ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ သဘာဝအလှ ဝက်ဖြူကျွန်းရေလယ်ဘုရား

အောင်ကြည်မိုး(စစ်တွေ)

ရခိုင်ပြည်နယ် မင်းပြားမြို့သည် ရှေးရခိုင်တို့၏ စည်ပင်ခဲ့ရာ မြို့တစ်မြို့ ဖြစ်ခဲ့သည်။ လေးမြို့မြစ်၏ လက်ဝဲဘက်၊ ကျိန်းတောင်၏ အရှေ့ဘက်တောင်ခြေတွင် ရှိသည်။ ယနေ့ အချိန်တွင် ရန်ကုန်- စစ်တွေ အဝေးပြေးကားလမ်းမပေါ်တွင် တည်ရှိနေ၍ စည်ကားသည်။ မင်းပြားမြို့၌ ရခိုင်၊ ဒိုင်းနက်(သက္ကမ)၊ မရမာကြီးနှင့် ချင်းတိုင်းရင်းသားလူမျိုး တို့ နေထိုင်လျက်ရှိကြသည်။ ကျိန်းတောင်စေတီနှင့် ဝက်ဖြူကျွန်းရှိ ရေလယ်စေတီတော်တို့မှာ ထင်ရှားသည်။

ဝက်မင်းအဖြစ် ကျင်လည်ခဲ့ဖူးသည်ကို အစွဲပြု

မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းဝ သေကန် ကျေးရွာအနီး ကျွန်းငယ်တစ်ခုပေါ်၌ တောတောင်သဘာဝ ရှုခင်းများနှင့် အလွန်စိတ်ကြည်နူးဖွယ်ကောင်းသည့် သမိုင်းဝင် ရေလယ်ဘုရား တစ်ဆူရှိသည်။ မြတ်စွာဘုရား နုစဉ်ဘဝတုန်းက ဤနေရာတွင် ဝက်မင်းအဖြစ်နှင့် ကျင်လည်ခဲ့ဖူးသည်ကို အစွဲပြု၍ ဝက်ဖြူကျွန်း၊ ဝက်ဖြူကျွန်း ရှိစေတီအား ဝက်ဖြူကျွန်းရေလယ်ဘုရားစေတီဟု ခေါ်တွင် ကြခြင်းဖြစ်သည်။
မြတ်စွာဘုရား နုစဉ်ဘဝ ဤဝက်ဖြူကျွန်းပေါ်၌ ဝက်မင်းဖြစ်ခဲ့ဖူး၍ "ညီတော်အာနန္ဒာ ငါဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူသောအခါ နုစဉ်ဘဝက ကျင်လည်ခဲ့ဖူးသော ဤကျွန်းပေါ်ဝယ် ငါဘုရား၏ ဝမ်းသားတော်ဓာတ်သည် တည်လတ္တံ့" ဟု ဗျာဒိတ်တော်ပေးထားခဲ့သည်ဟု သမိုင်း မှတ်တမ်းများ၌ ဆိုထားသည်။ တတိယဓညဝတီခေတ်သို့ ရောက်သောအခါ မြတ်စွာဘုရား၏ ဗျာဒိတ်တော်စကား အတိုင်း ရခိုင်ဘုရင် သူရိယစက္ကမင်းနှင့် မိဖုရား ရုစိတာ မာလာဒေဝီ တို့က သာသနာသက္ကရာဇ် ၂၂၀ ခုနှစ် တပေါင်း လဆန်း ၁၅ ရက် (ဗုဒ္ဓဟူးနေ့) ၌ ကြီးစွာသောအလှူကိုပေးကာ နွားလားဥဿဘ တမော့ခန့်ရှိသော ဓာတ်တော်တစ်ဆူကို ဤကျွန်းငယ်၌ တည်ထားကောင်းမှု ပြုခဲ့ကြသည်ဟု ရမ်းဗြဲတောင်ကျောင်း ဆရာတော် အသျှင်စန္ဒမာလာ လင်္ကာရ ပြုစုသော ရခိုင်ရာဇာဝင်သစ်ကျမ်း၌ ပြထား သည်။

ယင်းဓာတ်တော်မှာ ကာလကြာ၍ ဖရိုဖရဲ ပြိုကွဲပျက်စီး လာသောအခါ လောင်းကြက်ခေတ်၌ အလောမာဖြူမင်း နှင့် မိဖုရား စောရွှေသစ်တို့က ထပ်မံပြုပြင်ခဲ့ကြ၏။ မြောက်ဦးခေတ်၌ နရပတိ ငကုသလမင်း၏ မိဖုရား ဝါလှဖြူက ထပ်မံပြုပြင်ခဲ့သေးသည်။

မင်းပြားမြို့သည် လေးမြို့မြစ်ကမ်းနဖူးတွင် တည်ရှိ ၍ နှစ်စဉ်လိုလို လေးမြို့မြစ် စိုးရိမ်ရေမှတ်ကို ရောက်ရှိ ပါသော်လည်း ဝက်ဖြူကျွန်းရှိ ရေလယ်ဘုရားစေတီ ရေမမြုပ်သည်မှာ အလွန်အံ့ဩဖွယ်ရာတစ်ခုဖြစ်နေသည်။ မင်းပြားမြို့သူ မြို့သားများက ဝက်ဖြူကျွန်းရှိ ရေလယ် ဘုရားစေတီ ရေမမြုပ်သည်မှာ ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်အစစ်အမှန်ကြောင့် ဖြစ်သည်ဟု ပြောစမှတ်ပြု ကြသည်။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်သို့ ကြုံကြိုက်၍ တစ်ခေါက်တစ်ခါ ရောက်ရှိခဲ့ပါလျှင် တောတောင်သဘာဝ ရှုခင်းများနှင့် အလွန်စိတ်ကြည်နူးဖွယ်ကောင်းပြီး ရေကြီး ရေလျှံခြင်းကြောင့် ရေမမြုပ်သည့် သမိုင်းဝင် ဝက်ဖြူကျွန်း ရေလယ်ဘုရားစေတီအား သွားရောက်ဖူးမြော်သင့်ပါ ကြောင်း တင်ပြလိုက်ရပါသည်။