သက်သေများ စစ်မေးခြင်း

ဥပဒေအတွေးရေးပါရစေ အပိုင်း(၂၃၇)
 

ဦးဟန်ညွန့် (ဥပဒေ)

မောင်ပျင်းရိ၏ မေးခွန်း
“ ဆရာကြီးခင်ဗျာ၊ ပြီးခဲ့တဲ့အပတ်က မေးခွင့်မရသည့် မေးခွန်းများ အကြောင်း ဖတ်ရှုခဲ့ရပါတယ်။ ဒီတစ်ပတ်တော့ သက်သေများ စစ်မေးခြင်း အကြောင်း သိသင့်သမျှရေးပေးပါဦး ဆရာကြီး” ဟု အလုပ်သင်ရှေ့နေ မောင်ပျင်းရိက မေးမြန်းလာပါသည်။ ထို့ကြောင့် ဤစာကို ရေးပါသည်။


သက်သေခံအက်ဥပဒေ
မည်သူသည် သက်သေခံနိုင်ခြင်းအကြောင်းနှင့် စပ်လျဉ်း၍ သက်သေခံ အက်ဥပဒေပုဒ်မ ၁၁၈ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်-
လူအားလုံးသည် အသက်အရွယ် နုနယ်သဖြင့်လည်းကောင်း၊ အလွန် အိုမင်းသဖြင့်လည်းကောင်း၊ ကိုယ်ခန္ဓာရောဂါ၊ စိတ်ရောဂါကြောင့်သော် လည်းကောင်း သို့မဟုတ် အလားတူ အခြားအကြောင်းကြောင့်သော်လည်း ကောင်း မေးမြန်းသော မေးခွန်းများကို နားမလည်နိုင်ဟု သို့မဟုတ် မေးခွန်းများကို အကြောင်းနှင့်လျော်ညီစွာ ဖြေဆိုနိုင်ခြင်းမရှိဟု တရားရုံးက ထင်မြင်သည်မဟုတ်လျှင် သက်သေခံနိုင်သည်။


ရှင်းလင်းချက်
ရူးသွပ်သူသည် ရူးသွပ်ခြင်းကြောင့် ၎င်းအား မေးသောမေးခွန်းကို နားမလည်နိုင်ခြင်းနှင့် မေးခွန်းတို့ကို စဉ်းစားဆင်ခြင်နိုင်သော အဖြေကို ဖြေကြားခြင်း မပြုနိုင်လျှင် သက်သေခံနိုင်မည် မဟုတ်ပါ။


မှတ်စု
သက်သေခံအက်ဥပဒေပုဒ်မ ၁၁၈ အရ မည်သူမဆို သက်သေခံခွင့်ရှိသည်။ သို့ရာတွင် တစ်စုံတစ်ယောက်သောသူသည်-
(၁) အသက်အရွယ်နုနယ်သဖြင့်လည်းကောင်း
(၂) အလွန်အိုမင်းသဖြင့်လည်းကောင်း
(၃) ကိုယ်ခန္ဓာရောဂါစွဲကပ်သဖြင့်လည်းကောင်း
(၄) စိတ်ရောဂါစွဲကပ်သဖြင့်လည်းကောင်း
မေးခွန်းများကို နားမလည်နိုင်လျှင်ဖြစ်စေ၊ အကြောင်းနှင့် လျော်ညီစွာ ဖြေဆိုနိုင်ခြင်းမရှိလျှင်ဖြစ်စေ ထိုသူသည် သက်သေခံနိုင်ခွင့် မရှိချေ။
ရူးသွပ်သူသည် မေးခွန်းကို နားမလည်နိုင်လောက်အောင် သို့မဟုတ် အဖြေကို ကောင်းစွာဖြေကြားခြင်း မပြုနိုင်လောက်အောင် ရူးသွပ်မှသာလျှင် သက်သေအဖြစ် အစစ်မခံနိုင်။ ထိုသို့မဟုတ်လျှင် အစစ်ခံနိုင်သည်။


ကလေးသက်သေ
ကလေးသူငယ်များကို သက်သေအဖြစ် မစစ်ဆေးမီ တရားရုံးက မေးမြန်း သည့်မေးခွန်းများကို နားလည်နိုင်ခြင်း ရှိ မရှိနှင့် အကြောင်းနှင့် လျော်ညီစွာ ဖြေဆိုနိုင်ခြင်း ရှိ မရှိ ကို သိသာရန်အတွက် တရားရုံးမှ စမ်းသပ်မေးမြန်းရမည်။ ကလေးသည် တရားရုံးမှမေးမြန်းသော မေးခွန်းများကို နားလည်ကြောင်း အကြောင်းနှင့် လျော်ညီစွာ ဖြေဆိုနိုင်မည်ဖြစ်ကြောင်း ကျေနပ်မှသာ ယင်းကဲ့သို့ တွေ့ရှိကြောင်း အမှုတွဲတွင် မှတ်တမ်းတင်ပြီးမှသာ ကလေးကို သက်သေအဖြစ် လက်ခံစစ်ဆေးရမည်။


