ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် ၁၁ စက်တင်ဘာ


ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီဥက္ကဋ္ဌ ဦးအေးကြိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-


အားလုံးမင်္ဂလာပါ


ကျွန်တော်တို့ ဤပါတီကို (၂၀၁၀) ပါတီထူထောင်ခွင့်ရချိန်တွင် ပါတီ မထူထောင်မီ ရခိုင်ပြည်နယ်ရှိ မြို့နယ် (၅) ခုမှ ညီလာခံကဲ့သို့သော အချို့သော ပုဂ္ဂိုလ်များနှင့် ဆွေးနွေးရာမှာ ကျွန်တော်တို့ ပါတီထူထောင်ချိန်၌ ရခိုင်ပြည် ကိုယ်စားပြု ရခိုင်သားများထဲမှ တစ်ပါးသူကမှလည်း ပါတီထူထောင်ရန် ပေါ်ပေါက်ခြင်းမရှိပါ၍ ပြည်နယ်ကိုယ်စားပြု ရခိုင်ပါတီတစ်ခုရှိသင့်သည် ဟု အဖြေထွက်ပေါ်ချက်အရ မိမိတို့အနေဖြင့် တတ်နိုင်သည့်ဘက်မှ ရခိုင် ပြည်သူပြည်သားများနှင့် နိုင်ငံတော်အား အကျိုးပြုလိုသည့် ဆန္ဒဖြင့် အခုလို ပါတီထူထောင်လိုက်ရခြင်းဖြစ်ကြောင်း ဦးစွာပဏာမ နှုတ်ခွန်းဆက်သလိုက် ပါသည်။


ကျွန်တော်ကတော့ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီဥက္ကဋ္ဌ ဦးအေးကြိုင် ဖြစ်ပါသည်။ ကျွန်တော်တို့ ပါတီကို (၂၀၁၀) ခုနှစ်က ပါတီ ထူထောင်ခွင့် အမှတ်စဉ်(၈)ဖြင့် ရခိုင်ပြည်နယ်ကိုယ်စားပြု ထူထောင်ထား ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ပါတီ၏ လိုဂိုတံဆိပ်မှာ သဇင်(နှစ်ခက်)ဖြစ်ပြီး သဇင်ပန်းတို့၏ သဘာဝမှာ လောင်းရိပ်မပွင့် ပင်မြင့်ပွင့်သော ပန်းဖြစ်သလို ရခိုင်တို့၏ အထွတ်အထိပ်ပန်းတစ်ပွင့်လည်း ဖြစ်ပါသည်။ ကျွန်တော်တို့ ပါတီကလည်း မည်သည့်အဖွဲ့အစည်း လက်အောက်ခံမှမဟုတ်ဘဲ ရခိုင် ပြည်နယ်အရေးကို ရခိုင်သားများအားလုံး စုစည်းညီညွတ်မှုဖြင့် မြေပြင် ပကတိဖြစ်စဉ်အပေါ် အများဆန္ဒ၊ အများသဘောကို အခြေခံလျက် ဝိုင်းဝန်း အဖြေရှာဆောင်ရွက်သွားဖို့ ဖြစ်ပါသည်။


ပါတီအလံ-ပါတီ၏အလံမှာ ထိပ်ဆုံးထောင့်စွန်တြိဂံပုံ အဖြူရောင်၌ ဒင်္ဂါးတံဆိပ်တို့မှာ ရခိုင်ပြည်နယ်သင်္ကေတတံဆိပ်နှင့် ဖြူစင်သန့်ရှင်းခြင်းကို ဖော်ဆောင်ပြီး အလံ၏အထက်နား အနီရောင်မှာ ရဲရင့်ခြင်း၊ ဇွဲသတ္တိရှိခြင်း ကို ဖော်ဆောင်လျက်၊ အလံ၏အောက်နား အပြာရောင်မှာ စည်းလုံးညီညွတ် ခြင်းကို ဖော်ဆောင်သည်။ အလံ၏ အလယ်တည့်တည့် ကြယ်ဖြူလေးလုံးမှာ ရခိုင်ပြည်နယ်ရှိ လေးဝတီသားများအားလုံး ဖြူစင်သောသဘောထားနှင့် ညီတူညီမျှရှိကြသည်ကို ဖော်ဆောင်ခြင်းပင် ဖြစ်ပါသည်။
ပါတီဆောင်ပုဒ်-ပြည်သူ့ဆန္ဒပြည့်စေဖို့ သဇင်နှစ်ခက်ပါတီကို မဲပေးစို့။


