ရေ ဘာကြောင့် သောက်ရတယ်။ ဒါတွေကြောင့်မို့ သောက်ရတယ်

 “ရေများများသောက်ပါ” ကျွန်တော်တို့ ခဏခဏ တွေ့ဖူး၊ ကြားဖူးပါတယ်။ ဘာကြောင့် ရေသောက်သင့်တာလဲဆိုရင်တော့ အချက်အလက်နဲ့ ဖြေနိုင်မယ့် ရာနှုန်းနည်းသွားပါပြီ။ ဒီတော့ ရေဘာလို့ သောက်ရတာလဲ၊ လူ့ခန္ဓာကိုယ်အတွက် ရေကို ဘာကြောင့် လိုအပ်တာလဲ ဆိုတဲ့အကြောင်း ကျွန်တော်တို့ အချက်အလက်လေးနဲ့ နည်းနည်း ဆွေးနွေးကြည့်ကြရအောင်။

 

၁။ ရေက ခန္ဓာကိုယ် အပူချိန်ကို မှန်ကန်အေးမြစေပါတယ်

 

ရေကို အငွေ့ပျံဖို့၊ ရေကို အပူပေးဖို့ အပူချိန် များများလိုတယ်ဆိုတာ အားလုံး သိပြီးသားပါ။ ဒီလိုပါပဲ၊ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာလည်း ရေဓာတ်အများစုနဲ့ ဖွဲ့စည်းထားတာမို့ ရေဓာတ်ပြည့် နေတယ်ဆိုရင် ကိုယ်အပူချိန် မြင့်တက်စေဖို့ တော်တော် ခဲယဉ်းပါတယ်။

 

ဒါကြောင့် ရာသီဥတု ပူပူမှာတောင် ခန္ဓာကိုယ် အေးမြချင်တယ်ဆိုရင် ရေများများသောက်ပါ။

 

၂။ ချွေးထွက်လွန် မူးဝေခြင်းကို ကာကွယ်ပေးနိုင်ပါတယ်

 

ရာသီဥတု ပူတဲ့အခါ၊ လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ ချွေးထွက်ခြင်းက ရေဓာတ်ကို ဆုံးရှုံးစေပါတယ်။ ချွေးထွက်ရင်း အရေပြားပေါ်မှာ ချွေးတွေအငွေ့ပျံတာကြောင့် ချွေးထွက်နေတုန်း လေတိုက်ရင် အေးတယ်လို့ ခံစားကြရတာပါ။

 

ဒါပေမဲ့ ကိုယ်ထဲက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်မဖြည့်နိုင်ဘူးဆိုရင် ကိုယ်အပူချိန်တွေ တက်လာပြီး သတိလစ်တာ၊ မူးဝေတာတွေ ဖြစ်တတ်ပါတယ်။ ပုံမှန်ထက် ချွေးထွက်လွယ်တယ်ဆိုရင် ပုံမှန်ထက် ရေပိုသောက်သင့်ပါတယ်။

 

အမယ်၊ အပေါ်က အချက်တွေ ငါတို့သိပြီးသား။ ဘာလို့ အထွေအထူးလုပ်ပြီး ပြောနေတာလဲဆိုရင် အောက်က အချက်လေးတွေကို ဆက်ဖတ်ကြည့်ပါဦး။

 

၃။ ရေသောက်ခြင်းက အရိုးအဆစ်တွေကို ကာကွယ်ပေးနိုင်ပါတယ်

 

ရေသောက်ခြင်းက တစ်သျှူးတွေ၊ ကျောရိုးမကြီးနဲ့ အဆစ်တွေကို တကယ်ပဲ အကာအကွယ် ပေးနိုင်ပါတယ်။ ဘယ်လို ကာကွယ်ပေးတာလဲ။ ပစ္စည်း အမာ (၂) ခုပွတ်တိုက်ရင် ပွန်းတယ်ဆိုတာ ကျွန်တော်တို့ သိကြတယ်။ ဒီတော့ မပွန်းအောင် ကျွန်တော်တို့ ကြားထဲမှာ ကူရှင်အဖြစ် တစ်ခုခု ခံကြတယ်။ ရေဟာလည်း ဒီလိုပါပဲ။

 

ကျွန်တော်တို့ရဲ့ အဆစ်တွေ၊ ကျောရိုးမတွေနဲ့ တစ်သျှူးတွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက်ပြီး ပွန်းတာမျိုး မဖြစ်အောင် ကူရှင်အဖြစ်နဲ့ လှုပ်ရှားမှုတွေ ချောမွေ့အောင် ချောဆီအဖြစ် ရေက ကူညီပေးနိုင်ပါတယ်။ ဒါက လှုပ်ရှားမှုတွေ လုပ်ရာမှာ ပိုပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။

 

၄။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်

 

တကယ်တော့ Detox Water တွေ ဘာတွေဆိုတာ ရေပိုဝင်အောင် အလှဆင်၊ အရသာပြောင်းပြီး လုပ်တဲ့သဘောပါပဲ။ ရေသာ နိုင်နိုင်သောက်ပါ။ ကျွန်တော်တို့ သောက်လိုက်တဲ့ ရေကို ခန္ဓာကိုယ်က ချွေး၊ ဆီး နဲ့ အူလမ်းကြောင်း လှုပ်ရှားမှုတွေအတွက်လည်း အသုံးပြုပါသေးတယ်။ ဒါကြောင့် ချွေးထွက် များရင် ရေများများသောက်ပါ။ ဝမ်းမချုပ်အောင် ရေသောက်ပါ။

 

ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ကျောက်ကပ်က သန့်စင်ပြီး ဆီးအဖြစ် စွန့်ထုတ်ပေးတာမို့ လုံလောက်တဲ့ ရေပမာဏကို ပုံမှန်သောက်မယ်ဆိုရင် ကျောက်ကပ်ကျောက်တည်ခြင်းကနေလည်း ကာကွယ်နိုင်မှာပါ။

 

ရေသောက်ခြင်းနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေက ဒီထက်မက များပေမဲ့ စာရှည်သွားမှာ စိုးတာကြောင့် ကျွန်တော် ဒီမှာပဲ ရပ်လိုက်ပါ့မယ်။ စာဖတ်သူတို့ သိထားတဲ့ ရေသောက်ခြင်း အကျိုးကျေးဇူးတွေ ရှိရင်လည်း ပြောပေးသွားပါဦး။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Dr. Thiha Phyo Myint

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်