ယုံမှတ်လွယ်
အသက်အရွယ် နုနယ်သူ လူမမည်ကလေးများ၏ သက်သေခံချက်ကို အထူးသတိချပ်၍ ချိန်ဆဝေဖန်ရမည်။ အကြောင်းကား သက်ရွယ်နုနယ်သူ လူမမည်ကလေးများသည် လူမသမာများ၏ မဟုတ်မမှန် လုပ်ကြံသင်ကြား ပေးသည်ကို ယုံလွယ်မှတ်လွယ်သောကြောင့် ဖြစ်သည်။


မောင်ပျင်းရိသိသာရန်
မောင်ပျင်းရိသိသာရန်အချက်မှာ ရှေ့နေတစ်ဦးအနေနှင့် ကလေးသက်သေ တစ်ဦးကို စစ်ဆေးရသည်မှာ အလွန်ခက်ခဲကြောင်း နားလည်သိရှိစေလိုပါ သည်။ အသက်ငယ်ရွယ်လွန်းခြင်းကြောင့် တရားရုံးက ပဏာမမေးခွန်းများကို မေးပြီး စမ်းသပ်ရပါသည်။ စမ်းသပ်မေးခွန်းများဖြင့် ကလေးသူငယ်က နားလည်မှသာ သက်သေအဖြစ် ဆက်လက်စစ်ဆေးရပါသည်။
သက်သေတစ်ဦးသည် အသက်ပင်ငယ်ရွယ်သော်လည်း အသိဉာဏ်နှင့် ပြည့်စုံပြီး အမှုတွင် ပေါ်ပေါက်လျက်ရှိသော အမှုဖြစ်ခြင်းရာများအရ လိမ်လည် ထွက်ဆိုရန် အကြောင်းမရှိက ၎င်း၏ ထွက်ဆိုချက်ကို လက်မခံစရာအကြောင်း မရှိ။ သို့ရာတွင် အသက်အရွယ်နုနယ်သူ ကလေးသက်သေများသည် မသမာ သူတို့က လုပ်ကြံကာ သင်ကြားထားသည့်အတိုင်း ယုံလွယ်မှတ်လွယ်သော ကြောင့် ယင်းထွက်ချက်မျိုးကို သတိကြီးစွာဖြင့် လက်ခံရမည်ဖြစ်ပေသည်။


အသက်အရွယ်ကြီးရင့် အိုမင်းမစွမ်း သက်သေ
အသက်အရွယ်ကြီးရင့် အိုမင်းမစွမ်းသက်သေ၊ ကိုယ်စိတ်နှစ်ပါး တစ်ပါး ပါးတွင် ရောဂါစွဲကပ်နေသော သက်သေများသည်လည်း တရားရုံးက မေးမြန်း သော မေးခွန်းများကို အကြောင်းနှင့် လျော်ညီစွာ ဖြေဆိုနိုင်လျှင် သက်သေ ခံနိုင်သည်ဟူ၍ သက်သေခံအက်ဥပဒေပုဒ်မ ၁၁၈ ၌ပင် ပြဋ္ဌာန်းထားသည်။


ရူးသွပ်သက်သေ
ရူးသွပ်သူများသည်လည်း စိတ်ကောင်းနေစဉ်အခါ တရားရုံးက မေးမြန်း သောမေးခွန်းများကို အကြောင်းနှင့် လျော်ညီစွာ ဖြေဆိုနိုင်လျှင် သက်သေခံ နိုင်သည်။ သက်သေခံဥပဒေပုဒ်မ ၁၁၈ ၏ ရှင်းလင်းချက်တွင် ရူးသွပ်သူသည် ရူးသွပ်ခြင်းကြောင့် ၎င်းအားမေးသော မေးခွန်းကို နားမလည်နိုင်ခြင်းနှင့် မေးခွန်းများကို စဉ်းစားဆင်ခြင်၍ ဖြေဆိုနိုင်ခြင်း မပြုနိုင်သူမဟုတ်လျှင် သက်သေမခံနိုင်သည်မဟုတ်ပေဟူ၍ ဖော်ပြထားသည်။


