ထိုင်းနိုင်ငံက အက်စထရာဇန်နီကာ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၂၆ သန်း ဝယ်ယူ

ဗန်ကောက်  ၂၈ နိုဝင်ဘာ

 

အောက်စဖို့တက္ကသိုလ်ကစမ်းသပ်နေသည့် အလားအလာကောင်းသော ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂၆ သန်း ဝယ်ယူရန် ထိုင်းနိုင်ငံက ဗြိတိန်ဆေးဝါးကုမ္ပဏီ AstraZeneca Plc နှင့် ယမန်နေ့က သဘောတူညီချက် တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။

           

ယခုသဘောတူညီချက်က ထိုင်းနိုင်ငံအတွက် ပထမဆုံး ကိုဗစ်ကာကွယ်ဆေး ဝယ်ယူမှုဖြစ်လာသည်။ သဘောတူညီချက်အရ လာမည့်နှစ်လယ်မတိုင်မီ အသုံးပြုရန် အတည်ပြုနိုင်သည့် ဘတ်ငွေ ၆ ဘီလီယံ (ဒေါ်လာ ၁၉၈ သန်း) တန်ကြေးရှိ ကိုဗစ်ကာကွယ်ဆေးများ ကြိုတင်မှာယူခြင်းဖြစ်သည်။

           

“ထိုင်းနိုင်ငံက သာမန်အခြေအနေနဲ့ အရေးပေါ်အခြေအနေအတွင်း ကိုဗစ်ကာကွယ်ဆေး အလုံအလောက်ရရှိမှာဖြစ်ပါတယ်” ဟု အမျိုးသားကာကွယ်ဆေးအင်စတီကျု့နှင့် AstraZeneca တို့ကြား လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောသည်။

           

ပြီးခဲ့သည့်လအတွင်း ထိုင်းအစိုးရက ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိသည်ဆိုသော ဗိုင်းရပ်စ်ကာကွယ်ဆေးများ ပြည်တွင်း၌ထုတ်လုပ်ရန် AstraZeneca၊ အောက်စဖို့ဒ်တက္ကသိုလ်တို့နှင့် လက်မှတ် ရေးထိုးခဲ့သည်။

           

ယခုဗိုင်းရပ်စ်ကာကွယ်ဆေးက အခြား ကိုဗစ်ကာကွယ်ဆေးများထက် စျေးပိုသက်သာပြီး ၂ ဒီဂရီဆဲစီး ယပ်စ်မှ ၈ ဒီဂရီဆဲစီးယပ်စ်အတွင်း သိုလှောင်နိုင်ကာ တစ်နိုင်ငံလုံး၌ လွယ်ကူစွာ ဖြန့်ဖြူးနိုင်ကြောင်း ထုတ်ပြန် ချက်တစ်ခုအတွင်း ပရာယွပ်က ပြောသည်။

           

ဗိုင်းရပ်စ်ဘေးသင့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ထိုင်းနိုင်ငံက မျှော်လင့်နေသည်။ ဗိုင်းရပ်စ် ကာကွယ်ဆေး အမြန်ရရှိပြီး ခရီးသွားများကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ပါက စီးပွားရေးပြန်လည်တည်ဆောက်မှုကို စတင်နိုင်မည်ဟု ၄င်းက ဆိုသည်။

           

ယခုအပတ်အစောပိုင်းတွင် ထိုင်းအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာ အရေးပေါ်အခြေအနေကို ဒီဇင်ဘာလ ၁ ရက်မှ ဇန်နဝါရီလ ၁၅ ရက်အထိ နောက်ထပ် ၄၅ ရက် သက်တမ်းတိုးခဲ့သည်။ ထိုင်းနိုင်ငံ၌ ကိုဗစ် အတည်ပြုကူးစက်မှု ၃၉၆၁ မှုနှင့် သေဆုံးသူ ၆၀ ဦးရှိသည်။

 

ကိုးကား--Kyodo News