ရန်ဖြစ်စကားများရာမှ ဓါးဖြင့်ထိုးသူအား အရေးယူဆောင်ရွက်

မန္တလေး  ၂   ဧပြီ 

ပုသိမ်ကြီးမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များသည် မတ် ၃၁ ရက်နေ့လည် ၁ နာရီ မိနစ် ၂၀ က ပုသိမ်ကြီးမြို့နယ်၊ ဇီးချိုကုန်းကျေးရွာ၊ ရေမြောင်းအတွင်း ရေကူးနေသော လူငယ်တစ်စုရန်ဖြစ်စကားများနေကြာင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စုံစမ်းရာ စွမ်းထက်အောင်(၁၇)နှစ်၊ ဥယျာဉ်ကုန်းရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူတွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်ကျောကုန်းထိုးသွင်းဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)၊ မြတ်သူဟိန်း ၁၇ နှစ်၊ တပ္ပဝတီရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူတွင် ဝမ်းဗိုက်ယာဘက် ထိုးသွင်းဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ မင်းမြတ်ညီညီ ၁၆ နှစ်၊ ဥယျာဉ်ကုန်းရပ်ကွက်၊ အောင်မြေသာစံမြို့ နယ်နေသူတွင် ဝဲဘက်ခါးထိုးသွင်းဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ဖြင့် လဲကျနေသည်ကို တွေ့ရှိရသည်။


ဖြစ်စဉ်ကို အနီးရှိလူငယ်များအား စစ်ဆေး မေးမြန်းရာ ရေချိုးစဉ်စကားများရန်ဖြစ်ရာမှ အခင်းဖြစ်နေရာတွင်ရှိနေသူ ကျော်ဝင်းလှိုင်(ခ) ကျော်ထယ်စောင်း ၁၇ နှစ်၊ မဟာအောင်မြေမြို့နယ် နေသူမှ လက်ထဲတွင်အသင့်ပါလာသော အရိုး အသွား ၁၁ လက်မခန့်ရှိ ဓားဦးချွန်ဖြင့်ထိုးခဲ့၍ ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရသဖြင့် ကျော်ဝင်းလှိုင်(ခ) ကျော်ထယ်စောင်း အား ပုသိမ်ကြီးမြို့မရဲစခန်း က အမှုဖွင့် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အောင်စံမောင်