ကျွန်တော်တို့ပါတီသည် ရခိုင်ပြည်နယ်အား ကိုယ်စားပြု (၂၀၁၀) ခုနှစ် တွင် ဦးစွာထူထောင်ပေါ်ပေါက်လာခြင်းကြောင့် ပြည်တွင်းပြည်ပ အစိုးရ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ အခြားသော နိုင်ငံရေးပါတီများမှ ငွေကြေး ကဏ္ဍ ဆက်စပ်ကမ်းလှမ်းခြင်းများ ရှိကောင်းရှိနိုင်သည်မှာ အမှန်ပင်ဖြစ်သော် လည်း သဇင်ပန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီ သစ္စာစောင့်သိစွာ ဖြင့် နည်းပရိယာယ်အားဖြင့် သော်လည်းကောင်း၊ ကိုယ်ကျိုးဖက်လို၍ သော်လည်းကောင်း၊ တစ်စုံတစ်ရာ ဖောက်ဖျက်ကျူးလွန်ခြင်းမရှိ ရှောင်ကြဉ် လျက် တစ်ဖက်မှ ဖိအားပေးကြိုးဆွဲခံ ကင်းဝေးကာ မိမိတို့ခြေမှာ မိမိတို့ ရပ်တည်လာခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ကျယ်ပြန့်နှံ့စပ်အောင် မဆောင်ရွက်နိုင်ခဲ့ခြင်းမှာ အမှန်ပင် ဖြစ်ပါသည်။


ယခုအခါ ပါတီ၏ သဘောထားအရ ပါတီစုံစနစ်နှင့်အညီ ပြည်သူ့အကျိုး၊ အမျိုးသားအရေးဆောင်ရွက်ကြရာတွင် အစိုးရနှင့် ပါတီသော်လည်းကောင်း၊ ပါတီအချင်းချင်းသော်လည်းကောင်း၊ အပြန်အလှန်အပြုသဘောဖြင့် အကြံ ပေးခြင်းဖြင့် ပြည်သူ့အကျိုးတိုးတက်မှုခွဲခြားခြင်းမရှိ မြန်ဆန်နိုင်မည်ဟု ခံယူချက်ဖြင့် ပါတီ၏ စည်းရုံးရေးအား မြှင့်တင်ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ဖြစ်၍ ရခိုင်ပြည်နယ်အရေး သစ္စာသမာဓိရှိရှိ ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်လိုသူများ ဤသဇင်နှစ်ခက် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီနှင့် ဆက်စပ်ပူးပေါင်းပါဝင်ကြပါရန်ကိုလည်း နှိုးဆော်တိုက်တွန်း လိုက်ရပါသည်။


ကျွန်တော်တို့ပါတီ၏ ရည်ရွယ်ချက်/ယုံကြည်ချက်/ လမ်းစဉ်သဘော ထားမှာ

ပါတီ၏ရည်ရွယ်ချက်၊ တစ်ပါတီအာဏာရှင်စနစ်မှ အရပ်ဘက်ပြည်သူ့ အုပ်ချုပ်ရေး ပါတီစုံဖက်ဒရယ် ဒီမိုကရေစီစနစ်ပေါ်ပေါက်ရန်နှင့် အားလုံး ပွင့်လင်းမြင်သာစွာပါဝင်နိုင်သည့် ဒီမိုကရေစီအစိုးရ၏ ဦးဆောင်မှုဖြင့် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးလျက် ပိုမိုရင့်ကျက်သည့် လူနေမှုဘဝ/ စနစ်တကျ အမြန်ဆုံးဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါသည်။


ပါတီ၏ ဦးတည်ချက် ၂၀၀၈ ဖွဲ့စည်းပုံသည် ကျွန်တော်တို့လိုလားသည့် ဒီမိုကရေစီစနစ် တစ်ရာ ရာခိုင်နှုန်းပြီးပြည့်စုံသည်ဟူ၍ မဟုတ်ပါ။ ပေါ်ပေါက် လာမည့် အများပြည်သူမှ ရွေးချယ်ပေးလိုက်သော ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များမှ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအား ပြင်ဆင်ဖြည့်စွက် သင့်သည်များကို ပြင်ဆင်ခြင်းဖြင့် အများပြည်သူ လိုလားတောင့်တနေသည့် ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးနိုင်မည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြင့် ပါတီစုံဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလျက် ဒေသအသီးသီး ညီတူညီမျှ ဖွံ့ဖြိုးတိုးတက်မှု ကို ရရှိစေရန် အားလုံးဝိုင်းဝန်းကြိုးပမ်းသွားဖို့ ဖြစ်ပါသည်။


