ရိုးရာအိမ်လေးများနဲ့ နောင်ငင်းရွာ

သီဟလုလင်

 

ကျွန်တော်တို့ ဓာတ်ပုံရိုက်မဝသေးလို့ မတိုးတက်ပါနဲ့ဦးလို့ မတားရက်တဲ့ နောင်ငင်းရွာလေးဆီကို ရိုးရာအိမ်လေးတွေ မပျောက်ခင် အမြန်သွားဖြစ်ခဲ့ပါတယ်။ ပုံစံတူ ရိုးရာအိမ်လေးတွေက တရုတ်နိုင်ငံက ထိန်ချုံးတို့လိုမျိုး တစ်ရွာလုံး အတူတူ ရှိနေကြတာမျိုးမို့ နိုင်ငံခြားသားတွေကိုတောင် သေချာမပြလိုက်ရဘဲ တိုးတက်သွားမလားလို့ စိတ်ထဲအားမရ ဖြစ်မိတာတော့ အမှန်ပါပဲ။

 

ကျွန်တော် ပြီးခဲ့တဲ့ဇွန်လတုန်းက နောင်ငင်းရွာရှိရာ ရှမ်းပြည်နယ် အရှေ့ပိုင်းကို ရောက်ဖြစ်ခဲ့တယ်။ ကျိုင်းတုံနဲ့ မဝေးတဲ့ ရွာလေးပေါ့။ ပထမတုန်းကတော့ သိပ်စိတ်ဝင် စားစရာဖြစ်မယ် မထင်မိပေမယ့် စာရေးလည်းကောင်း၊ အပြောလည်းကောင်းသူ ကျိုင်းတုံခေမရဌ်ဟိုတယ်က ကိုရဲမြင့်အောင်ရဲ့ အညွှန်းကြောင့် မဖြစ်မနေ သွားကြည့်ဦးမယ်ဆိုပြီးတွေးလို့ လာရောက် ဖြစ်တာပါ။ တကယ်တမ်းရောက်တော့ နောင်ငင်းဟာ ပြည်တွင်း ပြည်ပ ခရီးသွားတွေအတွက် လေ့လာစရာရိုးရာတွေ ကျန်နေသေးတဲ့ အရပ်ဖြစ်သလို ဓာတ်ပုံရိုက်ဖို့ Instagramable ဖြစ်တဲ့ နေရာတစ်ခုဆိုတာ သိလိုက်ရတယ်။

 

နောင်ငင်းရွာလေးသည်

တစ်ရွာလုံးမှာ မြောက်ပိုင်းရှမ်းတွေရဲ့ တရုတ်ဟန်နွယ်တဲ့ ရိုးရာအိမ်ဆောက်ပုံမျိုးနဲ့ ဆောက်ထားတဲ့ အိမ်ဆင်တူလေးတွေကို ဆန်းဆန်းပြားပြား မြင်တွေ့ခံစားရတဲ့ ရွာလေးပါ။ မြေကြီးနဲ့ပဲ အုတ်လုပ်၊ မြေကြီးနဲ့ပဲ ပလာစတာလုပ် အိမ်ဆောက်နေကြတဲ့ ပညာရှင်တွေ စိတ်ဝင်စားကြတဲ့ မြေကြီးအိမ်တွေရှိတဲ့ရွာပါ။ ရွာလေးက ဆိတ်ငြိမ်တယ်။ ကျွန်တော်ရောက်သွားတဲ့နေ့မှာ ထူးထူး ခြားခြား လူရှင်းလင်းပြီး Ghost Town လား ထင်ရလောက်အောင်ပဲ။ တစ်လမ်းလုံးမှာ ကိုယ်တစ်ယောက်တည်း ဓာတ်ပုံ ရိုက်ချင်သလို ရိုက်နေလို့ရတဲ့ အနေအထားမျိုး၊ ကျိုင်းတုံကနေ ဆိုင်ကယ်နဲ့ မိနစ် ၃၀ လောက်သွားရတဲ့ အကွာအဝေးလေးမှာ တည်ရှိပါတယ်။ သိပ်ချစ်စရာကောင်းတဲ့ ရွာလေးပါပဲ။

 

ကျွန်တော့်ရဲ့ နောင်ငင်းရွာ ခရီးစဉ်

ကျွန်တော်က ခပ်သွက်သွက်ပဲ လည်ပတ်ဖြစ်ခဲ့တာ။ ဒီရွာကိုလည်ဖို့ နေ့တစ်ပိုင်းဆို လုံလောက်ပြီ။ ဆိုင်ကယ်လေးနဲ့ ကိုယ့်ဟာကိုယ် မောင်းလာရင်တောင်ရတယ်။ ဒီရွာကို အဝင်ကညောင်ပင်ကြီးက တကယ့်သက်တမ်းရင့် ညောင်ပင်ကြီး။ အခက်အလက်တွေကလည်း အလွန်လှတာ။ တစ်ခါတလေ ကျွဲကျောင်းသားတွေ ကျွဲကျောင်းလာတာမျိုးတွေ့ရင် ရွှေပဲ။ တကယ်ဓာတ်ပုံရိုက်လို့ လှတာမျိုးပေါ့။

 

ရွာထိပ်က ဘုန်းကြီးကျောင်းမှာ ရှေးကျောက်စာတစ်ချပ်ရှိတယ်။ ကျွန်တော် ရောက်တဲ့အချိန်မှာ သိမ်းထားလို့ မလေ့လာ လိုက်ရဘူး။ ကြုံရင်လေ့လာခဲ့ပါဦး။

 

