Strategy First University နှင့် တယ်လီနောမြန်မာတို့ ပူးပေါင်းပြီး ပထမဦးဆုံးအခမဲ့ တယ်လီကွန်း-ပညာရေး ဝန်ဆောင်မှုကို ယနေ့ စတင်မိတ်ဆက်

ရန်ကုန်  ၂၄  ဇွန် 

Strategy First University နှင့်တယ်လီနောမြန်မာတို့ ပူးပေါင်းပြီး ပထမဦးဆုံးအခမဲ့ တယ်လီကွန်း-ပညာရေးဝန်ဆောင်မှုကို ယနေ့ စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

ထိုအစီအစဉ်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျွမ်းကျင်ဝန်ထမ်းများအတွက် စီးပွားရေးစီမံခန့်ခွဲမှု သင်ခန်းစာများအပြင် ကျောင်းသား လူငယ်များအတွက် အခြေခံပညာရေး အကြောင်းအရာများလည်း  ပါဝင်မည်ဖြစ်သည်။

 

“MyTelenor အက်ပလီကေးရှင်းကနေတစ်ဆင့် မိတ်ဆက်လိုက်တဲ့ Telenor Classroom ဝန်ဆောင်မှုဟာဆိုရင် သုံးစွဲသူတွေအနေနဲ့ အလားအလာတွေအတွက် ပြင်ဆင်ရင်း တိုးတက်မှုအတွက် Telenor Classroom ကို အကောင်းဆုံး အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ တယ်လီနောမှာလည်း ရာထူးအဆင့်အားလုံးက ဝန်ထမ်းတွေကို တစ်နှစ်တာအတွင်း အွန်လိုင်းကနေ လေ့လာမှု နာရီ ၄၀ ထက်မနည်းရှိစေဖို့ တိုက်တွန်းလာခဲ့တာ နှစ်များစွာ ရှိနေပါပြီ။  ဒီပူးပေါင်းမှုက မြန်မာနိုင်ငံမှာရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ ဆန်းသစ်ဖန်တီးမှုတွေကို လှုံ့ဆော်အားပေးတဲ့ အရာတစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်” ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် Jon Omund Revhaug မှ ပြောကြားခဲ့သည်။
  

 

Telenor Classroom မှ သီးသန့် မိတ်ဆက်သင်ခန်းစာများသည် လုပ်ငန်းခွင်မှ ဝန်ထမ်းများ၊ အခြေခံကျောင်းသား လူငယ်များအကြား အခမဲ့လေ့လာနိုင်သည်။ သင်ခန်းစာများကို ဇွန်လ ၂၄ ရက်နေ့မှ စတင်၍ MyTelenor အက်ပလီကေးရှင်းတွင် အခမဲ့လေ့လာနိုင်မည်ဖြစ်ပြီး ဒေတာအသုံးပြုခသာ ကျသင့်မည်ဖြစ်သည်။

 

Strategy First University ၏ တည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ ဦးအောင်ချစ်ခင်မှ "MyTelenor အက်ပလီ ကေးရှင်း ပလက်ဖောင်းကနေ အခုလို အသုံးပြုလို့ရတယ်ဆိုတာ တကယ့်ကိုကောင်းတဲ့ အခွင့်အရေးတစ်ခုပါ။ ပြောရမယ်ဆိုရင်တော့ လေ့လာဆည်းပူးရေးဆိုတာ ကိုယ့်ရဲ့ အိတ်ကပ်ထဲမှာ ကိုယ်နဲ့ အမြဲတူတူရှိနေသလိုမျိုးပေါ့။ လူတွေက မိုဘိုင်းဖုန်းတွေကို ပိုမိုအသုံးပြုကြလာတာနဲ့အမျှ လေ့လာတဲ့ ပုံစံ၊ ဗဟုသုတ ရှာဖွေတဲ့ ပုံစံတွေ လည်း ပြောင်းလဲလာကြပါတယ်။ အထူးသဖြင့် အခုလို အချိန်မျိုးမှာ ပညာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အခွင့်အလမ်းတွေကို ဒစ်ဂျစ်တယ် ချန်နယ်တွေကနေတစ်ဆင့် ပံ့ပိုးပေးနိုင်ဖို့ဆိုတာ တကယ်ကို အရေးကြီးပါတယ်" ဟု ပြောကြားသည်။ 

 

သင်ခန်းစာများကို မည်သည့်နေရာမှမဆို အလွယ်တကူလေ့လာနိုင်မည်ဖြစ်ပြီး တယ်လီနောသုံးစွဲသူများအနေဖြင့် MyTelenor အက်ပလီကေးရှင်းတွင် စာရင်းပေးသွင်းရုံဖြင့် Telenor Classroom မှ သင်ခန်းစာများကို ကိုယ်နှင့်မကွာ လေ့လာနိုင်မည်ဖြစ်သည်။


လုပ်ငန်းခွင် လက်တွေ့အသုံးချဘာသာရပ်များသည် မိမိ၏ ကျွမ်းကျင်မှု အဆင့်မြှင့်တင်ရန် စိတ်ဝင်စားကြသော ဝန်ထမ်းများအတွက် ရည်ရွယ်သည်။ လက်ရှိအချိန်တွင် ဘာသာရပ် မိတ်ဆက်သင်ခန်းစာ ၉ ခုကို စတင်လေ့လာနိုင်ပြီဖြစ်သည်။ ပထမတန်းမှ ဒသမတန်းအထိ ကျောင်းသား၊ ကျောင်းသူများအတွက်လည်း အင်္ဂလိပ်ဘာသာစကားနှင့် ကျောင်းသင်ရိုးညွှန်းတမ်းကို လေ့လာနိုင်ရန် Waso Learn အမည်ရှိ အွန်လိုင်းစာသင်ခန်းကိုလည်း MyTelenor အက်ပလီကေးရှင်းတွင် ဝင်ရောက် လေ့လာနိုင်မည်ဖြစ်သည်။


မေသက်ထား