ပါတီ၏လမ်းစဉ်များ- ဒေသအတွင်း နိမ့်ကျနေသော အရာခပ်သိမ်း အား ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းသွားဖို့ဖြစ်ပါသည်။ စုစည်း ညီညွတ်မှုရှိမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူတို့ရဲ့ ဘက်ပေါင်းစုံ လိုအပ်နေသည့်အရာများကို ဒေသခံပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သည်ဖြစ်ရာ ပြည်သူများအပါအဝင် အခြားသောပါတီများနှင့် မိတ်ဖွဲ့လျက် တူညီသည်များကို လက်တွဲပူးပေါင်းကာ မတူညီသည်များကို လည်း ဆက်လက်အဖြေရှာ ဆွေးနွေးခြင်းဖြင့် စုစည်းညီညွတ်သည့်အားနှင့် အစဉ်တစိုက်ဖွံ့ဖြိုးတိုးတက်ရေးအား ဆောင်ရွက်သွားဖို့ ဖြစ်ပါသည်။


၁။ ကျွန်တော်တို့ ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူလူထုလိုလားသော ပါတီစုံဒီမိုကရေစီဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ပေါ်ပေါက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ တရားဝင်ပါတီအားလုံး၊ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းအားလုံး၊ လူထုလူတန်းစား အတတ်ပညာရှင်၊ အသိပညာရှင်များ လိုအပ်လျှင် လိုအပ်သလို ပါဝင်ခြင်းဖြင့် ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ဖို့ ဖြစ်ပါ သည်။


၂။ ယခုလက်ရှိတွင်လည်း ကျွန်တော်တို့ပါတီသည် ပါတီစုံဒီမိုကရေစီ စနစ်နှင့်အညီ လက်ရှိအစိုးရမှ လုပ်ဆောင်နေမှုအား နိုင်ငံနှင့်ဒေသအတွင်း အကျိုးမရှိနစ်နာစေမည့် အကြောင်းအရာများ တွေ့ရှိပါက စိတ်ဓာတ်သဘော ထားချင်းတူညီကြသည့် အလုပ်တူပူးပေါင်းဆောင်ရွက်ရေး သဘောထားဖြင့် တရားဝင်ပါတီ(၁၄)ပါတီ၊ (၁၈)ပါတီ၊ (၃၂)ပါတီ အခိုက်ကြုံသလို စုပေါင်း လျက် အပြုသဘောဖြင့် အကြံပြုထောက်ပြခြင်း၊ ကန့်ကွက်ခြင်း၊ သဘောထား ထုတ်ပြန်ခြင်းများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။


၃။ တိုင်းနှင့်ပြည်နယ်အသီးသီး တန်းတူညီမျှ ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်စေရန် အထက်မှာ ဖော်ပြခဲ့သော ဖွဲ့စည်းပုံအပြောင်းအလဲ ဖြစ်ပေါ်လာခြင်းဖြင့် မိမိတို့ကိုယ်စား ပြုသည့် ရခိုင်ဒေသမှ မြေပေါ် မြေအောက်ထွက်ရှိသော သယံဇာတ အား ပြည်ထောင်စုအစိုးရနှင့် ခွဲဝေ သည့်စနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားဖို့ ဖြစ်ပါသည်။
၄။ ရခိုင်ပြည်နယ်မှ မြောက်မြား စွာသော အဝေးရောက် အလုပ်ရှာ ထွက်ခွာသွားကြသည့် ရခိုင်ပြည်သူ ပြည်သားများအား မိမိဒေသအတွင်း သို့ ပြန်လည်ရောက်ရှိလာနိုင်စေရန် ပြည်နယ်အတွင်း အလုပ်အကိုင်များ ဖန်တီးဖော်ထုတ်ရန် စက်မှုဇုန်နှင့် ဖြစ်နိုင်ခြေစက်ရုံများ ဖြစ်ပေါ်လာအောင် တိုင်းတစ်ပါးနိုင်ငံခြားမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်သော်လည်းကောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် များနှင့်သော်လည်းကောင်း ပူးပေါင်းလျက် စက်မှုဇုန်ပေါ်ပေါက်ရေး အလေးပေးဆောင်ရွက်သွားဖို့ ဖြစ်ပါသည်။


