ရွှေထူးက သီချင်းသစ်များဖန်တီးမှုအပြင် ရုပ်ရှင်ဇာတ်ကားများပါ ရိုက်ကူးမည်

ကိုလင်း

 

လူငယ်အဆိုတော် ရွှေထူးအနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း သီချင်းသစ်များ ဖန်တီးနေသည့်အပြင် Myanmar Media 7 နှင့် လက်တွဲ၍ ရုပ်ရှင်ဇာတ်ကားများလည်း ထပ်မံရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“၂၀၂၀ ပြည့်နှစ်အတွင်းမှာ Myanmar Media 7 နဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိပါတယ်။ အခြားထုတ်လုပ်ရေးတွေက ကမ်းလှမ်းထားတာတွေလည်း ရှိတယ်။ သရုပ်ဆောင်ပိုင်းမှာ ကျွန်တော့်ကို အိုက်တင်ပိုင်းဆိုင်ရာတွေ သင်ပြပေးတဲ့ ဆရာတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်တော့် အမျိုးသမီး ရွှေမှုံရတီကို ကျေးဇူးတင်တယ်။ ဇာတ်လမ်းရွေးချယ်တဲ့ နေရာမှာ ကျွန်တော်ကိုယ်တိုင် ရွေးချယ်ပေမယ့် အချို့နားမလည်သေးတဲ့ ကဏ္ဍလေးတွေကိုတော့ အမျိုးသမီးဆီက အမြဲအကြံဉာဏ်တောင်းဖြစ်ပါတယ်” ဟု ရွှေထူးက ပြောသည်။

 

လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သင်္ကြန်ဖျော်ဖြေပွဲများ ရပ်နား ထားရခြင်းနှင့်ပတ်သက်၍လည်း ရွှေထူးက “သင်္ကြန်အတွက် ပွဲတွေချိတ်ထားတာတော့ ရှိတယ်။ ဒါပေမယ့် လတ်တလော အခြေအနေတွေကြောင့် ပွဲတွေ ရပ်နားရမယ်လို့သိရတယ်။ နိုင်ငံတော်က ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း အားလုံးလိုက်နာရမှာပါ။ ကျွန်တော့်အနေနဲ့လည်း ဒီအခြေအနေမှာ ရပ်နားသင့်တယ်လို့ ထင်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဂရုစိုက်မယ်။ ကိုယ့်မိသားစုနဲ့ ပတ်ဝန်းကျင်ကိုလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအသိတွေကို တတ်နိုင်သလောက် ဝေမျှသွားမယ်။ ဒီနှစ် သင်္ကြန်မှာ ကျွန်တော် အလုပ် မလုပ်ဖြစ်ခဲ့ရင် ဘုန်းကြီးဝတ်ဖို့ ဆန္ဒရှိပါတယ်” ဟုလည်း ရွှေထူးက ဆက်လက်ပြောကြားသည်။

 

မြန်မာ့အလင်း