ရန်ကုန်မြို့တွင် ပါရာဒီဆိုရုပ်ရှင်ရုံသစ်များ ဖွင့်လှစ်

ရန်ကုန်  ၁၀  မတ်

ပါရာဒီဆိုရုပ်ရှင်ရုံသစ်များဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်တို့တွင် ကျင်းပသည်။

ရှေးဦးစွာ မြောက်ဒဂုံပါရာဒီဆို ရုပ်ရှင်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ်(၄၁) တိုးချဲ့ရပ်ကွက် ဦးဝိစာရလမ်းရှိ အဆိုပါ ရုပ်ရှင်ရုံနေရာတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယက ဦးကြည်စိုးထွန်း၊ ရုပ်ရှင်သရုပ်ဆောင် နေတိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ ။

ထို့နောက် ရုပ်ရှင်ရုံဖွင့်ပွဲအခမ်းအနားကို ရုံအတွင်း၌ ကျင်းပရာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး Paradiso Cinemas Co., Ltd. ဥက္ကဋ္ဌ ဦးလွင်မိုး နှင့် အမှုဆောင်ဒါရိုက်တာ ဦးသူရတို့က ရုပ်ရှင်ရုံများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကြကာ နမူနာရုပ်ရှင်ကားများ ပြသမှုကို ပရိသတ်များနှင့်အတူ ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပုလဲပါရာဒီဆိုရုပ်ရှင်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ပုလဲမြို့သစ် အမှတ်(၃) လမ်းမကြီးရှိ ယင်းရုပ်ရှင်ရုံနေရာ၌ အလားတူ ကျင်းပရာ တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယကများနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသော ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့် ပါရာဒီဆိုရုပ်ရှင်ရုံများကို Paradiso | cinemas Co., Ltd. မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒုတိယနှင့် တတိယမြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ၎င်းကုမ္ပဏီအနေဖြင့် တစ်နိုင်ငံလုံးတွင် ဒစ်ဂျစ်တယ် စနစ်ဖြင့် ပြသသော ရုပ်ရှင်ပိတ်ကားအရေအတွက်မှာ ၃၆ ခုရှိပြီဖြစ်ရာ ရုပ်ရှင်ရုံ ၁၀၀ တည်ဆောက်ရေးစီမံချက်ပါ အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒစ်ဂျစ်တယ်စနစ် ဖြင့် ပြသလျက်ရှိသည့် ရုပ်ရှင်ပိတ်ကားအရေအတွက် စုစုပေါင်းမှာ ၉၂ ခုအထိ တိုးတက်လာပြီဖြစ်ကြောင်း သိရသည်။

ငြိမ်းကို(FDC)