သမ္မတသစ် ဘိုင်ဒင်က သမ္မတဟောင်း ထရမ့်၏ မူဝါဒများကို ပယ်ဖျက်မည့်အမိန့်များ ထုတ်ပြန်

ဝါရှင်တန် ၂၂ ဇန်နဝါရီ 

အမေရိကန်သမ္မသစ်ဖြစ်လာသူ ဘိုင်ဒင်သည် ၎င်းတာဝန် ထမ်းဆောင်သည့် ပထမရက်မှာပင် သမ္မတဟောင်း ထရမ့် ၏ အဓိကမူဝါဒအချို့ကို ပယ်ဖျက်မည့် အမိန့်များကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ ၄၆ ဦးမြောက် သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နာရီပိုင်းအကြာမှာပင် ဘိုင်ဒင် က ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန်ရေးနှင့် အခြားအမိန့်ပေါင်း ၁၅ ခုကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ 

ဘိုင်ဒင်လက်မှတ်ရေးထိုးခဲ့သည့် အမိန့်များ

သမ္မတ ဘိုင်ဒင် ထုတ်ပြန်ခဲ့သည့် အမိန့်များတွင် ပြည်ထောင်စုအစိုးရအောက်ရှိ နယ်မြေများတွင် နှာခေါင်း စည်းဝတ်ဆင်ခြင်းနှင့် ခပ်ခွာခွာနေရေးတို့ကို မဖြစ်မနေ လိုက်နာရမည့် စည်းမျဉ်းများအဖြစ် သတ်မှတ်ခြင်းလည်း ပါဝင်ခဲ့သည်။ ယင်းအပြင် သမ္မတထရမ့် ဆုံးဖြတ်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်မှုကို ပြန်လည်ပယ်ဖျက် ခြင်းနှင့် ပါရီသဘောတူညီချက်တွင် အမေရိကန်နိုင်ငံ ပြန်လည်ဝင်ရောက်ရေး ကိစ္စရပ်များကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင် အမေရိကန်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကန့်ကွက်နေ ခဲ့သည့် Keystone XL Pipeline ရေနံပိုက်လိုင်း စီမံကိန်း ကိုလည်း သမ္မတအခွင့်အာဏာဖြင့် ရုပ်သိမ်းခဲ့ခြင်းလည်း ပါဝင်ခဲ့သည်။ သို့ရာတွင် အဆိုပါ ကိစ္စရပ်အတွက် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒေါနှင့် သမ္မတ ဘိုင်ဒင်တို့ ဇန်နဝါရီ ၂၂ ရက်တွင် ဖုန်းဖြင့် တိုက်ရိုက်ဆွေးနွေးမည် ဖြစ်ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအကြီးအကဲ ဂျန်ပက်စကီက အတည်ပြုခဲ့သည်။

ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး လမ်းပြမြေပုံ

ဘိုင်ဒင်သည် ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးအတွက် အမျိုးသားမဟာဗျူဟာတစ်ရပ်ကို ချပြခဲ့ပြီး ယင်းအတွက် အမိန့်နှင့် လမ်းညွှန်ချက် ၁၀ ရပ်ကိုပါ လက်မှတ်ရေးထိုးခဲ့ ကြောင်းလည်း သိရသည်။ အဆိုပါ လမ်းပြမြေပုံအရ ကိုဗစ်-၁၉ စည်းမျဉ်းများအားလုံးသည် ပြည်ထောင်စုအစိုးရ လက်အောက်ရှိ နယ်မြေများအားလုံးတွင် အကျုံးဝင်မည်ဖြစ် ပြီး တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ထိန်းချုပ်ရေး အစီအမံများ မှာ တစ်သမတ်တည်းဖြစ်လာတော့မည်ဖြစ်သည်။ ယင်းချဉ်းကပ်မှုသည် ယခင်သမ္မတထရမ့်လက်ထက် ပြည်နယ်တစ်ခုချင်းစီ အလိုက် မိမိတို့ကိုယ်ပိုင်နည်းလမ်းဖြင့် တုံ့ပြန်ခဲ့မှုများနှင့် ခြားနားမည်ဖြစ်သည်။ 

၂၄ နာရီမပြည့်မီ ထုတ်ပြန်ချက် ၁၅ ခုဖြင့် စံချိန်တင်

ဘိုင်ဒင်သည် သမ္မတသက်တမ်း ၂၄နာရီ မပြည့်မီမှာ ပင် အမိန့် ၁၅ ခု ထုတ်ပြန်ခဲ့သဖြင့် ယခင် အမေရိကန်သမ္မတ အဆက်ဆက် ထရမ့်(ရှစ်ခု)၊ အိုဘားမား(ကိုးခု)၊ ဂျော့ဂျ်ဘုရှ် (နှစ်ခု)၊ ကလင်တန်(သုံးခု)တို့ နှစ်ပတ်အတွင်း ထုတ်ပြန်ခဲ့ သည့် အမိန့်အရေအတွက်ထက် သိသိသာသာများနေခဲ့သည်။ 