ဆွံ့အ၊ နားမကြားသက်သေ
ဆွံ့အ၊ နားမကြားသူပင်ဖြစ်သော်လည်း သက်သေခံနိုင်သည်။ အဆိုပါ ပုဂ္ဂိုလ်များကို သက်သေခံစေလိုပါက တရားရုံးရှေ့သို့ ခေါ်ဆောင်လာ၍ စာရေးပြခြင်းအားဖြင့်ဖြစ်စေ၊ ၎င်းသူ နားလည်နိုင်သည့်အမူအရာ အရိပ် အမြွက်ပြုလုပ်ခြင်းအားဖြင့်ဖြစ်စေ တရားရုံးရှေ့တွင် မေးမြန်းရမည်။ ဖြေဆို နိုင်လျှင် သက်သေအဖြစ် လက်ခံစစ်ဆေးနိုင်သည်။ ထိုသို့ ဆွံ့အ၊ နားမကြား သူ၏ ထွက်ဆိုချက်ကို နှုတ်သက်သေခံချက်ဟု မှတ်ယူရမည်ဖြစ်ကြောင်း သက်သေခံအက်ဥပဒေပုဒ်မ ၁၁၉ တွင် ပြဋ္ဌာန်းထားသည်။


ဆွေမျိုးသက်သေ
သက်သေများသည် စွပ်စွဲသူနှင့် ဆွေမျိုးတော်စပ်သည့်အကြောင်း ကြောင့် သက်သေတို့၏ထွက်ချက်ကို လက်မခံရဆိုသော တားမြစ်သည့် ဥပဒေမရှိချေ။ သက်သေတစ်ဦးအား ယုံကြည်သင့် မယုံကြည်သင့်ဆိုသော ပြဿနာနှင့် ပတ်သက်၍ ထိုသက်သေသည် အမှုဖြစ်ပွားပုံကို တွေ့မြင်နိုင်ရန် အကြောင်းရှိ မရှိ၊ ၎င်း၏ ထွက်ဆိုချက်သည် အမှုဖြစ်အကြောင်းခြင်းရာ များနှင့် ဆီလျော်အပ်စပ်ခြင်းရှိ မရှိ ဆိုသည့် အချက်အလက်များအပေါ် မူတည်၍ အဆုံးအဖြတ်ပြုရမည်ဟူ၍ စီရင်ထုံးများက ညွှန်ပြဆုံးဖြတ် ထားသည်ကို လေ့လာနိုင်ပါသည်။


ရှေ့နေများ၏ တာဝန်
ရှေ့နေများသည် သက်သေစစ်မေးရာတွင် သက်သေခံအက်ဥပဒေကို အခြေခံထားသင့်ပါသည်။ ထို့ပြင် သက်သေ၏ အရည်အချင်း၊ အသက်အရွယ် စသည်တို့ကိုလည်း သတိပြုလေ့လာသင့်ပါသည်။ ထို့ပြင် တရားရုံး၏ စစ်မေးနေသော အမှု၏ သဘောသဘာဝကိုလည်း သိရှိသင့်ပါသည်။ သက်သေ၏ထွက်ဆိုချက်မှာ စစ်မေးနေသောအမှု၏ မည်သည့်အခန်း ကဏ္ဍနှင့် သက်ဆိုင်ပါသလဲ။ အမှုတစ်ခုလုံး ထိုသက်သေမထွက်ဆိုလျှင် ပျက်သွားမည်လား။ အမှုကို မည်သို့ အထောက်အကူပြုပါသလဲ။ သေချာစွာ ချိန်ဆဖို့ ဖြစ်ပါသည်။ သတိရှိဖို့ လိုပါသည်။


မလိုအပ်သော မေးခွန်းများ
မလိုအပ်သော မေးခွန်းများကို မေးနေခြင်းဖြင့် အချိန်မဖြုန်းသင့်ပါ။ ကြီးစွာ သတိထားရှိသင့်ပါသည်။ တစ်ဖက်က အကျိုးဆောင်(ရှေ့နေ)ကို လည်း လေးစားရာရောက်သည့်အပြင် အမှုစစ်ဆေးနေသော တရားသူကြီး ကိုပါ အလေးဂရုပြုရမည် ဖြစ်ပါသည်။ မိမိစစ်မေးနေသော သက်သေကို လည်း ညှဉ်းပန်းနှိပ်စက်သည့်သဘော၊ စိတ်ဆင်းရဲစေသည့်သဘောမျိုး မဖြစ်သင့်ပါ။ ဤသည်မှာ ရှေ့နေကြီးများ၏ ပင်မအဓိကတာဝန်ဖြစ်သည်ဟု ကျွန်တော်အကြံပြုပါသည်။


စေတနာ
မောင်ပျင်းရိမေးမြန်းသော “ သက်သေများ စစ်မေးခြင်း ” အကြောင်းကို သက်သေခံအက်ဥပဒေနှင့်အညီ တွေးခေါ်စဉ်းစားမိသော ကျွန်တော်၏ စေတနာ ဥပဒေအတွေးမျှသာပါ ...။ ။