သထုံငါးပေါင်းထုပ်နှင့် ထမင်းဝါ

မိမိတို့ငယ်စဉ်အခါက မီးရထားနှင့်ခရီးသွားပြီဆိုလျှင် ဘူတာစဉ်တစ်လျှောက်၌ အရပ်ဒေသအလိုက် နာမည်ကြီး လူကြိုက်များသော ဟင်းလျာနှင့် သရေစာများရှိသည်။ လက်ပံတန်းဘူတာဆိုလျှင် စာကလေး၊ ဂျိုး(ချိုး)ကြော်၊ ဆီထမင်း၊ ဒိုက်ဦးဖရဲသီး၊ အောင်ပန်းလိမ္မော်၊ ညောင်လေးပင် ငါးချဉ် စသည်တို့ ဖြစ်သည်။ ထို့နည်းတူ နှင်းပုလဲဘူတာ၌ ရောင်းချသည့် ထမင်းပေါင်း(ခေါ်) ဖက်ထမင်းထုပ်သည် ယခုတိုင် နာမည်ရှိသေးသည်။

 

သထုံဘူတာဆိုလျှင်ကား ငါးပေါင်းထုပ် ဖြစ်သည်။ ထိုစဉ်အခါက ငါးရံ့ကြီးကြီးကို အကွင်းကွင်းကာ ဆန်လှော် မှုန့်၊ မျှစ်တို့နှင့်ရောပြီး ရဲယိုရွက်နှင့် ထုပ်ထားသော ငါးပေါင်း ထုပ်ဖြစ်သည်။ ဟင်းထုပ်၊ ငါးပေါင်းထုပ် စသည်တို့သည် သူ့ဒေသအလျောက် ရိုးရာအစားအစာအဖြစ်ရှိကြသော်လည်း တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို သူ့နည်းသူ့ဟန်နှင့် ကောင်းကြသည်ချည်း ဖြစ်သည်။

 

သထုံငါးပေါင်းထုပ်ကို ယခုအခါ၌ ငါးရံ့သာမက ငါးကြင်းနှင့် ထုပ်ကြသလို ပုစွန်နှင့်လည်း ထုပ်ကြသည်။ သထုံငါးပေါင်းထုပ် ထုပ်မည်ဆိုပါက ငါးရံ့(သို့မဟုတ်) သင့်လျော်သည့်ငါးကို ခပ်ရွယ်ရွယ်တုံးကာ ရေဆေးသန့်စင် ပြီး ဆား၊ နနွင်းနယ်ထားပါ။ ဆန်လှော်မှုန့်ကို ရေပျစ်ပျစ် ဖျော်ကာ ငရုတ်သီး၊ ကြက်သွန်ဖြူနီကို ထောင်းထားပါ။ ရဲယိုရွက်မနုမရင့်ကို ရေဆေးပြီးစစ်ထားပါ။

 

အားလုံးအသင့်ဖြစ်က ရဲယိုရွက်ကိုဆီသုတ်ကာ ငါးတစ်ကွင်းနှင့် ဆန်မှုန့်၊ မျှစ် သင့်ရုံနှင့် ငရုတ်၊ ကြက်သွန် ထောင်းပြီးသားအရောထည့်ကာ အထုပ်ထုပ်ပါ။ ယင်းရဲယို ရွက်ထုပ်အပေါ်မှ ငှက်ပျောဖက် တစ်ထပ်ခံကာ မုန့်ဖက် ထုပ်ထုပ်သကဲ့သို့ ထုပ်ရပါမည်။ ပြီးက ပေါင်းအိုးတွင် ထည့်ကာ မိနစ် ၂၀ မှ ၃၀ အကြာ ပေါင်းလျှင် ပူပူနွေးနွေး ရဲယိုရွက်နံ့မွှေးမွှေး သထုံငါးပေါင်းထုပ်ရပါပြီ။

 

သထုံဘက်၌ ငါးပေါင်းထုပ်ကို သူ့ချည်းသက်သက် သရေစာကဲ့သို့စားကြသလို ထမင်းဝါနှင့်လည်း တွဲဖက် စားသုံးသည်။ ထမင်းဝါဆိုသည်မှာ ထမင်းကို ပျော့ပျော့ချက်ကာ နနွင်းကဲထားသည့် ကြက်သွန်ဖြူဆီချက်နှင့်ရောနယ်ပြီး လုံးထားသည့် အဝါရောင်ထမင်းလုံးလေးများ ဖြစ်သည်။ သထုံဈေးအတွင်းရှိ မုန့်ဟင်းခါးဆိုင်များ၌ ထမင်းဝါလုံးလေးများတွေ့ရပြီး ဓလေ့အရ မုန့်ဟင်းခါးနှင့် ရောစားကြခြင်း ဖြစ်ပါသည်။

 

ယခု ဖော်ပြသည့် သထုံငါးပေါင်းထုပ်နှင့် ထမင်းဝါကို သထုံမြို့ သုဝဏ္ဏဘုံမိဟိုတယ်မှ စီစဉ်ပေးထားခြင်းဖြစ်ကြောင်းပါဗျာ။

 

စံလွင်(ငါးဦးစီး)