သာစည်၊ နောင်ချိုနှင့် လောက်ကိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ    

နေပြည်တော် ၁၀ ဒီဇင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသည်တင် မော်တော်ယာဉ်ကိုစစ်ဆေးရာ ခရီးသည် မခြည်မူး၏ လက်ကိုင်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၆၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင်၊ မိုင်တိုင်အမှတ် (၈၀/၄)အနီး၊ မူဆယ်-မန္တလေးသွား ကားလမ်းတွင် မြင့်ဇော်ဦးမောင်းနှင်ပြီး ချမ်းမြေ့ဦး(ခ)အောင်ဆန်းဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၇၀ ကိုလည်းကောင်း။

 

ထို့အတူ ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီက တပ်မတော်မှ လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်း ကျေးရွာအုပ်စု၊ တလင်ကေးကျေးရွာတွင် မသင်္ကာဖွယ် မော်တော်ဆိုင်ကယ်တစ်စီးကိုတွေ့ရှိ၍ ရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၉၂ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား