ပထမဆုံးသော အာကာသစစ်စခန်း အမေရိကန် စတင်ထူထောင်

ဝါရှင်တန် ၃၀ သြဂုတ်

အမေရိကန်က တရုတ်နှင့်ရုရှားနိုင်ငံတို့၏ အာကာသအတွင်း ကာကွယ်ရေးစွမ်းပကား ဖွံ့ဖြိုးတိုးတက်မှုကို မျက်ခြည်မပြတ် စောင့်ကြည့်ရန်ရည်ရွယ်ပြီး အမေရိကန်အာကာသ စစ်စခန်းကို စတင်ထူထောင်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၉ ရက်တွင် အိမ်ဖြူတော်၌ အာကာသ စစ်စခန်းစတင်ထူထောင်သည့် အခမ်းအနား၌ သမ္မတထရန့်က မိန့်ခွန်းပြောကြားခဲ့သည်။ ကမ္ဘာပတ်လမ်းကြောင်းအတွင်း ရောက်လျက်ရှိသော အမေရိကန်ဂြိုဟ်တုများကို နည်းပညာမြင့်စနစ်များဖြင့် အချို့နိုင်ငံများက ထောက်လှမ်းမှုများ ပြုလုပ်လျက်ရှိသည်ဟု သမ္မတထရန့်က မိန့်ခွန်းထဲတွင်ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်၏ လုပ်ငန်းများကို နှောင့်ယှက်သော ဂြိုဟ်တုများအား တန်ပြန်ထောက်လှမ်းကာ ဖျက်ဆီးနိုင်ရေးအတွက် အာကာသအတွင်း၌ အမေရိကန်၏ စွမ်းပကား မြင့်မားရန် လိုအပ်သည်ဟု သမ္မတထရန့်က ဆိုသည်။

ယခုစတင်ထူထောင်လိုက်သည့် အာကာသစစ်စခန်းသည် အမေရိကန်၏ ၁၁ ခုမြောက် ကာကွယ်ရေးဌာနချုပ်ဖြစ်သည်။ အဆိုပါအာကာသစစ်စခန်းသည် အာကာသအတွင်း ထူးခြားမှုများကို စောင့်ကြည့်ခြင်း၊ ဂြိုဟ်တုများအား ဆက်သွယ်ပေးခြင်းနှင့် ဒုံးကျည်ပစ်လွှတ်ခြင်းဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ပေးခြင်းစသည့် လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည်။

ထို့ပြင် အာကာသစစ်စခန်းကို ထူထောင်ပြီးနောက် နောင်အနာဂတ်တွင် ကြည်း၊ ရေ၊ လေတပ်ဖွဲ့ကဲ့သို့သော အမေရိကန် အာကာသကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းရန် သမ္မတထရန့် ဦးဆောင်သော အစိုးရအဖွဲ့က စီစဉ်ထားကြောင်း သိရသည်။

သို့သော် အာကာသကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းမည်ဆိုပါက ငွေကြေးအမြောက်အမြား ကုန်ကျမှုရှိမည်ဖြစ်သည့်အပြင် နောင်အနာဂတ်တွင် အာကာသ စစ်ပွဲများ ဖြစ်ပေါ်လာမည်ကို ပြည်သူများက စိုးရိမ်ပူပန်လျက်ရှိကြသည်။

ကိုးကား-အင်န်အိတ်ချ်ကေ ဘာသာပြန်-အောင်ကျော်ကျော်