ရွာအတွင်းကို လမ်းသွယ်လေးများစွာနဲ့ ကြိုက်ရာရွေးဝင်လို့ရတယ်။ လမ်းသွယ်တိုင်းက ပုံစံအတူတူလိုပဲ။ အိမ်ဆောက်ပုံ၊ ခြံခတ်ပုံတွေက ဆင်နေတော့ အားလုံးခပ်ဆင်ဆင်လေး ဖြစ်နေကြတာပေါ့။ တစ်ခုပဲ စိတ်ထဲမကျေနပ်တာက အခုခေတ်ပေါ် အသုံးအဆောင်တွေ တိုးလာပြီ။ စတီးရေတိုင်ကီကြီးတွေ၊ ထပ်တိုးဆောက်တဲ့ အိမ်တွေက ဘိလပ်မြေတွေနဲ့ ဖြစ်ကုန်ပြီ။ အရောင်တွေလည်း သုံးလာကြပြီ။ စလောင်းတွေလည်း တပ်လာကြပြီ။ အိမ်အဟောင်းတွေလည်း ဖျက်နေကြပြီဆိုတော့ ဒီလိုရိုးရာဆင်တူ အိမ်လေးတွေ အများကြီးရှိတယ်ဆိုတာမျိုး နောက်ပိုင်းမှာ တွေ့ရဖို့ မလွယ်တော့ဘူး။

 

တကယ်တော့ ခရီးသွားလုပ်ငန်းသာ ဖွံ့ဖြိုးရင်တော့ ဒီလိုရွာလေးကို နိုင်ငံခြားသားတွေကိုပြဖို့ သီးသန့်လေး ထားသင့်ပါတယ်။ ဒီကနေ ဝင်ငွေရနိုင်တာပဲလေ။ ခက်တာက ဒီမှာဘယ်သူလုပ်မလဲ၊ ဘယ်လိုလုပ်မလဲဆိုတာမျိုး စနစ်တကျ စဉ်းစားစီစဉ်မယ့် သူလည်း မရှိပြန်တော့ ခက်တော့ခက်တယ်။ ခုတောင် ရွာထဲမှာလူခြေတိတ်ပြီး အဘိုးအဘွားနဲ့ ကလေးတွေပဲရှိနေကြတာ။ လူငယ်တွေက ဟိုဘက်ကူးပြီး အလုပ်လုပ်နေကြသူ၊ မြို့တက် အလုပ်လုပ် နေကြသူတွေနဲ့လေ။

 

ထူးခြားတဲ့ ရိုးရာအိမ်ဆောက်နည်း

ကံကောင်းချင်တော့ အိမ်တစ်အိမ်ကိုတက်ပြီး လေ့လာခွင့်ရလိုက်တယ်။ ရှမ်းရိုးရာအိမ်တွေက အလယ်ခေါင်မြင့်မြင့်နဲ့ ဆောက်ပြီး ခေါင်မိုးကဘေးကိုလုံးလုံးလေး ကျသွားတာ။ အောက်က အုတ်ခံအကာကလည်း လုံးလုံးလေး ပြန်တက်တယ်။ ချစ်စရာလေး။ အားလုံးကို အုတ်နီတွေနဲ့မို့ အိမ်ဆင်တူလေးတွေ အများကြီးမြင်ရတဲ့အခါ အမြင်မှာလှနေရော။ ဟိုးတုန်း ကတည်းက သုံးတဲ့သစ်သား မိန်းတုံးချတံခါးတွေလည်း တွေ့ရတယ်။ အိမ်အတွင်းက သစ်သားချောင်းတွေ အတုံးတွေ ဆက်ရာမှာ သံမသုံးဘဲ သစ်သားကိုပဲ စို့ရိုက်တဲ့ပုံစံနဲ့ ဆောက်ထားတာမို့ ထူးခြားတဲ့ပညာတွေလို့ ခံစားမိသွားတယ်။ အခန်းဖွဲ့စည်းပုံ လေးတွေလည်း ထူးခြားတယ်။ ပုံလေးတွေ သေချာရိုက်လာတော့ ပုံလေးနဲ့ ယှဉ်ကြည့်ရင် ခံစားမိလိမ့်မယ်။ စတိုခန်း၊ အိပ်ခန်း၊ မီးဖိုချောင် အားလုံးက သေသေသပ်သပ်ရယ်။

 

နိုင်ငံခြားသားတွေလည်း ဒီရွာကို လာကြပါတယ်။ ဒီမှာရိုးရာလုပ်ငန်းတွေ။ အမှတ်တရပစ္စည်းတွေ ရောင်းချ နေသူတွေလည်း ရှိပါတယ်။ သို့သော်လည်းပေါ့။ နောင်ငင်းရွာကို အလည်ရောက်ခဲ့သူ တစ်ယောက်အတွက် စတင်ပြောင်းလဲတိုးတက်နေတဲ့ အခြေအနေကို ပြောစရာစကား မရှိပေမယ့် နှမြောသလိုတော့ ဖြစ်ပါတယ်။ ဆိုတော့လည်း ကိုယ့်မှာပြောစရာက အရာရာ မပြောင်းလဲသွားခင် အမြန်သွားကြည့်နိုင်တာ အကောင်းဆုံးပါဆိုတဲ့ စကားကလွဲလို့ မရှိဘူးပေါ့ဗျာ။ ရှမ်းပြည်နယ်အရှေ့ပိုင်း အလည်ရောက်ခဲ့ရင် နောင်ငင်းရွာလေးကို မဖြစ်မနေ သွားလေ့လာခဲ့ပါလို့ သေသေချာချာ မှာချင်ပါတယ်ဗျာ။

 

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။   ။