PUBG MOBILE Champion အွန်လိုင်းပြိုင်ပွဲ My GALAXY အသင်းချန်ပီယံဆုရရှိ

ရန်ကုန် ၁ ဧပြီ

PUBG MOBILE မှ COVID-19 အခြေအနေကြောင့် ကစားသမားများ၊ အားပေးသော ပရိသတ်များနှင့် ပါဝင်သူအားလုံး၏ ဘေးကင်းလုံခြုံမှုအတွက် Myanmar Championship 2020 ဖိုင်နယ် ဂိမ်းပြိုင်ပွဲကို အွန်လိုင်းသီးသန့်ပြိုင်ပွဲအဖြစ် မတ် ၂၉ ရက်မှ ၃၀ ရက်အထိ မွန်းလွဲ ၁ နာရီမှ ည ၈ နာရီထိ ကျင်းပခဲ့သည်။

အဆိုပါအွန်လိုင်းပြိုင်ပွဲတွင် PUBG MOBILE မှ Champion ရရှိခဲ့သည့် My GALAXY အသင်းကို ကျပ်သိန်း ၁၅၀၊ First Runner-Up  ရရှိခဲ့သည့် Yangon Galacticos အသင်းကို ကျပ်သိန်း ၁၀၀၊ Second Runner-Up ရရှိခဲ့သည့် DEUS Esport အသင်းကို ကျပ်သိန်း ၆၀၊ Third Runner-Up ရရှိခဲ့သည့် Team SCOTT အသင်းကို ကျပ်သိန်း ၃၀၊ အဆင့် ၅ မှ ၈ ရရှိသည့် အသင်းများကို ကျပ် ၁၅ သိန်းစီ၊ အဆင့် ၉ မှ ၁၈ ရရှိသည့် အသင်းများကို ကျပ် ၁၀ သိန်းစီ ဆုကြေးငွေများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယခုဖိုင်နယ်အဆင့်ပြိုင်ပွဲတွင် ထိပ်ဆုံးရရှိသော အသင်း (၄) သင်းဖြစ်သည့် My GALAXYYangon GalacticosDEUS EsportTeam SCOTT တို့သည် PMCO SEA Wildcard Final အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိခဲ့သည်။ မြန်မာအသင်း လေးသင်းနှင့်အတူ လာအို၊ စင်္ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောနိုင်ငံများမှ Online ပြိုင်ပွဲများမှ အနိုင်ရရှိသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်းတို့သည် PMCO SEA Wildcard Final အဆင့်တွင် Online မှတစ်ဆင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ PMCO SEA Wildcard Final အဆင့်တွင် ထိပ်ဆုံးရပ်တည်နိုင်သော အသင်းသုံးသင်းကသာ ကိုယ်ပိုင် League ရှိသော နိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံမှ အသင်းများနှင့်အတူ PMCO SEA Final သို့ တက်လှမ်းယှဉ်ပြိုင်ရမည်ဖြစ်သည်။ PMCO SEA Final ပြိုင်ပွဲကြီးတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ တန်ဖိုးရှိသည့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ယခု PUBG MOBILE Myanmar Championship 2020 ပြိုင်ပွဲ ဖိုင်နယ်အဆင့် မတိုင်မီ ပြိုင်ပွဲဝင်အသင်းများသည် တစ်အုပ်စုလျှင် အသင်း ၂၀ ဖြင့် အုပ်စု ၆၀ ခွဲကာ အွန်လိုင်း Round ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြ‌ကြောင်း သိရသည်။

အာကာလင်း