသည်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ထောင်နိုင်ရေးကို ရှေးရှုလျက်ရှုပ်ထွေးသည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဖြတ်သန်းနေသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ အပါအဝင် မြောက်မြားစွာသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ကုလသမဂ္ဂနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်သည့်နည်းလမ်းဖြင့် လက်တွဲဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ပြည့်စုံကျယ်ပြန့်သည့် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုဖြင့် တိုက်ဖျက်နိုင်ရေးအတွက် စုပေါင်းညှိနှိုင်းဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် အဓိကဦးဆောင်သည့် အခန်းကဏ္ဍမှပါဝင်မှုနှင့် ကုလသမဂ္ဂစနစ်၏အရေးကြီးသည့် အခန်းကဏ္ဍကိုကျွန်ုပ်တို့ အထူးတန်ဖိုးထားပါသည်။ လူသားအားလုံးအတွက် ယနေ့အရေးကြီးဆုံးသောလုပ်ငန်းမှာ နိုင်ငံအားလုံးအတွက်ဘေးကင်းပြီး၊ လူတိုင်းလက်လှမ်းမီသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အချိန်မီရရှိရေး၊ ဖွံ့ဖြိုးဆဲနိုင်ငံများ စီးပွားရေးနှင့် ဘဏ္ဍာရေး အကျပ်အတည်းများ မကျရောက်စေရေး နှင့် ဆင်းရဲနွမ်းပါးမှုများ ပိုမိုမဆိုးရွားစေရေးတို့အတွက် အားလုံးလက်တွဲဆောင်ရွက်သွားကြရန် ဖြစ်ပါသည်။

၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအစီအစဉ်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ အောင်မြင်ရေးအတွက် ကျွန်ုပ်တို့ရရှိထားပြီးဖြစ်သည့် တိုးတက်မှုများ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြန်လည်ဆုတ်ယုတ်သွားရသည်မှာ ဝမ်းနည်းဖွယ်ရာပင် ဖြစ်ပါသည်။ သို့အတွက် ကျွန်ုပ်တို့ အနေဖြင့် ကိုဗစ်-၁၉ ကို အခွင့်အရေးတစ်ရပ်အဖြစ် ပြောင်းလဲပြီး၊ ပိုမိုမျှတ၍ အားလုံးပါဝင်သော ရေရှည်တည်တံ့ခိုင်မြဲသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင် နိုင်ရေးအတွက် ဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ်မှုနှင့် နိုင်ငံတွင်း နှင့် နိုင်ငံများအကြား လူမှုစီးပွားမညီမျှမှုများကို လျှော့ချရာတွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ကြရေးအတွက် ထပ်လောင်းကတိကဝတ်ပြုကြရမည် ဖြစ်ပါသည်။ ယင်းသို့ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများရရှိနိုင်ရန်အတွက် အနဂတ်တွင် ကြုံတွေ့ရမည့် အန္တရာယ်များကို ကျွန်ုပ်တို့အနေဖြင့် လျှော့ချနိုင် ကြမည် ဖြစ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်ရေးကြိုးပမ်းရာတွင် မြန်မာနိုင်ငံအား အလွန်တန်ဖိုးကြီးမားသည့် ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ခြင်းအတွက် ကုလသမဂ္ဂ နှင့် ၎င်း၏အေဂျင်စီများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။ ထို့ပြင် ထူးချွန်ပြောင်မြောက်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် ၂၀၂၀ ပြည့်နှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ချီးမြှင့်ပေးအပ်ခြင်းခံရသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အား ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။ ယင်းသို့ ဆုချီးမြှင့်ခံရခြင်းသည် လူသားများအတွက် အလွန်အရေးပါသော၊ အသက်အန္တရာယ်မှ ကယ်တင်ပေးသော ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို စံနမူနာတစ်ရပ်အဖြစ် မှတ်ကျောက်တင်စေပါသည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအပြီးနှင့် ယင်းနောက်ပိုင်းတွင်လည်း ပိုမိုငြိမ်းချမ်းပြီး၊ သာယာဝပြော၍ ကျန်းမာသော ကမ္ဘာကြီးဆီသို့ ဦးတည်ရာတွင် ကမ္ဘာလုံးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများကို ကုလသမဂ္ဂအနေဖြင့် ဆက်လက်ဦးဆောင်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ယခုကဲ့သို့ သမိုင်းဝင်အခါသမယ၌ ကုလသမဂ္ဂပဋိညာဉ်ပါ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရေးအတွက် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများကို ပေါင်းစည်းဆောင်ရွက်ရန် ကျွန်ုပ်တို့အားလုံး ထပ်လောင်း ကတိကဝတ်ပြုကြရမည်ဖြစ်ပါသည်။