ထိုင်းနိုင်ငံ၌ ဆန္ဒထုတ်ဖော်မှုများအပေါ် ဆွေးနွေးညှိနှိုင်းရန် ကော်မတီတစ်ရပ် ဖွဲ့စည်းမည်

ဗန်ကောက် ၂၉ အောက်တိုဘာ

 

ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ဆန္ဒထုတ်ဖော်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းရန်လိုအပ်ကြောင်း ထိုင်းအာဏာရပါတီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

 

အဆိုပါကော်မတီတွင် ဥပဒေပြု အမတ်များနှင့် ဆန္ဒထုတ်ဖော်သူများ ပါဝင်မည်ဖြစ်သည်။

 

ကော်မတီဖွဲ့စည်းရန် အဆိုပြုချက်ကို အောက်တိုဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပပြုလုပ်သည့် ပါလီမန် အစည်းအဝေး၌ ထိုင်းအာဏာရပါတီက တင်သွင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပါလီမန်အစည်းအဝေးကို နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ဆန္ဒထုတ်ဖော်မှုများ အဆုံးသတ်စေရေးအတွက် အဓိကထား ကျင်းပခဲ့ခြင်းဖြစ်သည်။

 

အစိုးရဆန့်ကျင် ဆန္ဒထုတ်ဖော်သူများသည် လမ်းမများပေါ်၌ ဆန္ဒထုတ်ဖော်မှုများ နေ့စဉ် ပြုလုပ်လျက်ရှိသည်။ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအား ရာထူးမှ နုတ်ထွက်ပေးရန်နှင့် စည်းမျဉ်းခံဘုရင်စနစ်ကို ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုလျက်ရှိကြသည်။

 

နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် ဆန္ဒထုတ်ဖော်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းရန် ကော်မတီတစ်ရပ် ဖွဲ့စည်းရေးအတွက် သဘောတူပါကြောင်း ဝန်ကြီးချုပ် ချန်အိုချာက ပါလီမန်အစည်းအဝေး၌ ပြောကြားခဲ့သည်။

 

ထို့ပြင် လာမည့်လအတွင်း ကျင်းပမည့် ပါလီမန်အစည်းအဝေး၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်းပြီး အဆိုပြုတင်သွင်းမည်ဖြစ်ကြောင်း နှင့် အဆိုပါကိစ္စရပ်အပေါ် လူထုဆန္ဒ ခံယူပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ချန်အိုချာက ဆက်လက် ပြောကြားခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းသည် ဆန္ဒထုတ်ဖော်သူများ၏ တောင်းဆိုမှုများအနက် တစ်ခုအပါအဝင်ဖြစ်သည်။

 

ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုမှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ချန်အိုချာက လက်ရှိအချိန်တွင် နိုင်ငံအတွင်း၌ တည်ငြိမ်အေးချမ်းမှု မရှိသေးသည့်အတွက် ရာထူးမှ နုတ်ထွက်ရေးကို စဉ်းစားမည် မဟုတ်ကြောင်းနှင့် နိုင်ငံအတွင်း ပဋိပက္ခများ ရင်ဆိုင်နေရချိန်တွင် နိုင်ငံကို စွန့်ခွာသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

 

စည်းမျဉ်းခံဘုရင်စနစ်ကို ပြန်လည် ပြင်ဆင်ပေးရန် တောင်းဆိုမှုနှင့် ပတ်သက်ပြီး ဂျာမနီနိုင်ငံခြားရေး ဝန်ကြီး ဟီကိုမက်စ်က ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းသည် ၎င်းတို့ နိုင်ငံတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပါကြောင်းနှင့် ဂျာမနီနိုင်ငံအနေဖြင့် ဘုရင်လောင်ကွန်း၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ထောက်လှမ်း လျက်ရှိပါကြောင်း အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

 

ဘုရင်လောင်ကွန်း၏ လုပ်ဆောင်ချက်များသည် ဥပဒေနှင့်ညီညွတ်မှု မရှိပါက နောက်ဆက်တွဲပြဿနာများ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟီကို မက်စ်က ဆက်လက်ပြောကြားခဲ့သည်။

 

ဆန္ဒထုတ်ဖော်သူများက ဂျာမနီ အစိုးရထံသို့ အသနားခံစာတင်သွင်းရန် ထိုင်းနိုင်ငံရှိ ဂျာမနီသံရုံးသို့ ဆန္ဒထုတ်ဖော် ချီတက်ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်သူများက ဘုရင်လောင်ကွန်း၏ လုပ်ဆောင်ချက်များကို ဂျာမနီအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ် စေချင်ကြသည်။ သို့သော် ဘုရင်လောင်ကွန်းသည် ဘုရင်တစ်ပါးအနေဖြင့် ဂျာမနီနိုင်ငံ၌ လာရောက်နေထိုင်သည့်အတွက် သာမန်ပြည်သူတစ်ဦးကဲ့သို့ဆက်ဆံရန် မသင့်လျှော်ပါကြောင်း ဂျာမနီအစိုးရက ပြောကြားခဲ့သည်။

 

ကိုးကား- အင်န်အိတ်ခ်ျကေ

ဘာသာပြန်- အောင်ကျော်ကျော်