ရေကြည်-ကျုံပျော် ကားလမ်းမပေါ်တွင် ယဉ်တိုက်မှုဖြစ်ပွားရာမှ လူနှစ်ဦး သေဆုံး

ရေကြည်    ၄   ဧပြီ 

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကညင်လေးပင်ရွာထိပ်အနီးရေကြည်-ကျုံပျော် ကားလမ်းမပေါ်တွင် ယမန်နေ့နံနက် ၉ နာရီခွဲက ယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာမှ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရေကြည်မြို့ဘက်မှ ကျုံပျော်မြို့ဘက်သို့ ဇင်မောင်မောင် မောင်းနှင်လာသော ကျောက်တင်ယာဉ်မှာ မိုင်တိုင်အမှတ် 41/5 နှင့် 41/6 ကြား အရောက်တွင် လားရာတူ လမ်းအတိုင်း ရှေ့မှမောင်းနှင်းနေသော ယာဉ်တစ်စီးအား ကျော်တက်မောင်းနှင်စဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်ဘက် ကျုံပျော်မြို့ဘက်မှရေကြည်မြို့ဘက်သို့ ဦးသန်းနိုင်မောင်းနှင်ပြီး မမြင့်ထက်ထက်လှိုင် လိုက်ပါစီးလာသည့် ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ ဦးသန်းနိုင်နှင့် မမြင့်ထက်ထက်လှိုင်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍  ယာဉ်မဆင်မခြင် မောင်းနှင်ခဲ့သူ ဇင်မောင်မောင်အား ဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။

 

အောင်သူဟန် (ပြန်/ဆက်)