ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

ရန်ကုန် ၂၁ ဇန်နဝါရီ 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

0007

 

အစည်းအဝေးတွင် လှိုင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက လှိုင်မြို့နယ် ဗဟိုလမ်းမကြီးပေါ်တွင် သပ်ရပ်သေသပ်သော လမ်းလယ်ကျွန်းများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လှိုင်မြို့နယ်အတွင်းရှိ ဗဟိုလမ်းပိုင်းသည် သမိုင်းချောင်းနှင့် ရွာမကျောင်းလမ်းကြားတွင် တည်ရှိပြီး ယင်းလမ်းကို ကွန်ကရစ်လမ်းသစ်အဖြစ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယင်းကွန်ကရစ်လမ်းသည် အလျားပေ ၉၆၀၀၊ အကျယ် ၄၈ ပေရှိပြီး လမ်းလယ်ကျွန်းကို အဖြူရောင်ကွန်ကရစ်တုံးများဖြင့် ဆောင်ရွက်ထားပါကြောင်း၊ လှိုင်မြို့နယ်အတွင်းရှိ ဗဟိုလမ်းပိုင်းတွင် ရွာမကျောင်းလမ်းနှင့် ကမာရွတ် ဘူတာရုံလမ်း၊ ကမာရွတ်ဘူတာရုံလမ်းနှင့် အုတ်ကျင်းဘူတာရုံလမ်း၊ အုတ်ကျင်းဘူတာရုံလမ်းနှင့် ပါရမီလမ်း၊ ပါရမီလမ်းနှင့် သမိုင်းချောင်း စသည်ဖြင့် အဖြတ် ၄ ဖြတ်ရှိကြောင်း။

အဆိုပါအဖြတ်များအနက် ရွာမကျောင်းလမ်းနှင့် ကမာရွတ်ဘူတာရုံလမ်း အဖြတ်သည် အရှည်ဆုံးဖြစ်သည့်အတွက် ယင်းလမ်းတစ်လျှောက်ရှိ လမ်းလယ်ကျွန်းများကို အဖြူရောင်ကွန်ကရစ်တုန်းများဖြင့် ပြောင်းလဲဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်လမ်းအဖြတ်များတွင် လမ်းလယ်ကျွန်းများထားရှိပါက ယာဉ်ကြောကြပ်တည်းမှု ဖြစ်ပေါ်နိုင်သည့်အတွက် ထင်သာမြင်သာသော ဆေးအရောင်အမှတ်အသားများဖြင့်သာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်မွေးတိရစ္ဆာန်များ မှတ်ပုံတင်ခြင်းကို အလွယ်တကူ ပြုလုပ်ပေးနိုင်ရန်၊ မွေးမြူသူများအနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ စနစ်တကျ မွေးမြူတတ်စေရန် အသိပညာပေးခြင်းများကို မြို့နယ်များ၊ ရပ်ကွက်များအထိ စိစစ်ဆောင်ရွက်ပေးရန်နှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မြို့တော်နယ်နိမိတ်အတွင်း မှတ်ပုံတင်ရန်လိုအပ်သည်ဟု ကော်မတီမှ သတ်မှတ်သည့် အိမ်မွေးတိရစ္ဆာန် (အထူးသဖြင့် ခွေးနှင့် ကြောင်)များ မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ ခရိုင်အလိုက် နှစ်စဉ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင် လွယ်ကူစွာ လျှောက်ထားနိုင်ရေးနှင့် စနစ်တကျ စိစစ်ခွင့်ပြုနိုင်ရေးတို့အတွက် အိမ်မွေးတိရစ္ဆာန် မွေးမြူခွင့် မှတ်ပုံတင်လျှောက်လွှာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ Website ဖြစ်သော www.ycdc.gov.mm တွင် Download ပြုလုပ်ခြင်း၊ ကော်မတီရုံးများ၊ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများလုပ်ငန်း တာဝန်ခံအဖွဲ့၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန လက်အောက်ရှိ ကုသရေးနှင့် ကာကွယ်ရေးဌာန ခရိုင်ရုံးများတွင် လျှောက်ထားနိုင်ပါကြောင်း၊ ထိုသို့ လျှောက်ထားမှုများသည် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိပါက သတ်မှတ်ထားသည့် အခွန်အခများကို ပေးသွင်းပြီး အိမ်မွေးတိရစ္ဆာန် မှတ်ပုံတင်များ အလျင်အမြန်ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။

အိမ်မွေးတိရစ္ဆာန်များကို စနစ်တကျမွေးမြူတတ်စေရန်နှင့် မိမိ၏ အိမ်မွေးတိရစ္ဆာန်နှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်တို့အတွက် လူထုဆက်သွယ်ရေး မီဒီယာများဖြစ်သည့် သတင်းစာ၊ ဂျာနယ်၊ ရုပ်သံ၊ အွန်လိုင်းတို့မှတစ်ဆင့် အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ပညာပေးဇာတ်လမ်းတိုများကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် တိုင်းဒေသကြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက စတင်ဆွေးနွေးကြသည်။

တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ အစီရင်ခံစာကို လွှတ်တော်အစည်းအဝေး ပထမနေ့တွင် ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်းသည့် တိုင်းဒေသကြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာကို အစည်းအဝေး ဒုတိယနေ့နှင့် တတိယနေ့တို့တွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၄ ဦးတို့က လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ကြခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်း - ဇော်ကြီး၊ ဓာတ်ပုံ - ဖေဇော်