ရေဦးမြို့တွင် ဆိုင်ကယ်ခိုးသူ(၂)ဦးအား  စစ်ဆေးပေါ်ပေါက်ချက်အရ ခိုးရာပါ ဆိုင်ကယ်(၈)စီး ဖော်ထုတ်နိုင်

ရေဦး   ၂၂    နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ယမန်နေ့ မွန်းလွဲပိုင်းက ဆိုင်ကယ်ခိုးသူ(၂) ဦးအား စစ်ဆေး ပေါ်ပေါက်ချက်အရ ခိုးရာပါဆိုင်ကယ်(၈) စီး ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ကြောင်း ရေဦးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ထိုက်လင်းစိုးထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ရေဦးမြို့တွင် နိုဝင်ဘာ ၁၈ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ရေဦးမြို့ မြို့မစည်ပင် သာယာစျေးရှိ ဆိုင်ကယ်အပ်နှံရာ၌ လူငယ်တစ်ဦးမှ ဆိုင်ကယ်တစ်စီးအား ဆော့ကတ်ဖြုတ်၍ ခိုးယူရန် ကြိုးစားကြောင်း လူမြင်သွား၍ ခြေကျင်ထွက်ပြေးသွားကြောင်း တိုင်တန်းချက်အရ ရေဦးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ထိုက်လင်းစိုး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဝင်းဇော်ဦး နှင့်အဖွဲ့မှ လိုက်လံရှာဖွေခဲ့သည်။

 

ထိုသို့ ရှာဖွေရာ ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက် မူးမြစ်ကမ်းဘေး ကိုင်းတောများကြားတွင် ပုန်းခိုနေသူ သိန်းထိုက်အောင် (၂၄)နှစ် မုံလှကျေးရွာ၊ ခင်ဦးမြို့နယ်နေသူမှာ ထွက်ပြေးစဉ် နေအိမ်တစ်အိမ်၏ တံစက်မြိတ်တွင် သော့တန်းလန်းနှင့် ရပ်ထားသော အနက်ရောင်ဆိုင်ကယ်အားခိုးယူ မောင်းပြေးစဉ် ကိုင်းတောများကြား၌ ခိုးရာပါဆိုင်ကယ်နှင့်အတူ သက်သေများရှေ့မှောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဥ်နှင့်ပတ်သက်၍ ရေဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညွန့်ဝင်း ညွှန်ကြားမှုဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးပေါ်ပေါက်ချက်များအရ ဆိုင်ကယ်ခိုးယူမှုများတွင် ပါဝင်ကျူးလွန်သူ အောင်ဇော်ဖြိုး ၂၅ နှစ် ပုဂံကျေးရွာ ဒီပဲယင်းမြို့နယ်နေသူနှင့် ၎င်းတို့(၂)ဦး ဒီပဲယင်း၊ တန့်ဆည်၊ ရေဦး၊ ဘုတလင် မြို့နယ်များမှ ခိုးယူခဲ့သော ဆိုင်ကယ်မျိုးစုံ(၈) စီးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

မိုးသောက် (ရွှေဘို)

 

mdn