ရန်ကုန်မြို့သို့ ကုန်စည်စီးဆင်းမှု မပြတ်တင်ပို့နေသော ကုန်တင်ယာဉ်မောင်းများ၏ စကားသံများ

ရန်ကုန် ၄  နိုဝင်ဘာ

ကိုဗစ်-၁၉ ကူးစက်ရောဂါ မြန်မာနိုင်ငံတွင် စတင်ကြုံတွေ့ချိန်မှ ယနေ့ထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ကုန်စည်စီးဆင်းမှု ရပ်တန့်ခြင်း မရှိစေရန် နိုင်ငံတော်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့၏ ကုန်စည်ဒိုင်ကြီး တစ်ခုဖြစ်သော မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံ ကုန်စည်ဒိုင်သို့ ကုန်တင်ယာဉ်များ နေ့စဉ်မပြတ်ဝင်၊ ထွက်လျက်ရှိပြီး စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန် အဓိကပို့ဆောင် သူတို့မှာ ကုန်တင်ယာဉ်မောင်းများ ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းတွင် အခက်အခဲများကြားမှ ကုန်စည်ပို့ဆောင်နေသော ကုန်တင်ယာဉ်မောင်းတို့၏ ရင်တွင်းစကားသံတို့ကို ဤသို့ကြားသိ ခဲ့ရသည်။

 

ကိုအောင်မင်းပိုင်း (ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း-ရန်ကုန်)

လက်ပံတန်းကနေ ရန်ကုန်ဘုရင့်နောင်ပွဲရုံကို ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ ပို့ဆောင်တယ်။ ရန်ကုန်ကနေ လက်ပံတန်းကို စားသောက်ကုန်ပစ္စည်းမျိုးစုံ ပြန်ပြီး တင်ဆောင်ပါတယ်။ ဒီနေ့ဆိုရင်လည်း ငါးခြောက် အပါအဝင် ကြက်သွန်က အစပါတယ်။

 

ကုန်တင်ယာဉ်မောင်းတွေ အများဆုံးကြုံတွေ့နေရတာက ကုန်ပို့ဆောင်တဲ့ ၃ ရက်တစ်ကြိမ် နှာခေါင်းတို့ပတ် ယူတာကြောင့် နှာခေါင်းတွေမ ခံနိုင်အောင် ခံရတယ်။ အောက်တိုဘာလနဲ့ နိုဝင်ဘာ ပထမပတ်မှာ ၅ ခေါက်ပဲ ဆွဲနိုင်တယ်။ တစ်ခါစစ်ရင် ကျပ် ၁၀၀၀၀ ပေးရတယ်။ မီးနင်းကျောင်းဂိတ်မှာ စစ်ပြီးလို့ ၇၂ နာရီအတွင်း ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းကို ဖြတ်သွားလို့ရတယ်၊ ၃ ရက်ဆိုရမှာပေါ့။ ဆေးစစ်ချက်မပါရင် ပဲခူးတိုင်းကို ပြန်ဝင်ခွင့်မရဘူး။ ကုန်စည်စီးဆင်းမှု အခက်အခဲမရှိဘူး။ ဆေးစစ်တဲ့ နေရာတွေမှာ အချိန်ကြန့်ကြာမှု ရှိနေတာ။ မီးနင်းကျောင်းမှာ စစ်လို့မရလို့တိုက်ကြီးမှာ စစ်ရမယ်ဆိုတာကြောင့် တိုက်ကြီးမှာစစ်တော့ ညနေ ၃ နာရီခွဲ တန်းစီတာ ညအိပ်လိုက်ရတယ်။ မနက် ၈ နာရီခွဲ စာရင်းပေးပြီး တန်းစီလိုက်တာ မွန်းလွဲ ၂ နာရီခွဲမှ ဆေးစစ်လို့ပြီးတယ်။ ကုန်တင်ယာဉ်မောင်း တွေကို ၃ ရက်တစ်ကြိမ်ထက်၊ တစ်ပတ်တစ်ခါ၊ ၁၀ ရက်တစ်ကြိမ် စစ်ဆေးမယ်ဆိုရင် ခံသာမယ်ထင်တယ်။ ၃ ရက်တစ်ကြိမ် ဆေးစစ်ခံရတာကြောင့် ကားတွေနားဖို့ လုပ်နေကြတယ်။ ကျွန်တော်တို့ဆွဲပေးနေသ၍ ကုန်စည်စီးဆင်းမှု မပြတ်ဘူး။ ဒါပေမယ့် ၃ ရက်တစ်ကြိမ် စစ်ဆေးမှုကို လများစွာ ကြုံလာရမယ်ဆိုရင် ကျွန်တော်တို့လည်း ကားဆက်ထွက်နိုင်တော့မှာ မဟုတ်ဘူး။ ရောဂါကာကွယ်ရေးဖြစ်တဲ့ အတွက်လုပ်ဆောင်ရမှာပါ။ ကုန်တင်ယာဉ်မောင်းတွေ သွားလာနေသမျှ ကုန်စည်စီးဆင်းမှု ရှိနေမှာပါ။ ၃ ရက်တစ်ခေါက် တစ်ကြိမ်ထက် နှစ်ခေါက်တစ်ကြိမ် ဆေးစစ်မယ် ဆိုရင် ယာဉ်မောင်းတွေ နည်းနည်းခံသာမှာပါ။

