ရုံးပိတ်ရက်(၃)ရက်အတွင်း မင်းဘူးမြို့နယ်အတွင်းရှိ သမိုင်းဝင်ဘုရားများတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

မင်းဘူး   ၁  မတ်

 

ရုံးပိတ်ရက်(၃)ရက်အတွင်း မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းရှိ သမိုင်းဝင် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်၊ ရှင်ပင်စက္ကိန္တဲဘုရားနှင့် နဂါးပွတ်တောင်တော်တို့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်ခြင်းဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

“စက္ကိန္တဲဘုရားကို  ရုံးပိတ်ရက်(၃)ရက်အတွင်း တစ်နေ့ ဘုရားဖူးပြည်သူ (၁၅၀၀) ကျော်ခန့် လာရောက်ဖူးမြော်ကြပြီး ညအိပ်ဘုရားဖူး ပြည်သူများလည်းရှိကြပါတယ်၊ ဘုရားဖူးညအိပ်လာရောက်ကြသူတွေကို ကျွန်တော်တို့အနေနဲ့ အခမဲ့ တည်းခိုဆောင်တွေ စီစဉ်ပေးထားပါတယ်၊ စက္ကိန္တဲဘုရား ရင်ပြင်ပေါ်မှာရှိတဲ့ နဂါးရုံဘုရားလမ်းများကို ကွန်ကရစ်လမ်းခင်းခြင်းနှင့် နေပူခံကျောက်ပြားများကို ခင်းကျင်းထားပါတယ်၊ ဧရာဝတီတံတား(မကွေး) လှပခန့်ညားမှုကို ကြည့်ရှုလို့ရအောင်လည်း စီစဉ်ပေးထားပါတယ်၊ ဘုရားလမ်းကိုလည်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကတ္တရာလမ်းခင်းခြင်းများ၊ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်လို့ အများပြည်သူများ၊ ဘုရားဖူးပြည်သူများ အနေဖြင့်   မင်းဘူးမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ စက္ကိန္တဲဘုရားသို့ လာရောက်ဖူးမြှော်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဘုရားဂေါပက အဖွဲ့ဝင် တစ်ဦးက ပြောသည်။

 

“ကျွန်တော်က ရန်ကုန်မြို့ကလာတာပါ၊ ရုံးပိတ်ရက်ဖြစ်တော့ မိသားစုလည်းပါပါတယ်၊ မကွေးမြို့က အမျိုးတွေဆီ မရောက်ဖြစ်တာ နှစ်ပေါင်း ၂၀ ကျော်လောက်ရှိပြီ၊ ကျွန်တော်တို့ မြသလွန်ဘုရားကြီးကိုလည်း ဖူးခဲ့ပြီးပြီ၊ စက္ကိန္တဲဘုရားဖူးပြီး နဂါးပွတ်တောင်တော်ကို သွားရောက်လေ့လာမယ်၊ ဆက်လက်ပြီး မန်းရွှေစက်တော်ရာဘုရား ဖူးမယ်၊ မကွေးမြို့မှ ညအိပ်ပြီး ရန်ကုန်ပြန်မှာပါ၊ ယခုလို ဘုရားဖူးပြည်သူတွေ အများအပြားလာရောက်တာ တွေ့ရတော့ အရမ်းဝမ်းသာမိပါတယ်” ဟု ဦးနေလင်း ရန်ကုန်မြို့မှ ဘုရားဖူးပြည်တစ်ဦးက ပြောသည်။

 

အလားတူ မင်းဘူးမြို့နယ်အတွင်းရှိ သမိုင်းဝင်မန်းရွှေစက်တော်ရာ ဘုရားပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး အဆိုပါ မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့ထိ ရက်ပေါင်း (၈၀)ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)