ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ဂွေးချောင်း(ကွေ့ချောင်း) ခံတပ်

၉ ဩဂုတ်

 

ဂွေးချောင်း(ကွေ့ချောင်း)ခံတပ်သည် မကွေးမြို့မှ ၁၂ မိုင်ခန့်အကွာ ဧရာ၀တီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ဧရာ၀တီမြစ် အနောက်ဘက်ကမ်းရှိ မင်းလှခံတပ်၏ အရှေ့တောင်ဘက် ဓားလွယ်ခုတ် အနေအထားတွင်တည်ရှိသည်။ ဂွေးချောင်း(ကွေ့ချောင်း) ခံတပ်ကို မင်းတုန်းမင်း၏ညီတော် ကနောင်မင်းသား၏ ကြီးကြပ်စီစဉ်မှုဖြင့် ပြင်သစ်နှင့် အီတာလျံလူမျိုးများဖြစ်ကြသည့် ကိုမိုဟိုပယ်ရီနှင့် မိုလီနာရီတို့နှင့်အတူ မြန်မာအင်ဂျင်နီယာများ ပူးပေါင်း၍ ခရစ်နှစ် ၁၈၆၀ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ခရစ်နှစ် ၁၈၆၃ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

 

ဂွေးချောင်း(ကွေ့ချောင်း)ခံတပ်သည် အလျား ၂၇၅ ပေ၊ အနံ ၁၅၅ ပေရှိပြီး အမြင့် ၁၂ ပေရှိကာ ဒုလေးပေရှိသော အုတ်တံတိုင်းဖြင့် ကာရံတည်ဆောက်ထားသည်။ တံတိုင်း၏ အရှေ့ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက်တို့တွင် အတွင်းမှနေ၍ ရန်သူအား တိုက်ခိုက်နိုင်ရန်အတွက် သေနတ် ပစ်ပေါက်များ စီမံထားရှိပြီး စုစုပေါင်း အပေါက်အရေအတွက် ၁၅၉ ခု ရှိသည်။

 

ဥမင်တစ်ခုပြုလုပ်ထား

 

ခံတပ်အတွင်းသို့ ဝင်ရောက်ရန် အနောက်ဘက်တွင် တံခါးတိုင်း၏အတွင်း ပိုင်း၌ စစ်သည်တော်များနေထိုင်ရန် အဆောင်တန်းလျား နှစ်ခုနှင့် အရာရှိဆောင် တစ်ခု ပြုလုပ်ထားသည်။ အခန်း ၁၃ ခန်း ပါရှိ၍ အဆောင်တန်းလျားများ၏ အရှေ့ ဘက်တွင် အကျယ် ၁၄ ပေ၊ အလျား ၁၉၆ ပေရှိ ဥမင်တစ်ခု ပြုလုပ်ထားကာ စစ်တိုက်ရာတွင် အသုံးပြုသော ဆင်များထားရှိ သည့်အတွက် ဆင်ကျုံးဟု ခေါ်ကြ‌ကြောင်း သိရသည်။

 

ဆင်ကျုံးအတွင်းနံရံ၏ အနောက်ဘက်ခြမ်းတွင် လက်နက်များထားရှိရန် လက်နက်တိုက်တစ်ခုနှင့် အရာရှိဆောင် ၏ အနောက်ဘက်နံရံတွင် လက်နက် တိုက်တစ်ခု စီမံပြုလုပ်ထားပြီး ခံတပ်၏ တောင်ဘက်တွင် ဆင်ခြေလျှောပြုလုပ်၍ အုတ်ရိုးတန်းများ ကာရံထားသော မြေကတုတ် လေးဆင့် ပြုလုပ်ထားသည်။

 

မြေအောက်ခံတပ်

 

အရှေ့ဘက်နေရာတွင် မျှော်စင်တစ်ခု ပြုလုပ်ထားကာ လက်ရှိအခြေအနေတွင် အုတ်ရိုးတန်းများသာ ကျန်ရှိသည်ကို တွေ့ရသည်။ ခံတပ်တည်ဆောက်ထားပုံမှာ အဆင့် သုံးဆင့်ရှိ၍ ပထမအဆင့်သာလျှင် မြေပေါ် တွင် ပေါ်လွင်တည်ရှိပြီး ကျန်နှစ်ဆင့်မှာ မြေကြီးအောက်တွင်ဖြစ်သည်။ မြေအောက် ခံတပ်၏အလယ်တွင် ရေသိုလှောင်ထားရှိရန် အလျား ၇၂ ပေ၊ အနံ ၁၇ ပေ၊ အနက် ၈၅ ပေ ရှိသည့် မြေအောက်ရေကန်တစ်ခုကိုလည်း စနစ်ကျစွာ တည်ဆောက်ထားသည်ကို တွေ့ရ သည်။

 

မင်းတုန်းမင်း၏ ညီတော် ကနောင် မင်းသား၏ ကြီးကြပ်စီစဉ်မှုဖြင့် တည်ဆောက်ခဲ့သည့် ဂွေးချောင်း(ကွေ့ချောင်း)ခံတပ်ကို သမိုင်းဝင် အဆောက်အအုံအဖြစ်သတ်မှတ်၍ ၁၉၅၇ ခုနှစ်မှ ယနေ့အချိန်အထိ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)