ရခိုင်တိုင်းရင်းသားလူမျိုးတို့၏ မိရိုးဖလာ ဓနိပျစ်ထိုးလုပ်ငန်း

၆ စက်တင်ဘာ

ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသများ၌ ဓနိပျစ်များကို အမိုးအကာပြုလုပ်ပြီး အိမ်ဆောက်နေထိုင်လျက်ရှိနေဆဲဖြစ်၍ ဓနိရွက်ပျစ်ထိုးလုပ်ငန်းသည် ရခိုင်တိုင်းရင်းသားလူမျိုးတို့၏ မိရိုးဖလာ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ မြို့ပြတွင်နေထိုင်သူများလည်း နွေရာသီ၌ နေပူဒဏ်ကိုမခံနိုင်ကြ၍ တချို့ နေအိမ်များ၌ အိမ်ခေါင်မိုးအား သွပ်ပြားမမိုးကြဘဲ ဓနိပျစ်မိုး၍ နေထိုင် လျက်ရှိနေကြသည်။ ဓနိပျစ်ထိုး အိမ်ခေါင်မိုးဆိုလျှင် နွေရာသီ၌ အအေးဓာတ် ရရှိသည်ဆိုပြီး မြို့ပြ၌ နေထိုင်လျက်ရှိနေကြသည်ကို တွေ့မြင်နေရသည်။

ဓနိပင်အား ရခိုင်ဒေသ၌ “ရေအုန်းပင် ဟု ခေါ်ဆိုကြသည်။ သင်္ကြန်ကာလ ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ်များ၌ ရေအုန်းပင်မှအကိုင်းအခက်အလက်များဖြင့် ပြုလုပ်ကြသည်။ ရခိုင်ပြည်နယ်၌ နွေရာသီ၌ဆိုလျှင် ဓနိ၊ဝါးအိမ်ဆောက်ပစ္စည်း စီးပွားရေးလုပ်သူများက ဝါးဖောင်နှင့်တွဲလျက် ဓနိပျစ်ဖောင်များကို မြစ်ချောင်းများတွင် စုန်ဆန်မျှောပြီး တစ်ရွာဝင် တစ်ရွာထွက် ရောင်းချနေတတ်ကြသည်။

ဓနိများကို ရေချိုရေငန်စပ်ဒေသများ၊ ရေငန်ဒီရေတောများမှ ထုတ်ယူရရှိ သည်။ ဓနိများကို ယခင်က သဘာဝအတိုင်း ထုတ်ယူခဲ့ကြသော်လည်း ယခုအခါ ဓနိပင်များအား ရခိုင်ဒေသ၌ စီးပွားရေးစိုက်ခင်းများအဖြစ် ထူထောင်၊ ထုတ်ယူ လာကြသည်ကို တွေ့မြင်လာရသည်။ ဓနိပင်များကို ရခိုင်ပြည်နယ်ရှိ မြေပုံ မြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် အများဆုံးထုတ်ယူရရှိကြ သည်။ အိမ်ခေါင်မိုး ဓနိပျစ်များကို စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တော ကုန်သွယ်ရေးစခန်းများမှ ပွင့်လင်းရာသီ ဧပြီ၊ မေလတို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင်တင်ပို့ရောင်းချနေကြသည်။

ရခိုင်ပြည်နယ်၌ မြစ်ချောင်းများပေါများ၍ ပင်လယ်ရေငန်ရောက်သော ဒီရေအတက်အကျရှိသည့် သောင်ပေါ်ကမ်းစပ်မြေများတွင် ဓနိပင်များကို စိုက်ပျိုးကြသည်။ ဓနိစေ့များကို ကြိုးတန်းဆွဲ၍ တစ်ပင်နှင့်တစ်ပင် ငါးတောင်၊ ခြောက်တောင်ခန့်ခွာပြီး ညီညာစွာစိုက်ပျိုးကြရသည်။ ဓနိပင်သည် အကြီးမြန်သော အပင်အမျိုးစားဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ်ကြီးတတ်သဖြင့် ဓနိပျစ် ထိုးရန် ဓနိရွက်အရေအတွက်တိုး၍ ရရှိကြသည်။ ဓနိပင်စိုက်ပျိုးပြီး သုံးနှစ်ခန့် ကြာမြင့်ချိန် ဓနိကိုင်းများဖြာထွက်လာပြီး တင်ရသည်။ အောက်ဆုံးမှ ရင့်လာ သောကိုင်းများကိုစ၍ ခုတ်ယူသည်ကို ဓားတင်သည်ဟု ခေါ်ဆိုကြ၏။ ဓနိပင်ကြီး တစ်ပင်လျှင်ဓနိလက်၂၀ကျော်နီးပါး ထွက်တတ်သည်။ ဓနိတောစိုက်ပျိုးခြင်းသည် အခြားသီးနှံပင်များကဲ့သို့ ဓာတ်မြေဩဇာကျွေးရခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်း လုံးဝလုပ်စရာမလိုသော လုပ်ငန်းဖြစ်သည်။ ဒီရေအတက်အကျနှင့်ပါလာသော နုန်းမြေများသည် ဓနိတောအတွင်းတွင် တင်ကျန်နေခဲ့ပြီး သဘာဝမြေသြဇာ အဖြစ်နှင့် ဓနိပင်များကို ကြီးထွားစေသည်။ ။