 

ကိုအောင်မျိုးဇော်

 

ကိုအောင်မျိုးဇော် (ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ-ရန်ကုန်)

ဟင်္သာတမြို့ကနေ ဘုရင့်နောင်ပွဲရုံကို ဆန်၊ ပဲနဲ့ စပါးပို့တယ်။ ရန်ကုန်ဘုရင့်နောင် ပွဲရုံကနေ ဈေးကုန်တွေဖြစ်တဲ့ စားသောက်ကုန်မျိုးစုံပြန်ပြီး တင်ပါတယ်။ ဟင်္သာတအထွက်မှာ ကျန်းမာရေး၊ ရပ်ကွက်နဲ့ ဂိတ်ထောက်ခံစာတွေယူပြီး ရန်ကုန်ကို ဝင်တယ်။ အပြန်ဆိုရင် ထန်းတပင်လမ်းဆုံ၊ ရှမ်းရွှေဥနဲ့ ပန်းတိုင်နေရာသုံးနေရာမှာ နှာခေါင်းတို့ပတ်စစ်တယ်။ ၃ ရက်တစ်ကြိမ် နှာခေါင်းတို့ပတ် စစ်တဲ့အတွက် လူလည်းမခံနိုင်သလို ရေရှည်မှာ ခံနိုင်ပါ့မလား စိုးရိမ်တယ်။ လမ်းမှာအချိန်ကြန့်ကြာမှု ရှိတာကြောင့် ကိုယ့်မြို့ကို ရောက်တဲ့အခါ ကုန်ပစ္စည်းတွေကို တစ်ဆင့်သယ်ပြီး ခေါက်တိုကားနဲ့ ပို့ရတဲ့အတွက် ကုန်ပစ္စည်းတွေနည်းနည်း ကြန့်ကြာမှုရှိတယ်။ ကုန်ပစ္စည်းတစ်ခုနဲ့ တစ်ခုချိတ်ဆက်မှု အားနည်းရင် ကုန်ဈေးနှုန်း မတည်ငြိမ်မှုကိုကြုံရ နိုင်ပါတယ်။ ကျွန်တော်တို့လည်း မိသားစုဝမ်ရေးလည်း ရှိတဲ့အတွက် မောင်းနိုင်သလောက်တော့ မောင်းမှာပါ။ အချို့လည်း မမောင်းနိုင်တော့ဘူး။

 

ကိုဗစ်-၁၉ ကာလမှာ ယာဉ်မောင်း ခေါက်ကြေးပုံမှန် ဈေးနှုန်းဖြစ်ပေမယ့် အသွားအလာ အခက်အခဲ ရှိတာကြောင့် ခေါက်ရေနည်းသွားတယ်။  ကုန်စည်ကတော့ ပုံမှန်စီးဆင်းနေမှာပါ။

 

 ကိုတင်နိုင်ဝင်း.

 

ကိုတင့်နိုင်ဝင်း (မွန်ပြည်နယ်၊ မော်လမြိုင်-ရန်ကုန်)

ကုန်တင်ယာဉ်မောင်းတွေကို မော်လမြိုင်ကနေ ရန်ကုန်ကို သွားမယ်ဆိုရင် ရောဂါကာကွယ်ရေးအတွက် စစ်တယ်။ မော်လမြိုင်အထွက်စစ် တောင်းတံတားနားမှာ နှာခေါင်းတို့ပတ် ယူတာရှိတယ်။ ၃ ရက်တစ်ကြိမ် ဆေးစစ်တယ်။ ဘုရင့်နောင်ပွဲရုံကကုန်ပစ္စည်း တင်ဆောင်ပြီး မော်လမြိုင်ကို ပြန်ရင်ပုံမှန်လို မောင်းလို့မရတော့ဘူး။ အချိန်လုပြီး မောင်းရတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်အပြန် မော်လမြိုင်အဝင် ဆေးစစ်တဲ့အခါမှာ နေ့တစ်ဝက်အချိန် ကုန်တယ်။ ဒါကြောင့် အပြန်မှာလုပြီး မောင်းရတဲ့ အခက်အခဲတော့ ရှိတယ်။ စစ်တောင်းနဲ့ မော်လမြိုင်ကို ၅ နာရီ နီးပါး မောင်းရတဲ့အတွက် ညနေ ၄ နာရီခွဲမှာ မော်လမြိုင်ပွဲရုံတေွ ပိတ်တာကြောင့် အပေါ်ကုန်ပဲ ယူလို့ရမယ်၊ ကျန်တဲ့ကုန်ပစ္စည်းတွေ နောက်ရက်ကူးသွားပြီ။ နောက်ရက် ရန်ကုန်ကိုပြန်တက်ရမယ့် အချိန်မှာ တက်လို့မရတော့ဘူး။ အချိန်ကြန့်ကြာခဲ့လို့ ကုန်ပစ္စည်းတွေကို လိုက်ပို့ရတာကြောင့် အဲ့ဒီအခက်အခဲလည်း ရှိတယ်။ အုံနာအတွက် ကုန်ကျစရိတ် နစ်နာသလို ယာဉ်မောင်းတွေလည်း နစ်နာတာပေါ့။ ကုန်ဈေးနှုန်းဈေးကစားတာ အဲ့ဒါကြောင့်လည်း ပါမယ်။ ကုန်ဈေးနှုန်း မတည်ငြိမ်မှုဟာ ကုန်စည်စီးဆင်းမှု အပေါ်မှာလည်း သက်ရောက်နိုင်လို့ပါပဲ။