ပါတီသည် လူမှုရေး/နိုင်ငံရေး/ စီးပွားရေး/ တောင်သူလယ်သမားအရေး/ ပညာရေး/ အလုပ်သမားအရေး/ ကျန်းမာရေး အခြားသော ကိစ္စရပ်များနှင့် ပတ်သက်လို့ ပါတီဖွဲ့စည်းပုံစာအုပ်ထဲမှာ ရေးသားဖော်ပြထားပြီး ဖြစ်ပါသည်။ အခုကတော့ အချိန်နှင့်တစ်ပြေးညီ ပြောဆိုရသည့်အတွက် လိုရင်း တိုရှင်း ပန်ကြားသွားဖို့ ဖြစ်ပါသည်။
ကျန်းမာရေး၊ ပညာရေး၊ တောင်သူလယ်သမားအရေး၊ အလုပ်သမား အရေးနှင့် ပတ်သက်လို့ လက်ရှိတွင် လိုအပ်နေသောအရာများအား အကောင်း ဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ ဖြစ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် ခိုးဝင်လာခြင်းအား တားဆီးကာကွယ်နိုင်အောင် ထိန်းသိမ်းကြပ်မတ်ခြင်း နှင့် နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်း၊ ရုပ်သိမ်း ခြင်း၊ သန်းခေါင်စာရင်းတို့ကို တိကျစွာ ကြိုးပမ်းဆောင်ရွက်သွားဖို့ ဖြစ်ပါ သည်။
ရခိုင်ပြည်နယ်သူ ပြည်သားအပေါင်းတို့ ကျွန်တော်တို့ ရခိုင်လူမျိုးများ သည် ရိုးသားပွင့်လင်းကြပါသည်။ ရိုးသားပွင့်လင်းခြင်းကို အခွင့်ကောင်းယူကာ နည်းပရိယာယ် အသုံးချခြင်းများအပေါ် မကျရောက်လေအောင် အကန်းယုံ အရမ်းယုံ မယုံကြဘဲ လက်တွေ့ကျကျ လေ့လာသုံးသပ်ခြင်းဖြင့် အဖြေရှာ ဆောင်ရွက်ကြပါလို့ တိုက်တွန်းပန်ကြားလိုက်ပါသည်။


တစ်ပါတီစနစ်နှင့် ပါတီစုံစနစ်

ဤပါတီအနေဖြင့် ပါတီစုံစနစ်ကို အားပေးပါသည်။ ပါတီစုံတို့ ပျော်ရွှင်စွာ စားပွဲဝိုင်းထိုင်၍ ပြဿနာနှင့် ကိစ္စရပ်များကို အဖြေရှာဖို့ နိုင်ငံရေး၊ လူမှုရေး၊ လှုပ်ရှားမှုများကို လူထုနှင့်ပွင့်လင်းမြင်သာ ချပြခြင်းဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။


နိဂုံးချုပ် ပြည်သူသို့ ပန်ကြားလိုတာကတော့ ယခုပေါ်ပေါက်လာမည့် (၂၀၂၀) ရွေးကောက်ပွဲကာလမှာ အများပြည်သူ ရွေးချယ်ပေးရမှာကတော့ (၂၀၂၁)ခုနှစ် အာဏာသုံးရပ်တွင် တာဝန်ယူဆောင်ရွက်ကြရမည့်ပုဂ္ဂိုလ် များ ဖြစ်ကြပါတယ်။ ယင်းကြောင့် တိုင်းပြည်အကျိုး၊ ဒေသခံအကျိုးများကို အမှန်တကယ် အပြောနှင့်အလုပ်၊ အလုပ်နှင့်အပြော ညီမျှသည့် ပုဂ္ဂိုလ်များ ဖြစ်ပြီး မိမိတို့အား အလုပ်အကျွေးပြုမည့်သူများအား အသည်းထဲက မဲတစ်ပြား ကို ဉာဏ်နှင့်ယှဉ်ကာ ရွေးချယ်ကြပါလို့ ပန်ကြားရင်း နိဂုံးချုပ်လိုက်ပါသည်။
အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။

 

‌ေါါ‌ေိ