ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေးသို့တက်ရောက်

နေပြည်တော်  ၄  ဒီဇင်ဘာ  

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေး အဖွဲ့အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စံနှုန်းများအပေါ်အခြေခံပြီး ကိုဗစ်-၁၉ အကျပ်အတည်းကို တုံ့ပြန်နိုင်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် အလုပ်အကိုင်ကဏ္ဍ ပြန်လည်နိုးထလာစေရေး ဆောင်ရွက်ပေးရန်၊ အလုပ်ဌာနများအား အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှုများအတွက် ထောက်ပံ့ပေးရန်၊ လုပ်ငန်းခွင်များတွင် အလုပ်သမားများကို အကာအကွယ်ပေးရန်၊ ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများအတွက် လူမှုရေးဆိုင်ရာ ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်ပေးရန်စသည့် အဓိကလုပ်ငန်းမဏ္ဍိုင် (၄)ရပ်ကို နိုင်ငံတော်အစိုးရနှင့် မိမိတို့ ဝန်ကြီးဌာနတို့မှ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့သည် အလုပ်ရှင်နှင့် အလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရေး မျှော်မှန်းပြီး နိုင်ငံတကာ၏ လူမှုဖူလုံရေးအဖွဲ့များကဲ့သို့ ဆောင်ရွက်နိုင်ရန်လိုအပ်သည့် ပြုပြင်ပြောင်းလဲမှု (၄)ရပ်ဖြစ်သည့် သတင်း အချက်အလက်နှင့် နည်းပညာကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း၊ စီမံခန့်ခွဲရေးကဏ္ဍ ပြုပြင်ပြောင်းလဲခြင်းနှင့် ဥပဒေရေးရာကဏ္ဍပြုပြင် ပြောင်းလဲခြင်းတို့ကို ILO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းလျက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကျိုးခံစားခွင့်များ ပေးအပ်ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ အာမခံ အလုပ်သမားများ စိုက်ထုတ်ကုန်ငွေလျော့နည်းစေရေးတို့အတွက် လုပ်ငန်းစဉ်များကို လေ့လာဆန်းစစ်၍ ဖြေလျော့ပေးမှုများ ဆောင်ရွက်လျက်ရှိပြီး အကျိုးခံစားခွင့်များကိုလည်း Online Payment ဖြင့် ခွင့်ပြုထုတ်ပေး နိုင်ရေးအတွက် Wave Money ငွေကြေးဝန်ဆောင်မှုစနစ်ဖြင့် စမ်းသပ်လုပ်ဆောင်ပေးနေပြီ ဖြစ်ပါကြောင်း၊  ထည့်ဝင်ကြေးအား Online Payment ဖြင့် ဆောင်ရွက်ပေးနိုင်ရေးကို စမ်းသပ်လုပ်ဆောင်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။

ထို့အပြင် ကိုဗစ်-၁၉ အကျပ်အတည်းကာလအတွင်း စီမံကိန်းအကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်နှင့် အလုပ်သမား များအတွက် ဖြေလျှော့ပေးမှုများအနေဖြင့် ထည့်ဝင်ကြေးပေးသွင်းသည့်ကာလကို (၃)လ နောက်ဆုတ် ပေးသွင်းခွင့်ပြုခြင်း၊ အလုပ်လက်မဲ့ဖြစ်ပွားနေစဉ်အတွင်း မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့်၊ ဆေးဖိုးနှင့် ခရီးစရိတ်များကို ၆ လမှ ၁ နှစ်အထိ တိုးမြှင့်ခံစားခွင့်ပြုခြင်း၊ ကိုယ်ဝန်ဆောင်အာမခံ အလုပ်သမား များအပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားကူးစက်ခံရသူနှင့် Quarantine ဝင်ရသည့် အာမခံအလုပ်သမားများကို ဥပဒေနှင့်အညီ မကျန်းမာမှု ဆေးသက်သေခံလက်မှတ်(ဆ-၁) များထုတ်ပေး၍ ငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထို့အပြင် PUI လူနာများအတွက် ရန်ကုန်၊ မန္တလေး၊ ထန်းတပင် အလုပ်သမားဆေးရုံကြီးများတွင် ICU ခန်း (၂) ခန်းနှင့် လူနာ (၁၈)ဦးဆံ့ Isolation Room (၁) ခန်းစီ ပြင်ဆင်ထားရှိပြီး မန္တလေးအလုပ်သမားဆေးရုံကြီးတွင်  ကိုဗစ်-၁၉ Positive လူနာ (၁၀၀) ထားရှိကုသနိုင်ရန် ကုသဆောင်(၄)ဆောင်တို့ကို လိုအပ်သည်များ ပြင်ဆင်မွမ်းမံ၍ ကုသပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ဆေးကုသမှုပေးနေသည့် လူနာများအပါအဝင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အတွင်းလူနာ (၅,၅၁၇) ဦးနှင့် ပြင်ပလူနာ (၁,၀၈၇,၇၆၄) ဦးတို့ကို ဆေးကုသမှုပေးနိုင်ခဲ့ပါကြောင်း၊ ကိုဗစ်ကာလအတွင်း PUI လူနာများကို နှာခေါင်းနှင့် အာခေါင် တို့ပတ်ယူခြင်းနှင့် လိုအပ်သော ဓါတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ပေးပြီး Positive လူနာများအား MOHS မှ သတ်မှတ်ထားသည့် ဆေးရုံများသို့ လွှဲပြောင်းပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်မှစ၍ မန္တလေးအလုပ်သမားဆေးရုံကြီးတွင် အာမခံအလုပ်သမားမဟုတ်သည့် COVID-19  Positive လူနာများ ကိုပါလက်ခံကုသပေးလျက်ရှိပါကြောင်း။