ကျမ်းသစ္စာကျိန်ဆိုခြင်း 

ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းအချိန်တွင် တရားရုံးချုပ် တရားသူကြီး ဂျွန်ရောဘတ်က မစ္စတာဘိုင်ဒင်ကို အမေရိ ကန်နိုင်ငံ၏ ၄၆ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို မှုကို ဆောင်ရွက်ပေးခဲ့သည်။ ဘိုင်ဒင် ကျမ်းသစ္စာမကျိန်ဆိုမီ တွဲဖက်တရားသူကြီးချုပ် မေယာက ကမ်မလာဟားရစ်အား ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပေးခဲ့သည်။ 

ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဘိုင်ဒင်က အားလုံးစည်းလုံးညီညွတ်ကြရန် နှင့် အမေရိကန်ပြည်သူအားလုံးအတွက် သမ္မတ ဖြစ်စေရ မည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ 

အခမ်းအနားသို့ သမ္မတဟောင်းများဖြစ်သည့် ဘီလ်ကလင်တန်၊ ဂျော့ဂျ်ဒဗလျူဘုရှ်နှင့် အိုဘားမားတို့ တက်ရောက်ခဲ့ပြီး ဒုတိယသမ္မတ မိုက်ပန့်စ်လည်း တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ဇန်နဝါရီ ၆ ရက်က ဖြစ်ပွား ခဲ့သည့် လွှတ်တော်စီးနင်းမှုဖြစ်စဉ်ကြောင့် လုံခြုံရေးတင်း ကျပ်စွာ ချမှတ်ထားပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဧည့်သည်အနည်းငယ်ကိုသာ ဖိတ်ကြားခဲ့ရာ ယခင်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲများကဲ့သို့ ပရိသတ်များစွာ စုရုံးရောက် ရှိခဲ့သည့် မြင်ကွင်းမျိုးမမြင်တွေ့ခဲ့ရပေ။

အခမ်းအနားတွင် လေဒီဂါဂါက နိုင်ငံတော်သီချင်းကို သီဆိုပေးခဲ့ပြီး ဂျနီဖာလိုပက်ဇ်နှင့် ဂါရတ်ဘရွတ်တို့ကလည်း လာရောက်သီဆိုဖျော်ဖြေပေးခဲ့သည်။ အသက် ၂၂ နှစ်အရွယ် ကဗျာဆရာမဖြစ်သူ အမန်ဒါဂေါ်မန်းကလည်း သူစပ်ဆို ထားသည့် “The Hill We Climb” ကဗျာကို ရွတ်ဆိုဂုဏ်ပြုခဲ့ သည်။

အခမ်းအနားအပြီးတွင် သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဇနီး ဂျေးဘိုင်ဒင်၊ ဒုတိယသမ္မတ ကမ်မလာဟားရစ်နှင့် ခင်ပွန်း အမ်းဟော့ဖ်တို့သည် ပန်ဆယ်ဗေးနီးယားရိပ်သာမှ အိမ်ဖြူ တော်သို့ ခြေကျင်လျှောက်၍ ဧည့်ပရိသတ်များကို နှုတ်ဆက် ခဲ့သည်။ 

သမ္မတဘိုင်ဒင် ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် လာရောက်သီဆိုဖျော်ဖြေမှုအားလုံးတို့သည် “ စုစည်းမှု” နှင့် “ညီညွတ်စွာ” နေထိုင်ရေးတို့ကိုသာ အဓိကထားကာ ဖော်ပြခဲ့ကြသည်။ 

အမေရိကန်ပြန်လာပြီ

ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များက ဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုခြင်းအပေါ် ဂုဏ်ပြုစကားများ အသီးသီး ဆိုခဲ့ပြီး ဘိုင်ဒင် သမ္မတဖြစ်လာခြင်းကို “အမေရိကန် ပြန်လာပြီ”ဟူသော စကားရပ်အပါအဝင် သမ္မတ ဘိုင်ဒင် နှင့် လက်တွဲပူးပေါင်းပြီး ဆောင်ရွက်လိုပါကြောင်း အသီးသီး ပြောကြားခဲ့ကြသည်။ 

ကိုးကား-ဘီဘီစီ၊ ဘာသာပြန်-မေလဲ့သင်း