 

နှာခေါင်းတို့ပတ် ယူတဲ့အခါမှာ နှစ်ခေါက်ကို ကားအုံနာက ပေးပြီးတစ်ခေါက်ကို ယာဉ်မောင်းက ခံရတယ်။ ကိုဗစ်-၁၉ မဖြစ်မီက တစ်လကိုရှစ် ခေါက်၊ ကိုးခေါက်သွားလို့ရတယ်။ အခုငါးခေါက်ပဲ ဆွဲနိုင်တယ်။ ပိတ်ရက်များတဲ့လဆိုရင် လေးခေါက်ပဲ ဆွဲနိုင်တယ်။ မော်လမြိုင်ကနေ ရန်ကုန်ကို ကုလားပဲ၊ရော်ဘာ ထင်းပို့တယ်။ ဘုရင့်နောင်ပွဲရုံကနေ မော်လမြိုင်ကို စားသောက်ကုန်နဲ့ အိမ်သုံးပစ္စည်းမျိုးစုံ တင်ပို့ပါတယ်။

 

 ကိုမြင့်ထွန်းနိုင်.

 

ကိုမြင့်ထွန်းနိုင် (ကရင်ပြည်နယ်၊ ဘားအံ-ရန်ကုန်)

အရင်ထက်စာရင် ကုန်တင်ယာဉ်မောင်းတွေမှာ အခက်အခဲတော့ ရှိလာတယ်။ သယ်ဆောင်တဲ့ ကုန်မြန်မြန်ရောက်ချင်တယ်၊ ခေါက်ရေများချင်တယ်၊အသွားအလာ အဆင်ပြေချင်တယ်။ ကားသမားအားလုံးရဲ့ ဆန္ဒဖြစ်မှာပါ။ ဒါပေမယ့် အခုအချိန်မှာ အခေါက်ရေများလာရင် နှာခေါင်းတို့ပတ် များများကြုံရတာကြောင့် ကြာရင်နှာခေါင်း ကင်ဆာဖြစ်မှာလည်း ကြောက်ရတယ်။ ၃ ရက်တစ်ကြိမ်ထက် တစ်ပတ်တစ်ကြိမ် ဆေးစစ်ရင်ပို့   ကောင်းမယ် ထင်တယ်။ မြိုင်ကလေး တန် ၉၀၀ ဘောလုံးကွင်းမှာ နံနက်၊ နေ့လယ်နှစ်ကြိမ်ခွဲပြီး ဆေးစစ်ပေးတယ်။ လူများရင် များသလို ကြာတတ်တယ်။

 

ဘားအံကဆီ၊ အထည်အလိပ်၊ အသီးအနှံတွေ တင်ဆောင်ပြီးတော့ ရန်ကုန်ကနေ စားသောက်ကုန် မျိုးစုံပြန်ပြီး တင်ဆောင်ပါတယ်။ ဒူးရင်းဆိပ်၊ စစ်တောင်းမှာ ညအိပ်ရတာလည်း ရှိတယ်။ ကုန်ချတာ အခက်အခဲမရှိဘူး။ ကုန်စည်စီးဆင်းမှု ကြန့်ကြာခြင်း မရှိအောင်နဲ့ ကုန်တင်ယာဉ်မောင်းတွေ အခေါက်တိုင်း နှာခေါင်းတို့ပတ် ယူဖို့စောင့်ဆိုင်းရတဲ့ အချိန်ကို ဘယ်လိုကုစားနိုင်မလဲ ဆိုတာ အဖြေရှာဖို့လည်း လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ယာဉ်မောင်း အားလုံးကြုံတွေ့ ခံစားနေရလို့ပါပဲ။ ဒီကပ်ရောဂါ ဘယ်တော့မှ ပြိီးဆုံးမလဲ ဆိုတာမသိနိုင်ဘူး။ နိုင်ငံအတွက် ကုန်စည်စီးဆင်းမှုဟာ အရေးကြီးတာကြောင့် ကုန်တင်ယာဉ်မောင်းတွေ အားလုံး ကျန်းမာဖို့လိုသလို အဆင်ပြေဖို့လည်း လိုပါတယ်။

သန်းထိုက်

ဓာတ်ပုံ-သန်းစိုး