ပရီမီယာလိဂ် ဘောလုံးပွဲစဉ်တွေမှာ ဒူးတစ်ဖက်ထောက်ပြီး ဆန္ဒပြခွင့်ရရှိ

၁၃ ဇွန်

 

ပရီမီယာလိဂ် ဘောလုံးပွဲစဉ်အတွင်းနဲ့ ပွဲမစခင်အချိန်မှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဘောလုံးသမားတွေဟာ ဒူးတစ်ဘက်ထောက်ပြီး ဆန္ဒပြခွင့် ရရှိမယ်လို့ သိရပါတယ်။

 

လာမယ့်သီတင်းပတ်မှာ စတင်မယ့် ၂၀၁၉-၂၀၂၀ ပရီမီယာလိဂ် ပွဲစဉ်ရဲ့ အစပွဲ ၁၂ ပွဲမှာ ဘောလုံးသမားတွေဟာ သူတို့အင်္ကျီနောက်ကျောမှာ နာမည်အစား "Black Lives Matter” ဆိုတဲ့ စာတမ်းကို ရေးသားခွင့်လည်း ရရှိမယ်လို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။

 

ကြေညာချက်ထဲမှာ ပရီမီယာလိဂ်အနေဲ့ ကစားသမားတွေဟာ ကစားနေစဉ်အတွင်းနဲ့ ပြိုင်ပွဲမတိုင်မီ အချိန်အမှာ ဒူးတစ်ဖက်ထောက်ပြီး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ဆန္ဒပြနိုင်ကြောင်း၊ ကစားသမားတွေ အားလုံးက လူမျိုးအပေါ်လိုက်ပြီး ခွဲခြားဆက်ဆံခြင်းကို လက်မခံကြောင်း၊ ကမ္ဘာ့အသိုင်းအဝိုင်းမှာ အားလုံးပါဝင်ရေး၊ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိရေးနဲ့ အခွင့်အရေး တန်းတူညီမျှမှုတို့ဟာ အသားအရောင်ကို လိုက်ပြီးခွဲခြားစရာ မလိုကြောင်း ပရီမီယာလိဂ်မှာ ပါဝင်ကစားမယ့် အသင်း ၂၀ ရဲ့ သဘောထားဖြစ်ကြောင်း ပါရှိတယ်။

 

ဇွန် ၁၇ ရက်နေ့မှာ စတင်မယ့် ပရီမီယာလိဂ် ပွဲစဉ်နှစ်ခုဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ် ပွဲစဉ်နဲ့ အက်စတွန်ဗီလာနဲ့ ရှဖီးယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားကြမယ်လို့ သိရပါတယ်။

 

ဇွန် ၁၉ ကနေ ၂၂ ရက်အထိ ကျင့်ပမယ့် ပွဲစဉ်တွေမှာတော့ အားကစားသမားတွေရဲ့ အင်္ကျီ နောက်ကျောမှာ Black Lives Matter ဆိုတဲ့စာတမ်းကို ရေးသားထားမှာဖြစ်ပါတယ်။

 

လက်ကျန်ပွဲ ၈၀ အတွက် အားကစားသမားတွေရဲ့ အင်္ကျီတွေပေါ်မှာ Black Lives Matter စာကို လိုဂို သုံးစွဲမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာပါဝင်တဲ့ ဗြိတိန်နိုင်ငံက အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုအသင်း NHS ကို ပါ အားကစားအင်္ကျီပေါ်မှာ ရေးသားပြီး ဂုဏ်ပြုမှာလို့ သိရပါတယ်။

 

ရာသီမစခင်မှာ လေ့ကျင့်နေတဲ့ လီဗာပူးအသင်းက ကစားပွဲမစခင်မှာ ဒူးတစ်ဖက်ထောက်ပြီး လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြောင်း ပြသခဲ့သလို ဘရန့်ဖို့အသင်းနဲ့ ချစ်ကြည်ရေးကစားခဲ့တဲ့ အာဆင်နယ် အသင်းကလည်း ပွဲမစင်မှ ဒူးတစ်ဖက်ထောက်ပြီး လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ပြီး သူတို့ဝတ်ထားတဲ့ အင်္ကျီတွေပေါ်မှာ ‘I can't breathe’ ၊ ‘My skin is not a crime’ နဲ့ ‘I'm not black but I stand with you’ ဆိုတဲ့ စာတမ်းတွေ ရေးသားထားပါတယ်။

 

MDN

AFP

 

 

mdn