ကိုဗစ်-၁၉ 1st Wave ကာလဖြစ်သည့် မေ ၁၃ ရက်မှ နိုဝင်ဘာ ၁၆ ရက်အတွင်း လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးမှုများအနေဖြင့် ယာယီပိတ်ထားခဲ့သော စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန ပေါင်း (၆,၇၅၀)မှ အလုပ်သမားပေါင်း (၈၀၄,၅၈၅) ဦးတို့အတွက် ငွေကျပ်သန်း (၁၉,၇၉၁ ဒသမ ၁၇၈) ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရှိနေသည့် ဌာနများမှ အာမခံအလုပ်သမားများကိုလည်း ဆက်လက်ခွင့်ပြုထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အပြင် ကိုဗစ်-၁၉ 2nd  Wave ကာလအတွင်း Stay at Home အစီအစဉ်၌ အကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်သမား (၉၇၉,၁၀၉)ဦးတို့အတွက် ဒုတိယအကြိမ် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်း ခွင့်ပြုပေးနိုင်ရန် ငွေကျပ်သန်းပေါင်း (၆၇,၇၉၂ ဒသမ ၅၆၃)ကို လျာထားဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ ၂၄ ရက်မှစ၍ Online Web portal နှင့် မြို့နယ်ရုံးခွဲများမှတစ်ဆင့် ပေးပို့လျှောက်ထားလာမှုများကို လက်ခံဆောင်ရွက် ပေးလျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်အထိ လျှောက်ထားမှုပြည့်စုံသည့် အလုပ်ဌာန (၅,၇၈၀)မှ အာမခံအလုပ်သမား (၆၇၄,၀၀၁) ဦးအတွက် ငွေကျပ်သန်းပေါင်း (၄၂,၄၈၆ ဒသမ ၂၄၆)ကို စိစစ်ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် အဖွဲ့ဝင်ကိုယ်စားလှယ်တော်ကြီးများအနေနှင့် လူမှုဖူလုံရေး အဖွဲ့၏ ရှေ့ဆက်သွားမည့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် လိုအပ်သည့် လမ်းညွှန်ချက် များ၊ မူဝါဒများချမှတ်နိုင်ရေး အပြုသဘောဆောင်သည့် တိုက်တွန်းအကြံပြုဆွေးနွေးမှုများကို ကြိုဆိုပါကြောင်းနှင့် အဖွဲ့ကတင်ပြမည့် လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး နိုင်ငံတော်၊ အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးကိုရှေ့ရှု၍ ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးညှိနှိုင်းကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ယခင် (၁/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ပြီးစီးမှု၊ လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းဆောင်ရွက် ချက်များအား ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေး တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးခြင်းတို့ ဆောင်ရွက်ကာ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ပြန်လည် အတည်ပြုခဲ့ပြီး အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၀)တွင် မှတ်တမ်းတင်ရန် အမှာစာစောင်ရေ (၃၇) စောင်နှင့် ဆုံးဖြတ်ရန်အချက် (၅)ချက်တို့အား သဘောတူအတည်ပြုခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းများဆောင်ရွက်ခဲ့ကြသည်။ 

အစည်းအဝေးသို့ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်