ပါရာဒီဆို ရုပ်ရှင်ရုံသစ်များ မကွေးမြို့နှင့် အောင်လံမြို့တို့တွင် ဖွင့်လှစ်

ရန်ကုန် ၁၃  မတ်

 

မကွေး ပါရာဒီဆိုရုပ်ရှင်ရုံဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး မကွေးမြို့ တောင်တွင်းကြီး လမ်းမကြီး အောင်စေတနာ(A) ရပ်ကွက်ရှိ ယင်းရုပ်ရှင်ရုံနေရာတွင် ကျင်းပရာ တိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ရုပ်ရှင်ဇာတ်ကားနမူနာပြသ

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယက ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင်က ကျေးဇူးတင်စကား ပြောကြားကာ ရုပ်ရှင်ဇာတ်ကားနမူနာ ပြသခြင်း၊ တက်ရောက်လာသည့် ဧည့်ပရိသတ်များနှင့် စာနယ်ဇင်းများက သိလိုသည့် မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ကြသည်။

 

ဆက်လက်၍ အောင်လံပါရာဒီဆို ရုပ်ရှင်ရုံဖွင့်ပွဲကို မွန်းတည့် ၁၂ နာရီတွင် အောင်လံမြို့နယ် ပြည်လမ်း စမ်းချောင်းရပ်ကွက်ရှိ ယင်းရုပ်ရှင်ရုံနေရာတွင် ကျင်းပရာ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးနာယက ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လူမှုရေးဝန်ကြီးက အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယက ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင်က ကျေးဇူးတင်စကားပြောကြားခြင်းများ ဆောင်ရွက်ကြသည်။

 

ပိတ်ကား၂၁၃ ခုအထိ တိုးတက်လာ

 

မကွေးတိုင်းဒေသကြီးတွင် ပါရာဒီဆိုရုပ်ရှင်ရုံအုပ်စုမှ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြသသည့်ရုပ်ရှင်ရုံနှင့် ပိတ်ကား အရေအတွက်နှစ်ခုနှင့် အခြားရုပ်ရှင်ရုံနှင့် ပိတ်ကားအရေအတွက် ခြောက်ခု ရှိသဖြင့် စုစုပေါင်း ရှစ်ခုအထိ ရှိလာပြီဖြစ်ကြောင်း၊ ယခုအခါ မြန်မာတစ်နိုင်ငံလုံးတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြသသည့် ရုပ်ရှင်ရုံနှင့် ပိတ်ကားအရေအတွက် စုစုပေါင်းမှာ ၂၁၃ ခုအထိ တိုးတက်လာပြီဖြစ်ကြောင်း သိရသည်။

 

ကျော်စွာသိန်း (FDC)