သက်ကြီးရွယ်အိုများအား ကာကွယ်စောင့်ရှောက်

၂၇ စက်တင်ဘာ

ကိုဗစ်-၁၉ ရောဂါသည် လူတစ်ယောက် ကိုယ်ခံအားကောင်းနေသရွေ့ ထိုလူ၏အသက်ကို အလွယ် တကူ သေဆုံးသွားနိုင်အောင် ပြုလုပ်နိုင်စွမ်း မရှိပါ။ သို့သော် ထိုလူသည် ရောဂါအခံများရှိပြီး ကိုယ်ခံအားနည်းနေပါက ကိုဗစ်ရောဂါဖြင့် အလွယ်တကူ ချက်ချင်းအသက်သေဆုံးနိုင်သည်ကို အားလုံးသိရှိကြပြီး ဖြစ်ပါသည်။ လက်ရှိကာလ ကိုဗစ်ရောဂါကြောင့် သေဆုံးမှုစာရင်းများကို ကြည့်မည်ဆိုလျှင် အသက် ၄၀ ကျော်၊ အသက် ၅၀ ကျော်၊ အသက် ၆၀ ကျော်နှင့်အထက်ဟူ၍ အုပ်စုများကို တွေ့ရမည် ဖြစ်ရာ ရောဂါအခံရှိသော အသက် ၄၀ ကျော်၊ ၅၀ ကျော်တို့မှာ လုပ်ရင်း ကိုင်ရင်း၊ သွားရင်းလာရင်း ကိုဗစ်နှင့် ထိတွေ့ကာ သေဆုံးရခြင်း ဖြစ်သည်။

အသက် ၆၀ ကျော်နှင့်အထက် မိဘဘိုးဘွားတို့မှာ နေအိမ်တွင်သာ နေထိုင်ကြသော်လည်း မိမိ မိသားစုအတွင်းမှ ကလေးသူငယ်မှအစ လူငယ်၊ လူလတ်မကျန်ပြင်ပတွင် ကိုဗစ်နှင့်ထိတွေ့ခဲ့ပြီး နေအိမ်သို့ပြန်လည် ရောက်ရှိရာမှ ထပ်ဆင့်ရောဂါကူးစက်ခံလိုက်ရသဖြင့် သေဆုံးရခြင်းဖြစ် သည်။ ထိုအခါ ရောဂါအခံရှိသည့် သက်ကြီးမိဘဘိုးဘွားတို့မှာ အသက် အန္တရာယ်နှင့်ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

 

မိမိတို့အနေဖြင့် မလွှဲမရှောင်သာ အပြင်ထွက်ရပါက အပြင်ထွက်ပြီး အိမ်ပြန်ရောက်သောအခါ မိမိနေအိမ်တွင်ရှိသည့် သက်ကြီးရွယ်အို မိဘဘိုးဘွားများနှင့် ထိတွေ့မှုမရှိစေရေး၊ ခပ်ဝေးဝေးနေ ထိုင်ရေး၊ မိမိတို့ ကိုယ်ခန္ဓာတွင် ရောဂါပိုး ကင်းစင်စေရေးတို့ကို အတိအကျလုပ်ကိုင်ကြဖို့ လိုအပ်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကြောင့် သက်ကြီးရွယ် အိုများ သေဆုံးမှုနှုန်းသည် တစ်ရာခိုင်နှုန်းကျော်ကျော်မျှသာရှိသည်။ ကမ္ဘာပေါ်တွင် ကိုဗစ်ရောဂါကြောင့်သေဆုံးမှုရာခိုင်နှုန်းမှာ သုံးရာခိုင်နှုန်းနှင့် လေးရာခိုင်နှုန်းအထိ ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် သေဆုံးမှု တစ်ရာခိုင် နှုန်းကျော်ဖြင့် ရပ်တည်နေခြင်းမှာ အပြင်းအထန်ဖြစ်ပွားသောလူနာ နည်းပါးပြီး ရောဂါဖြစ်ပွား သူများကို ကုသမှုပေးနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ရောဂါအခံရှိသော မိဘဘိုးဘွားများ အတွက်မူ ကယ်ဆယ်နိုင်စွမ်း မရှိသေးပေ။