ဆောင်းရာသီကာလ တပို့တွဲလရောက်သည်နှင့် ဓနိတောမှ ဓနိရွက် စတင် ခုတ်ယူကြရသည်။ ဓနိပင်၏အမြင့် ၁၅ တောင်၊ ၁၆ တောင်ခန့် ရှိတတ်သည်။ ဓနိကိုင်းမှ ခုတ်ယူရရှိသော ဓနိရွက်၏အရှည် ခြောက်ပေကျော် မြင့်ပြီး အရွက်၏ ဗြက်အကျယ်မှာ လက်တစ်ဝါးခန့် ရှိသည်။ ရင့်နေသော ဓနိလက်များကို ဓနိတောများမှ ခုတ်ယူကာ အိမ်သို့သယ်ယူကြရပြီး ရောက်ရှိသည့်အခါ ဓနိလက်များကိုစီ၍ အတန်းလိုက် ထပ်ပြီး ဓနိပျစ်မထိုးရသေးဘဲ တစ်ပတ် ၁၀ ရက် ထားရှိရသည်။

ဓနိရွက်ပျစ်ထိုးရန် ဝါးကို အခြမ်းခြမ်းစိတ်ထားရပြီး နှစ်တောင်၊ သုံးတောင် အရှည်ထားရှိ၍ ဓနိရွက်အား ဓနိရွက်တံနှင့် ထိုးရသည်။ ထိုးပြီးသောဓနိပျစ် များအား အိမ်ခေါင်အမိုးအဖြစ်ထားရှိချိန် ပိုးမထိုးရန်နှင့် ကြာရှည်ခံရန် မြစ် ကမ်းစပ်၊ ချောင်းများရှိ ဆားငန်ရေထဲ ရက်ရှည်လများစိမ်ထားကြရသည်။ ဤသို့ ဓနိပျစ်များအား ဆားငန်ရေစိမ်ထားပါမှ အိမ်ခေါင်မိုးဓနိပျစ် ပိုးမထိုး၍ သုံးနှစ် နီးပါး အသစ်လဲလှယ်စရာမလို နေထိုင်နိုင်သည်။

ဓနိပင်မှအသီးကို ခွဲယူပြီး စာသင်ကျောင်းများရှိဈေးတန်း၌ ရောင်းချနေကြ သည်။ စာရေးသူတို့ ကျောင်းသားဘဝ မုန့်စားကျောင်းဆင်းချိန် ဓနိသီးများအား ကျောင်းဈေးတန်းမှ ဝယ်ယူစားသောက်ခဲ့ဖူးသည်။ ဓနိပင်မှ အရွက်နုကို ဟင်းစား အဖြစ် ချက်ပြုတ်၊ တို့စားနိုင်သလို ဆီးချို၊ သွေးတိုး စသည့်ရောဂါများကို သက်သာစေပါသည်။ ဓနိရည်ကို ဓနိအပင်မှထုတ်ယူကာ ချက်ချင်းသောက်သုံး ရရှိပြီး ဓနိရည် အရသာ ချိုတတ ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ တချို့ဒေသများ၌ ဓနိပင်မှထုတ်ယူသော ဓနိရည်ကို ချက်လုပ်ပြီး သကာ၊ အချိုခဲအဖြစ် ထုတ်ယူ၊ရောင်းချနေကြသည်များလည်း ရှိသည်။ ဓနိပင်၏ အရွက်နု(ခ) ဓနိဖူးအား သုပ်စား၍ရသည်။ ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသနေအိမ်များ၌ ဓနိပျစ်များအား အိမ်ခေါင်မိုးအဖြစ် အသုံးပြုနေကြ ဆဲဖြစ်ပြီး ဓနိရွက်ပျစ်ထိုးလုပ်ငန်းအား မိရိုးဖလာအသက်မွေးကျောင်းအဖြစ် လုပ်ကိုင်လျက်ရှိနေကြပါကြောင်း တင်ပြလိုက်ရပါသည်။ ။

အောင်ကြည်မိုး(စစ်တွေ)