ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အခြေခံပညာကျောင်းများတွင် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သင်ရိုးသစ် ဒသမတန်း(Grade-10) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများသို့ လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော်  ၆  ဇူလိုင်

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (သုတေသန) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦး၊ အခြေခံပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းများပြန်ဖွင့်ချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆရာ ဆရာမ၊ ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်မှုစနစ်ဖြင့်  ကျောင်းတက်ရန် သရုပ်ပြစီစဉ် ဆောင်ရွက်ထားမှုများကို ကြည့်ရှုအားပေး၍ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ ကျောင်းဆောင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး၊ ကျောင်းအပ်နှံရေး လုပ်ငန်းစီမံချက်များနှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ရွက်မည့် အစီအစဉ်များ၊ စာသင်ခန်းအတွင်း စာသင်ခုံ စီစဉ်ဆောင်ရွက်ထားမှုများ၊ စာသင်ခန်း၊ စာသင်ခုံတို့အရ အနည်းဆုံးရှိသင့်သော ဆရာဦးရေ၊ ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်များ ရောက်ရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ အခြေခံပညာကျောင်းများ ပြန်လည်မဖွင့်မီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ကြိုတင်စီစဉ် ဆောင်ရွက်ထားမှုများကို တာဝန်ခွဲဝေ သတ်မှတ်ချက်၊ စိစစ်ချက်မှတ်တမ်းများဖြင့် စိစစ်၍ စနစ်တကျ စီမံဖြည့်ဆည်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မိဘ၊ ဆရာ၊ ကျောင်းသားများနှင့် ကျောင်းကားများ လိုက်နာရမည့် လမ်းညွှန်ချက်များကို အသိပေးဖြန့်ဝေပြီး ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မိဘပြည်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ တာဝန်ခွဲဝေပြီး အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်ရေး အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အရည်အသွေးရှိသော ပညာသင်ယူခွင့် ရရှိရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း မှာကြားသည်။

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး အခြေခံပညာကျောင်းများ ပြန်လည်မဖွင့်မီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ နှင့်အညီ ရေနှင့်ဆပ်ပြာ၊ လက်ဆေးဂျယ်၊ သန့်စင်ခန်း၊ ကျောင်းသားဦးရေအရ ဖြန့်ဝေမည့် ကိုယ်ပူချိန်တိုင်း ကိရိယာများ ရောက်ရှိမှု၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြန်လည်အသုံးပြုနိုင်သော အဝတ် Mask၊ Face Shield၊ PPE ၊ အရန်ခန်း၊ ဆက်သွယ်ရန်တယ်လီဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများ၊ မှတ်တမ်း စသည့် ကြိုတင်စီစဉ်ဆောင်ရွက်ထားမှု များကို ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ဆက်လက်၍ လယ်ဝေးမြို့ အထက(၁)တွင်ဆောင်ရွက်နေသည့် သင်ရိုးသစ် ဒသမတန်း (Grade-10) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများသို့ သွားရောက်ကြည့်ရှု၍ အရည်အသွေးရှိသော ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် ဆရာဆရာမများ၏ အားထုတ်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်မှုများဖြင့်သာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်ကာလတွင် စာသင်ချိန်၊ သင်ယူတတ်မြောက်မှု ကောင်းမွန်စေမည့် သင်ရိုးညွှန်းတမ်းနှင့် အကဲဖြတ်စစ်ဆေးခြင်း စသည့်လိုအပ်ချက်များ၊ အခက်အခဲများတို့ကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနေပါကြောင်း၊ ဆရာဆရာမများ၏ သင်ကြားသင်ယူမှုအတွက် အားထုတ်ကြိုးပမ်း ဆောင်ရွက်နေမှုများကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အားပေးစကားပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်မှုဆိုင်ရာ လမ်းညွန်ချက်များအရ  ကျောင်းတက် ကျောင်းဆင်းရန် သရုပ်ပြစီစဉ် ဆောင်ရွက်ထားမှုများ၊ လက်ဆေးဘေစင်၊ စာသင်ခန်းစာသင်ခုံ စီစဉ်ဆောင်ရွက်ရှိမှုများ၊  သင်ရိုးသစ်ဆင့် ပွားသင်တန်းများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn