ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ ဆိုင်အတွင်းဝင်ရောက်၍ လုယက်မှုကျူးလွန်သူသုံးဦးကို ဖမ်းဆီးရမိ

ရန်ကုန်၊ ၁၇ ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်၊ လေးထောင့်ကန်လမ်းမကြီး၊ အမှတ် (၃၃၇/ခ)ရှိ G&G ဆိုင်သို့ ဇန်နဝါရီ ၁၀ ရက် ည ၁၁ နာရီခွဲက အမျိုးသားသုံးဦး ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးနှစ်ဦးထံမှ ရွှေထည်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းများကိုလည်းကောင်း၊ ကောင်တာအံဆွဲအတွင်းမှ ငွေ ၈၄,၀၅၀ ကျပ် နှင့် ဂိမ်းကတ်တို့ကိုလည်းကောင်း ခြိမ်းခြောက်လုယူ၍ တက္ကစီယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းမှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်သက်သေများအား စစ်ဆေးချက်များအရပြစ်မှု ကျူးလွန်သူများမှာ တာမွေမြို့နယ်၊ မလွှကုန်းမီးရထားရပ်ကွက်၊ မလွှကုန်းမီးရထားလိုင်းခန်းနေ စည်သူအောင်နှင့် ကျောက်မြောင်းကြီးရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ (ဒု) ထပ် (ဝဲ) ခန်း၊ အမှတ်(၆၇)တွင် အတူနေထိုင်သည့် ရှိုင်းထက်အောင် (ခ) ငကျိုးနှင့် ဝင်းထွဋ်ဦး (ခ) နိုင်လင်းအောင် တို့ဖြစ်ကြောင်း စုံစမ်း သိရှိရပြီး ၎င်းတို့သုံးဦးအား ဇန်နဝါရီ ၁၆ ရက်တွင် တာမွေမြို့နယ်၊ ပုသိမ်ညွန့် ရပ်ကွက်၊ ဓမ္မစိန္တာလမ်းမပေါ်၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ စည်သူအောင်၊ ရှိုင်းထက်အောင် (ခ) ငကျိုး နှင့် ဝင်းထွဋ်ဦး (ခ) နိုင်လင်းအောင်တို့အား စစ်ဆေးရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်းနှင့် သက်သေခံပစ္စည်းများအစား အရည်ကြိုထားသည့် ရွှေတုံးတစ်တုံး၊ လက်ကိုင်ဖုန်းသုံးလုံးနှင့် ဂိမ်းကတ်များ၊ စုစုပေါင်းတန်ဖိုးငွေ ၇၂၄,၀၀၀ ကျပ်အား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းတို့အား ဥပဒေနှင့်အညီ အမြန် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MDN