ထို့ကြောင့် မိမိတို့ မိဘဘိုးဘွားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလေးစားလိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။ မိမိတို့အသက်အရွယ် ငယ်ရွယ်သူများသည် ကိုဗစ်ရောဂါကူးစက်ခံရသော်လည်း ကျန်းမာရေးပြုစုကုသ စောင့်ရှောက်ပေးမှုအရ ပြန်လည် ကျန်းမာလာနိုင်ပါသည်။ မည်သူမျှ ကိုဗစ်-၁၉ ကို မမြင်တွေ့နိုင်သလို ကိုဗစ်ရှိမှန်း လည်း မသိနိုင်ပါ။ သေချာသည်မှာ သတိရတိုင်း လက်ဆေးပါ၊ အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ စသည့် အချက်များကို အတိအကျလိုက်နာရန်လိုသည်။

ကိုဗစ်-၁၉ သည် အသက်ရှူလမ်းကြောင်းမှ ကူးစက်ဖြစ်ပွားခြင်း၊ ရောဂါ ဗိုင်းရပ်စ်ပိုးသည် မျိုးရိုးဗီဇ ပြောင်းလဲမှုများရှိနေခြင်း၊ ရောဂါကူးစက် ခံထားရသော်လည်း ရောဂါလက္ခဏာမပြသူများ ရှိနေခြင်း၊ ရောဂါကူးစက် ခံထားရသော်လည်း လူကောင်းကဲ့သို့ နေနိုင်ခြင်းစသည့် အချက်များကြောင့် မိမိလည်း ကူးစက်မခံရအောင်၊ အခြားသူများသို့လည်း ထပ်မံမကူးစက်ရအောင် ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ အချက်များကို မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည်။

ယခုကူးစက်ရောဂါဖြစ်ပွားနေမှု အခြေအနေသည် ပြင်ပတွင် သွားလာ လှုပ်ရှားနေကြသူများ အနက်မှ ရောဂါလက္ခဏာမပြသော ပိုးရှိသူတစ်ဦးဦးနှင့် သွားရင်းလာရင်း ထိတွေ့ ကူးစက်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ နေအိမ်များ၊ လမ်းများ၊ အများပြည်သူ ဝင်၊ ထွက်ဆေးကုသမှု ခံယူ နေကြသော ဆေးရုံများတွင် ကူးစက်ခံထားရသောလူများမှတစ်ဆင့် ရောဂါ ပိုးများမဝင် ရောက်လာအောင် အထူးသတိထားကာ တားဆီးကာကွယ်နေရမည် ဖြစ်သည်။ မိမိပတ်ဝန်းကျင်တွင် ကိုဗစ် ရောဂါပိုးရှိနေသည်ဟု သံသယ ရှိနေရမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၏ အခြေအနေသည် ကိုဗစ်နှင့် ပတ်သက်၍ ခန့်မှန်း၍မရသေး၊ ပြောဆို၍မရသေးသော အခြေအနေ ဖြစ်ရာ မိမိတို့ကိုယ်တိုင် တစ်ဦးချင်း၊ တစ်ဦးချင်း ကိုဗစ်ကူးစက် မခံရအောင်၊ သူတစ်ပါးကိုလည်း မကူးစက်အောင် ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်သည်။

သို့ဖြစ်ရာ အသက်အရွယ်ငယ်ရွယ်သူများအနေဖြင့် ကိုယ်ပိုင်အသိများဖြင့် ကိုဗစ်ကို ကာကွယ်နိုင်ကြ သည်ဖြစ်ရာ ကိုဗစ်ကို မကာကွယ်နိုင်သော၊ ကိုဗစ်ဒဏ်ကို မခံနိုင်သော မိမိတို့ မိဘဘိုးဘွားများအား ကိုဗစ်ကူးစက် ခြင်းမခံရအောင် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေးကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