သတ်မှတ်ကုန်တင်တန်ချိန်ထက် ကျော်လွန်၍ တင်ဆောင်မောင်းနှင်သည့် မော်တော်ယာဉ်များကို လမ်းမကြီးများ ဥပဒေအရ အရေးယူဆောင်ရွက်

မံစီ ၁ ဒီဇင်ဘာ 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ဆိုင်ဝမ်ကထောင်ကျေးရွာ၌ တပ်ဆင်ဆောင်ရွက်ထားသည့် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge)တွင် လမ်းမကြီးပေါ် သတ်မှတ်ကုန်တင်တန်ချိန်ထက်ကျော်လွန်၍ တင်ဆောင် မောင်းနှင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များကို နိုဝင်ဘာ ၂၅ ရက်ကစတင်ပြီး မြို့နယ် လမ်းဦးစီးဌာနမှ လမ်းမကြီးများဥပဒေအရ အရေးယူဆောင်ရွက် လျက်ရှိနေကြောင်း  သိရသည်။

 

လုပ်ငန်းများဆောင်ရွက်ရာသို့ ယနေ့ နံနက် ၉ နာရီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကိုကို၊ ခရိုင်လမ်းဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ထွန်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် တာဝန်ရှိသူများလာရောက်ကြည့်ရှုခဲ့ကြပြီး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

 

လမ်းမကြီးများဥပဒေ အခန်း(၅) ပြစ်မှုနှင့် ပြစ်ဒဏ် ပုဒ်မ(၈) ပုဒ်မခွဲ(ခ)အရ အရေးယူဆောင်ရွက် လျက်ရှိနေပြီး ထောင်ဒဏ် (၆)လအထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံးကျပ် ငါးသောင်းမှ အများဆုံး ကျပ်ငါးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ တန်ပိုယာဉ်များ ဖြတ်သန်းသွားလာခြင်း မပြုရန်အတွက် ပညာပေး ကာလအဖြစ် နိုဝင်ဘာ ၁၁ ရက်မှ ၂၄ ရက်အထိ  အသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge) ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ၇၉ ဒသမ ၆၀၀ ဖြင့် စက်တင်ဘာ ၉ ရက်က စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

ရိန်(ပြန်/ဆက်)